ပြုံးယမ်း၊ မေ-၁-၂၀၂၅
ရတီ(VOM)
ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား နယ်စပ်မြစ်ကိုဖြတ်ပြီး ပထမဆုံး လမ်းတံတားကို စတင်တည်ဆောက်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တံတားအုတ်မြစ်ချအခမ်းအနားကို မနေ့ကပြုလုပ်ခဲ့ပြီး ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှူစတင်နဲ့ မြောက်ကိုရီးယားဝန်ကြီးချုပ် ပက်ခ်သေဆောင်တို့ ဗီဒီယိုကွန်ဖရင့်နဲ့ တက်ရောက်ခဲ့ကြပြီး တံတားဟာ တူမန်မြစ်ကို ဖြတ်ပြီး ရုရှားအရှေ့ဖျားပိုင်းကို မြောက်ကိုရီးယားအရှေ့မြောက်ဒေသနဲ့ ဆက်သွယ်ပေးမှာပါ။
တံတားတည်ဆောင်မှုဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းဆက်ဆံရေးကို ခိုင်မာစေရန်အတွက် မိမိတို့ရဲ့ ဘုံဆန္ဒကို ကိုယ်စားပြုကြောင်း ရုရှားဝန်ကြီးချုပ်က ပြောပါတယ်။ ဒီတံတားကို နှစ်နိုင်ငံပြည်သူတွေအကြား ထာ၀ရ ချစ်ကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ သင်္ကေတဖြစ်တယ်လို့ မြောက်ကိုရီးယားကလည်း ဆိုပါတယ်။
တံတားဟာ အရှည် ၁ ကီလီုမီတာရှိပြီး တည်ဆောက်မှု ၁၈ လအတွင်း အပြီးသတ်နိုင်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။ တူမန်မြစ်အောက်ပိုင်း ၁၇ ကီလိုမီတာမှာ တည်ဆောက်မှာဖြစ်ပြီး ဆိုဗီယက်ခေတ် ရထားလမ်းဟာင်းရှိပေမယ့် ကားတွေဖြတ်သန်းလို့ မရပါဘူး။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း စစ်ရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နေပြီး ရုရှားအနောက်ပိုင်း ကာ့စ်ဒေသကို ပြန်လည်ထိန်းချုပ်ရေး တိုက်ပွဲတွေမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စေလွှတ်ခဲ့တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၁၀၀၀ ကျော်ထဲက ၆၀၀ ကျော်သေဆုံးခဲ့တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ ရုရှားနဲ့ ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အမေရိကန်က ဦးဆောင်ညှိနှိုင်းနေပါတယ်။
Ref:NHK
Photo:TVC
