Dog Bite Center ရန်ကုန်က ဆေးရုံကြီး ၄ခုမှာ ဖွင့်မယ်

ရန်ကုန် ၊ ဧပြီ  ၂၃-၂၀၁၉

TGH(VOM)

 

မြန်မာတစ်နိုင်ငံလုံး  ခွေးကိုက်ခံရမှုစာရင်းတွေအရ အများဆုံးဖြစ်နေတဲ့  ရန်ကုန်တိုင်းမှာ ခွေးကိုက်ခံရတဲ့လူနာတွေကို ကုသပေးမယ့် Dog Bite Center ကို ဆေးရုံကြီး လေးခုမှာ မေလ အကုန်စတင်ဖွင့်လှစ်သွား မယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောပါတယ်။

 

” တိုင်းနဲ့ပြည်နယ် အားလုံးကနေ တင်ပြလာတဲ့ သတင်းအချက်အလက်တွေအရ ခွေးကိုက်ခံရမှုအများဆုံးက ရန်ကုန်နဲ့ မန္တလေးဖြစ်တယ်။ ဒါကြောင့် ဒီနေရာတွေကို အရင်းဆုံးစတင်မယ်။ လက်ရှိမှာလည်း ပြင်ဆင်မှုတွေလုပ်နေတယ်။ ဒီလို ခွေးကိုက်ခံရတဲ့လူနာတွေအတွက် ကုသရေးဌာန ဖွင့်လှစ်တာက ခုလုပ်နေတဲ့ လုပ်ငန်းတွေကိုပိုပြီး ထိထိရောက်ရောက်လုပ်ဆောင်ဖို့နဲ့ ဆေးအလေအလွင့်တွေမရှိအောင် ထိန်းသိန်းနိုင်ဖို့ဖြစ်ပါတယ်။ ရန်ကုန်မှာ ဖွင့်တာနဲ့ တစ်ပြိုင်တည်းပဲ မန္တလေးမှာလည်း ဖွင့်ဖို့ကိုလုပ်နေတယ်” လိှု့ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်ကဆိုပါတယ်။

ရန်ကုန်တိုင်းထဲမှာ လူနာတွေသွားလာရလွယ်ကူမယ့် နေရာတွေကို ရွေးချယ်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ဒီနေရာတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး ၊ အင်းစိန်ဆေးရုံ ၊ မြောက်ဥက္ကလာပ ဆေးရုံကြီး ၄ ခုမှာ Dog Bite Center ကုသရေးဌာနကို ဖွင့်လှစ်ကုသပေးသွားမှာဖြစ်ပါတယ်။

ဒီလို Dog Bite Center ဖွင့်လှစ်ကုသပးဖို့စီစဉ်တာဟာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ခွေးရူးပြန်ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျဖို့နဲ့ ကာကွယ်ဆေး အလေအလွင့်ဖြစ်မှုကို ထိန်းသိမ်းကာကွယ်ဖို့ဖြစ်ပါတယ်။ဒါဟာ နိုင်ငံတော်ဘဏ္ဍာကိုလည်း ထိန်းသိမ်းရာရောက်တယ် လို့ဆိုပါတယ်။

ပြီးခဲ့တဲ့  ၂၀၁၈ ခုနှစ်ရဲ့ စာရင်းဇယားအရဆိုရင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ ခွေးကိုက်ခံရတဲ့ လူနာပေါင်း တသိန်း၉သောင်း ကျော်ရှိခဲ့ပြီး သေဆုံးသူ ၇၀ ၀န်းကျင်ရှိခဲ့ပါတယ်။  ခွေးကိုက်ခံရတဲ့ လူနာအရေ အတွက်ပိုများလာခဲ့ပေမယ့် ခွေးရူးပြန်ရောဂါကြောင့်သေဆုံးတဲ့နှုန်းကတော့ ကျဆင်းလာတယ်လို့သိရပါတယ်။

ဝန်ကြီးဌာနကနေ  နှစ်အလိုက် ခွေးရူးပြန်ရောဂါကာကွယ်ဆေး (anti rabies vaccine) နဲ့ခွေးရူးပြန်ရောဂါကုသမှု ပဋိပစ္စည်း (rabies immunoglobulin) တွေဝယ်ယူမှုက ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်အတွက် ကျပ်ငွေ ၅.၄ ဘီလီယံ သုံးစွဲခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #dogbitecentre #ခွေးကိုက်ခံရသူကုသရေးစင်တာ

Related posts

✕
VOM News

FREE
VIEW