နောင်ချိုမြို့နယ် တောင်ခမ်း၊ အုမ္မတီးတွေဘက် တိုက်ပွဲ ပြန်ပြင်းထန်လာ

ဧပြီ ၁၇၊ ၂၀၂၅
Shy V (VOM )
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်း၊ အုမ္မတီး တွေဘက် ဒီရက်ပိုင်းအတွင်း တိုက်ပွဲ ပြန်ပြင်းထန်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီရက်ပိုင်း နှစ်ရက်၊ သုံးရက် ရှိပြီ တောင်ခမ်းဘက် တိုက်ပွဲ ပြန်ပြင်းထန်နေတာ။ လမ်းမကြီးဘက်လည်း နစက တပ်ဖွဲ့တွေက အုမ္မတီး လမ်းခွဲ၊ ရေမောင်းတန်း အထိရောက်သွားပြီ။ ပစ်ခတ်သံတွေက ရေမောင်းတန်းဘက်ပဲ ကြားနေရတော့တာ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
နစက ဘက်က တောင်ခမ်းဘက်ကနေရယ် အုမ္မတီးဘက်ကနေရယ် စစ်မျက်နှာ နှစ်ဖက်ကနေ နောင်ချိုဘက် ထိုးစစ်ဆင်နေပုံရပါတယ်လို့ သူက ပြောပါတယ်။
“နစက တပ်ဖွဲ့တွေက ကြားထဲ ရောက်နေတယ်။ တမင်သပ်သပ် ပေးဝင်တာလား ဒါမှမဟုတ် ဝင်ခိုင်းပြီး ပြန်ဝိုင်းဖို့လား မသိဘူး။” လို့ သူက ပြောပါတယ်။
ပတ်လည်မှာ TNLA တပ်ဖွဲ့တွေကိုတွေ့ရတာကြောင့် ဘယ်လို လဲမသိဘူး လို့ သူက ပြောပါတယ်။
“လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးလာကြဲတာ သုံးရက်လောက်ရှိပြီ။ တောင်ကျကုန်း အထိ တဝုန်းဝုန်းပဲ။ အုမ္မတီးမှာ ပြည်သူတွေတော့ မရှိတော့ဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နစကဘက်က လေကြောင်းနဲ့ တော်တော်လာကြဲတာဖြစ်ပြီး အုမ္မတီးဘက် ဧပြီလ ၂၄ ရက်နေ့က တနေကုန် လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးလာကြဲတယ်လို့ သူက ပြောပါတယ်။
ယမန်နေ့ ဧပြီလ ၂၆ ရက်နေ့မှာလည်း တောင်ခမ်းမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်နေတာကြောင့် စုစည်းမှု မပြတ်စေဖို့ လိုအပ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
နစကတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်လင်ရွာကို ဧပြီလ ၂၅ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
တောင်ခမ်းဒေသ နဲ့ နောင်ချိုမြို့ အစပ် လခရ စခန်းကို TNLA ပူးပေါင်း တပ်ဖွဲ့ဘက်က လာရောက် တိုက်ခိုက်ရာက ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီး နစကတပ်ဖွဲ့ဘက်က စစ်သည် နှစ်ယောက် ဒဏ်ရာရရှိပြီး MA-1 သေနတ် ၁ လက် ဆုံးရှုံးခဲ့ရသလို TNLA ပူးပေါင်း တပ်ဖွဲ့ ဘက်က အလောင်း ၁ လောင်း၊ Type-81 သေနတ် ၁ လက်၊ ကျည်အိမ် ၈ ခု၊ ကျည် ၄ဝဝ ခန့်၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၁ လုံး၊ ကျည်ကာ ၁ ထည်၊ အီကွေ့မုန့် ၁ ခု တို့အား သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာအနီးကို ဧပြီလ ၂၄ ရက်နေ့မှာ နစက တပ်ဖွဲဘက်က Y-12 နဲ့ ဗုံး (၂၇)လုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် အုမ္မတီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေချိန်လည်း ဂျက်ဖိုက်တာနဲ့ အဆိပ်ငွေ့ဗုံး ၈ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။
Photo Crd# Ts M

Related posts

Leave a Comment

VOM News

FREE
VIEW