ဆောမြို့နယ်မှာ ရေကြီးမှုကြောင့် စစ်ရှောင်စခန်းတချို့ ရေမြုပ်နေပြီး အသက်ဆုံးရှုံးမှုတွေ ရှိနေ

စက်တင်ဘာ ၂၇ – ၂၀၂၄
SN (VOM)
မကွေးတိုင်း၊ ဆောမြို့နယ်မှာ ရေကြီးမှုကြောင့် စစ်ရှောင်စခန်းတချို့ ရေမြုပ်နေပြီး အသက်ဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ ‌စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
ဆောမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ စီးဆင်းလာတဲ့အတွက် စက်တင်ဘာ ၂၅ ရက်၊ ညနေပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာမှာ စစ်ရှောင်စခန်း သုံးခု ရေဘေးသင့်နေပြီး စစ်ရှောင်သားအမိနှစ်ယောက် ရေစီးနဲ့မျောပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“သေဆုံးမှု ဖြစ်တာက‌တော့ စက်တင်ဘာ ၂၅ ရက်နေ့က ဖြစ်ခဲ့တာပေါ့။ တောင်ဇလပ် စစ်ရှောင်စခန်းက သားအမိနှစ်ယောက် သေတာ။ ကလေးက အသက် သုံးနှစ်အရွယ်လောက်ရှိမယ်။ မနေ့ (စက်တင်ဘာ ၂၆ ရက်) ကတော့ ကလေးအလောင်းကို ပြန်တွေ့တယ်။ သူ့အမေကိုတော့ ဆက်ရှာနေတုန်းပဲ။ သူတို့ သားအမိနှစ်ယောက်က ရေစီးအရှိန်နဲ့ ကမ်းပါးပြိုပြီး ပါသွားတာ။ ဘယ်လိုမှ မကယ်လိုက်နိုင်ဘူး။ ရေစီးကလည်း အလုံးအရင်းနဲ့ကို ဝင်လာတာလေ။ အဲဒီအချိန် မိုးကလည်း အရမ်းသည်းနေတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။
ရေကြီးမှုကြောင့် မြိုင်ရိပ်ဝေ၊ ရွှေဆည်းဆာ၊ တောင်ဇလပ် စတဲ့ စစ်ရှောင်စခန်းသုံးခု ရေနစ်မြုပ်ခဲ့ပြီး စစ်ရှောင်တဲ ၁၇၀ နီးပါး ပျက်စီးခဲ့ကာ လူဦးရေ ၇၀၀ ဝန်းကျင် ရေဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ရေဘေးသင့်နေတဲ့ စစ်ရှောင်အများစုဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်လာကြသူတွေဖြစ်ပြီး ဒေသခံ စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။
တောင်ကျချောင်းရေ ရုတ်တရက် စီးဆင်းလာတာကြောင့် စစ်ရှောင်တဲတွေနဲ့အတူ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေပါ ရေနဲ့မျောပါသွားတဲ့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် အဲဒီမြို့နယ်အတွင်းက ချောင်းခွနဲ့ လယ်ကြီးအိုင့် ကျေးရွာမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လူပေါင်း ရာနဲ့ချီ‌ ရေဘေးသင့်နေကာ တောင်ကျရေအရှိန်ကြောင့် အိမ်ပျက်စီးမှုတွေလည်း ရှိနေပြီး အိမ်မွေးတိရစ္ဆာန်နဲ့ မော်တော်ဆိုင်ကယ်တွေလည်း ရေထဲမျောပါသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပြီးခဲ့တဲ့ ရက်တွေက ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အဆက်မပြတ် ရွာသွန်းခဲ့တဲ့မိုးတွေ၊ ရေတွေ စုပြီးတော့ ဒီဘက်ကို စီးလာတဲ့သဘောပေါ့။ မိုးကလည်း အရမ်းသည်းနေတဲ့အချိန် ရေတွေက ချက်ချင်းဆိုသလို ရောက်‌လာတော့ ရုတ်တရက်ကြီးဆိုတော့ ဘာမှတောင် ပြင်ဆင်ချိန်မရလိုက်ဘူး။ ပစ္စည်း‌တွေလည်း မသိမ်းနိုင်၊ မယူနိုင်ကြဘူး။ လူတွေပဲ ရေလွတ်ရာကို မနည်းလွတ်အောင် ပြေးခဲ့ရတာ” လို့ လယ်ကြီးအိုင့်ဒေသခံက ပြောပါတယ်။
အခုလို ရွာတွေထဲ ရေ၀င်ရောက်တာဟာ အခု ၂၀၂၄ ခုနှစ်အတွင်း သုံး‌ခါမြောက်ဖြစ်ပေမယ့် စက်တင်ဘာလ ၂၅ ရက်နေ့၊ ရေကြီးတာကတော့ အရင်ကထက် နှစ်ဆလောက်အထိ ရေမြင့်တက်ခဲ့တာဖြစ်ကာ ခြောက်ပေခန့်အထိ ရေရောက်ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ဆော – ကျောက်ထု – မင်းတပ် ကတ္တရာလမ်းမကြီးပေါ်ရှိ တံတားတစင်းလည်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားခဲ့တဲ့အတွက် စက်တင်ဘာ ၂၅ ရက်၊ ည‌နေပိုင်းမှစတင်ကာ အဲဒီလမ်းပိုင်းကို ယာယီပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီတံတားဟာ ဒေသအခေါ် သံဘောင်တံတား ဖြစ်တယ်လို့ သိရပြီး တံတားပျက်စီးမှုကြောင့် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်၊ သုံးဘီးဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်တွေ သွားလာလို့မရ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ယာယီပိတ်ထားတဲ့ လမ်းပိုင်းကို ဒေသခံ ဆရာတော်တွေ ဦးဆောင်ပြီး အလှူရှင်တွေရဲ့ ကူညီမှုနဲ့ ပြန်လည်ပြုပြင်ခဲ့တာမှာ မနေ့ စက်တင်ဘာလ ၂၆ ရက်၊ ညပိုင်းမှာတော့ အားလုံး ပြီးစီးသွားပြီဖြစ်တာကြောင့် ဆိုင်ကယ်တွေ၊ ကားတွေ အရင်လို ပြန်လည် သွားလာလို့ရပြီဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW