လွိုင်လင် – မိုင်းပွန် ကုန်သွယ်ရေးလမ်းမ မြေပြိုမှု အခြေအနေ မကောင်းသေး

စက်တင်ဘာ ၂၄၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် တောင်ပိုင်း၊ အာရှ လမ်းမရဲ့ လမ်းပိုင်း ဖြစ်တဲ့ လွိုင်လင် – မိုင်းပွန်ကြား ကုန်သွယ်ရာ လမ်းမဟာ ရေကြီး မြေပြိုမှုကြောင့် အခြေအနေ မကောင်းသေးကြောင်း ‌ဒေသခံတွေနဲ့ ကုန်တင် ယာဉ်မောင်းတွေဆီက သိရပါတယ်။
“အခုက လမ်း မြေပြိုထားတဲ့ နေရာတွေကို ပရဟိတ နဲ့ မီးသတ်တပ်ဖွဲ့ ရှင်းလင်း ဖယ်ထုတ်ထားတယ်။ ဒါပေမယ့် စိတ်မချရဘူး။ တောင် အပေါ်ဘက်က မြေတွေ ထပ်ပြိုလာနိုင်တယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မိုးမရွာရင်တောင် တောင်ရဲ့ ဘေးတွေမှာ မြေသားတွေက ပွ နေပြီး မြေတွေ ထပ်ပြိုကျနိုင်သလို မိုးရွာရင် မြေ ထပ်ပြိုလာမယ့် အခြေအနေလဲရှိနေတာကြောင့် ပို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
“ကားလမ်း အပေါ် အောက် မြေတွေအိနေတဲ့ နေရာတွေ ရှိနေတယ်။ လမ်းပြင်တာတော့ ဟုတ်တယ်။ ဒါပေမယ့် ရုတ်တရက် မြေပြိုလာနိုင်တယ်။ အရမ်း အန္တရာယ်များ နေသေးတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့ကစ လွိုင်လင် နဲ့ မိုင်းပွန်ကြား ယာယီလမ်း ပြန်လည် ဖွင့်လှစ်ပေးထားတယ်လို့ ကုန်သည် တယောက်ကလည်း ပြောပါတယ်။
“ရှမ်းအရှေ့ လမ်းပိုင်း ဖြစ်တဲ့ လွိုင်လင် – မိုင်းပွန်ကြား အာရှလမ်းမ အခြေအနေ ဆိုးနေတယ်။ ယာဉ်မောင်းတွေ ဂရုတစိုက် သွားလာကြဖို့လိုမယ်” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
ရှမ်းရှေ့ တာချီလိတ်ကနေ ရှမ်းတောင် တောင်ကြီးကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေး လမ်းမကြီး အာရှလမ်းရဲ့ လမ်းပိုင်းဖြစ်တဲ့ မိုင်းပွန်နဲ့ လွိုင်လင်ကြား ကားလမ်းမဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ရေတွေ အရမ်းကြီးတော့ တောင်ပြို၊ လမ်းပျက် ပြီး တခြားလမ်းကနေ ပတ်သွားလို့ ရပေမယ့် ကုန်ကျစရိတ်က ပုံမှန်ထက် အများကြီးပိုကုန်သွားတာ‌ကြောင့် နောက်ဆုံး စားသုံးသူပဲ ကျခံသွားရတယ်လို့ သူက ရှင်းပြပါတယ်။
လွိုင်လင် – မိုင်းပွန် လမ်းကတော့ မြန်မာ နိုင်ငံ အလယ်ပိုင်း နဲ့ ချိတ်ဆက်ထားတဲ့ လမ်း ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်း နဲ့ တောင်ပိုင်း ‌တွေဘက်က အဓိက ကုန်သွယ်ရာ လမ်းမကနေ သွားမယ်ဆိုရင် အဲဒီ လွိုင်လင် – မိုင်းပွန် လမ်းပိုင်းကို ဖြတ်ကို ဖြတ်ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရေကြီး မြေပြို မှုကြောင့် လမ်းမ ကြီးပါ ပျောက်သွားတဲ့ နေရာတွေရှိသလို မြေပြို လမ်းပိတ် သွားတာကြောင့် ကုန်တင်ကား ရာချီ ပိတ်မိနေဆဲ ဖြစ်ပြီး ပိတ်မိသောင်တင် နေတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အစားအသောက် ပြတ်လပ်လာကာ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
Photo Crd# ယာဉ်မောင်းများ

Related posts

Leave a Comment

VOM News

FREE
VIEW