ဖေဖော်ဝါရီ ၈ – ၂ဝ၂၅
KKO(VOM)
ယခုနှစ်ပိုင်းမှာ နိုင်ငံပိုင်သတင်းစာတွေ အပါအဝင်ပြည်တွင်းထုတ် ပုဂ္ဂလိက သတင်းစာ၊ဂျာနယ်၊စာစောင်တွေရဲ့ရောင်းအားဟာ ၆ဝ ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်လို့ ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
ဒါအပြင် လက်ရှိကာလမှာ ထုတ်လုပ်မှုစရိတ်နဲ့ အထွေထွေစရိတ်စကတွေ မြင့်မားလာလို့ပြည်တွင်းထုတ်ပုဂ္ဂလိက သတင်းစာတစောင်ရဲ့ရောင်းဈေးဟာ ဈေးကွက်မှာကျပ် ၁ဝဝဝ အထိဖြစ်လာပြီး ဝယ်ဖတ်သူလည်းမရှိဖြစ်နေတယ်လို့ ဖြန့်ချိရေးကိုယ်စား လှယ်တွေက ပြောပါတယ်။
“သတင်းစာကိုယ်စားလှယ်တွေ လက်ပွေ့ သမားတွေ အရောင်းဆိုင်တွေကို အခုဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စံတော်ချိန်သတင်းစာတစောင်ကို ကိုယ်စားလှယ်ပေးဈေး ၇၅၀ အထိဖြစ်လာတယ်။နောက် Daily Eleven က တစောင်ကိုကိုယ်စားလှယ်ပေးဈေး ၈၀၀ အထိဖြစ်လာတယ်။အခုဈေးကွက်မှာ လက်လီရောင်းဈေးက ၁၀၀၀ အထိဖြစ်လာတယ်။ဘောလုံးဂျာနယ်တောင်တစောင်ကို ၁၅ဝဝ လောက်အထိဈေးဖြစ်လာတယ်။အရင်က ပြည်တွင်းထုတ် ပုဂ္ဂလိကထသတင်းစာတစောင်မှကျပ် ၂ဝဝ လေ၊အခုဈေးနဲ့ဆိုအများကြီးကွာသွားတာပေါ့။ပြည် တွင်းထုတ် နေ့စဉ်သတင်းစာတွေကို အခုဘယ်သူ့မှဝယ်မဖတ်ကြတော့ဘူး။ယခင်ကတည်းက သတင်းစာ၊ဂျာနယ်၊စာစောင်ဈေးကွက်ကယိုင်နဲ့နဲ့ဖြစ်နေတာပါ။အခုတော့ပိုဆိုးတော့မယ့်အခြေအနေဖြစ်နေပါပြီ”လို့ ရန်ကုန်မြို့က သတင်းစာ၊ဂျာနယ်၊စာစောင် ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတယောက်က VOM ကို ပြောပါတယ်။
ဒါအပြင် လက်ရှိကာလမှာ နိုင်ငံတော်ပိုင် အစိုးရထုတ်သတင်းစာတွေဖြစ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာတွေရဲ့ရောင်းအားဟာလည်းကျဆင်းနေတာဖြစ်တယ်လို့ ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
“အစိုးရထုတ်သတင်းစာတွေဖြစ်တဲ့ကြေးမုံ၊မြန်မာ့အလင်းကလည်းရောင်းအားရော၊ လပေးယူတဲ့သူတွေရောစောင်ရေကျနေတာပါ။ အခုကလပေးယူတဲ့သူတွေကိုပဲလိုက် ပို့ပေးနေရတာပေါ့၊ဆိုင်မှာ ဗန်းပေါ်မှာ ဂျာနယ်၊စာစောင်တွေကိုတင်ရောင်းတာမျိုးမရှိတော့ဘူး။လပေးယူတဲ့ အိမ်တွေကိုပဲပို့ပေးတာရှိတော့တယ်။အရင်လို ဖြန့်ချိရေးသမားတွေကယူပြီးရောင်းရင် မကုန်ရင်ရှုံးမှာလေ၊ဒီ စာစောင်၊ဂျာနယ်လောက က ကိုယ်စား လှယ်တွေအနေနဲ့ တချို့ကနားကုန်ကြပြီ။ ကျန်တဲ့သူတွေလည်းအဆင်မပြေကြတော့ဘူး။နောက်ဆုံးပြောရရင် ဂျာနယ်၊စာစောင် ဖြန့်ချိရေးလောက က အဆိုးဝါးဆုံးအခြေ အနေကိုစတင်ဖြတ်သန်းနေရတာပါ”လို့ ဖြန့်ချိရေးသမားတယောက်က ထပ်လောင်းပြောပြပါတယ်။
ဒီလိုအခြေအနေတွေကြောင့် တဖက်မှာ သတင်းစာ၊ဂျာနယ်ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတွေရဲ့စားဝတ်နေရေးဟာ ခက်ခဲလာသလို သတင်း၊ဂျာနယ် ထုတ်ဝေသူတွေအနေနဲ့လည်း ထုတ်လုပ်မှုစရိတ်နဲ့ အထွေထွေစရိတ်စကတွေမြင့်မားလာလို့ အပတ်စဉ်ထုတ် ဂျာနယ်တွေကို အလျင်မီအောင် မထုတ်ဝေနိုင်တာတွေ နှစ်ပတ်တခါထုတ် ဂျာနယ်၊စာစောင်တွေကို ထုတ်ဝေဖြန့်ချိမှု ခေတ္တရပ်နားလိုက်ရတာတွေလည်း များစွာရှိနေတာဖြစ်တယ်လို့ ထုတ်ဝေသူတွေက ပြောကြပါတယ်။
အဲဒါအပြင် ပုံနှိပ်မီဒီယာတွေရဲ့အဓိကဝင်ငွေရလမ်းတခုဖြစ်တဲ့ ကြော်ငြာလုပ်ငန်းကနေ ဝင်ငွေရရှိမှု အပိုင်းဟာ မရှိသလောက်နည်းနေလို့ သတင်း စာ၊ဂျာနယ်၊စာစောင်ရဲ့ရပ်တည်မှုနဲ့ ဒီလုပ်ငန်းကိုလုပ်ကိုင်ဖို့ဆိုတာက တနေ့တခြား ပိုမိုခက်ခဲလာတယ်လို့ ထုတ်ဝေသူတွေက ဆိုပါတယ်။
“အခုက တချို့သတင်းတိုက်ကြီးတွေက စပွန်ဆာရှိလို့ နောက်ခံကောင်းလို့သာ ဆက်လက်ရပ်တည်နိုင်တာလေ၊အရင်လို ဂျာနယ်ရောင်းအား ကြော်ငြာက ရတဲ့ဝင်ငွေနဲ့ ရပ်တည်မယ်ဆို အတော်မလွယ်ပါဘူး။အခုအထိ ပုံနှိပ်မီဒီယာလောကက နာလန်မထူနိူင်ဘူးလို့ ပြောရင်ရပါတယ်။ဟိုတလောက ဂျာနယ်အသစ်တစောင်ထွက်လာသေးတယ်။နှစ်လပဲထုတ်ပြီးပျောက်သွားတယ်။ထပ်မထွက်လာတော့ဘူး။ကျွန်တော်တို့ထုတ်နေတဲ့ ဘောလုံးဂျာနယ်ဆိုလည်း အဲဒီလိုပါပဲ၊ ကြော်ငြာလုံးလုံးမရတော့လို့ အခုအထိ ဆက်မထုတ်နိုင်တော့ဘူး။နားထားရတယ်။ကြော်ငြာလေးရလာရင်ထုတ်လိုက်၊မရတဲ့အခါ ရပ်ထားလိုက်နဲ့ ဒီလိုပဲသွားနေရတယ်”လို့ပြည်တွင်းက ဘောလုံးဂျာနယ် ထုတ်ဝေရေး လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပြပါတယ်။
လက်ရှိကာလမှာ သတင်းစာ၊ဂျာ နယ်တွေရဲ့ထုတ်လုပ်မှုရော ရောင်းအားရော ကျဆင်းလာပြီး မိသားစု စားဝတ်နေရေးခက်ခဲလာလို့ဖြန့်ချိ ရေးလောကကိုစွန့်ခွာသွားကြသူတွေ လည်း အများအပြားရှိနေတယ်လို့ ဖြန့်ချိရေးကိုယ်စားလှယ်လောက ကနေသိရပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ထုတ်ဝေရေးနဲ့ စာပေစိစစ်ရေးဌာနရဲ့စာရင်းတွေအရ လက်ရှိ ပြည်တွင်းမှာ နေ့စဉ်ထုတ်သတင်းစာစောင်တွေ အနေနဲ့ စံတော်ချိန်နဲ့ Daily Eleven၊ပုဂ္ဂလိက ပြည်တွင်းအပတ်စဥ်ထုတ် သတင်းဂျာနယ်တွေအနေနဲ့ Weekly Eleven ၊ ပြည်မြန်မာ၊ Bullet Journal ၊ The Statesman Journal၊Trend Journal၊ကျန်းမာရေးစာစောင်အနေနဲ့ Good Health Journal ၊ ဂမ္ဘီရဂျာနယ်အနေနဲ့ မနောမယ အားကစားဘောလုံးဂျာနယ်အချို့ အစရှိတဲ့ စာစောင်တွေကို လည်ပတ်လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်တွင်းမှာ အွန်လိုင်း သတင်းမီဒီယာအေဂျင်စီအဖြစ် မှတ်ပုံတင်ထားတဲ့ သတင်းမီဒီယာအေဂျင်စီ အရေအတွက်က ၄ဝဝ အထိရှိနေပြီး ထိုစာရင်းရှိ ၄ဝဝ အနက် အမှန်တကယ်လည်ပတ်လုပ်ကိုင်ပြီး Update ဖြစ်နေတဲ့ အွန်လိုင်းမီဒီယာအရေအတွက်က ၅ဝ ခန့်အထိ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ