ထိုင်းရှိ ဘုန်းကြီးကျောင်းမှာ လူသေအလောင်း ၄၀ ကျော်တွေ့ရှိမှု ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

ဘန်ကောက်၊ နိုဝင်ဘာ-၂၅-၂၀၂၄
ရတီ(VOM)
ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတခုမှ တရားအားထုတ်ရာမှာ အသုံးပြုတယ်လို့ယူဆရတဲ့ လူသေအလောင်း ၄၀ ကျော်ကို ရှာဖွေတွေ့ရှိပြီးနောက် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံ ဖီချစ်ပြည်နယ် ပါနက်ခွန်ချိုဗိုဗွန် ဘုန်းတော်ကြီးကျောင်းမှာ ရုပ်အလောင်း ၄၁ လောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး အလောင်းတွေကို လှူထားတယ်ဆိုတဲ့ သက်သေခံလက်မှတ်တွေပါတယ်လို့ ရဲအရာရှိတယောက်က အေအက်ဖ်ပီကို ပြောပါတယ်။
အလောင်းတွေကို ဆန္ဒအလျောက်လှူခဲ့တာ ဟုတ်မဟုတ် သေချာစေဖို့ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကို ဆက်သွယ်ထားပြီး အလောင်းတွေ အခိုးခံရတာမဟုတ်ဘူးဆိုတာ သေချာစေဖို့ လုပ်ဆောင်နေကာ လက်ရှိမှာတော့ စွဲချက်တင်တာမျိုးမရှိသေးဘူးလို့ အမည်မဖော်လိုတဲ့ ရဲအရာရှိက ပြောပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိမ်နီးချင်း ခမ်ဖောင်ဖက်ခရိုင်ရှိ အခြားဘုန်းတော်ကြီးကျောင်းမှာ အလားတူ ရုပ်အလောင်း ၁၂ လောင်းကို ရှာဖွေတွေ့ရှိပြီးနောက်မှာ အခုလိုထပ်မံတွေ့ခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဒါဟာ အလောင်းတွေကိုအသုံးပြုပြီး တရားထိုင်တဲ့နည်းစနစ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဖီချစ်ပြည်နယ်ဘုန်းတော်ကြီးကျောင်း အကြီးအကဲကပြောပါတယ်။ လာရောက်လေ့လာသူအများစုဟာ ဆရာတော်၊ သံဃာတော်တွေဖြစ်တယ်လို့ ပီဘီအက်စ်ရုပ်သံကို ပြောပါတယ်။
အလားတူမျိုး မည်မျှပျံ့နှံ့လုပ်ဆောင်နေတယ်ဆိုတာကို စုံစမ်းဖော်ထုတ်ဖို့အတွက် အခြားပြည်နယ်က တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖီချစ်ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Ref:AFP
Photo:AFP/Bangkok Post

Related posts

Leave a Comment

VOM News

FREE
VIEW