Delivery လုပ်ငန်းတွေကို ပို့မယ့်ပစ္စည်းအမျိုးအစားနဲ့ မြို့နယ်တွေ ပိတ်ပင်ကန့်သတ်လာ

ဩဂုတ် ၂၇၊၂၀၂၅
GG (VOM)
ပြည်တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အိမ်အရောက် ပစ္စည်းပို့တဲ့ Delivery လုပ်ငန်းတွေကို ကုန်ပစ္စည်းပို့တဲ့အခါ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊အလှကုန်ပစ္စည်းအပါ ပစ္စည်းအများစုကို စစ်ကိုင်းတိုင်းအပါအဝင်မြို့နယ်အချို့ကို ပို့ခွင့်ကန့်သတ်လိုက်တယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ပဲခူးတိုင်း ၊ မော်လမြိုင် ၊နေပြည်တော်၊ ကရင်ပြည်နယ်၊ တနင်္သါရီတိုင်း ၊ပြင်ဦးလွင် စတဲ့ဒေသတွေကမြို့နယ်အချို့ ကို ကုန်ပစ္စည်းအများစု တင်ပို့ခွင့် တားမြစ်လိုက်တာဖြစ်တယ်လို့ Delivery လုပ်ငန်းလုပ်ကိုင်သူတွေဆီကသိရပါတယ်။
” ပါဆယ်ပို့တဲ့အခါ စစ်ဆေးရေးဂိတ်တွေကနေစစ်ဆေးတာတွေရှိနေတဲ့အတွက် အရေအတွက်ကန့်သတ်ထားသလို ပို့လို့မရတဲ့ပစ္စည်းဆိုပြီးလည်းထုတ်ပြန်ပေးထားပါတယ်။
ပြည်ဘက်ကစစ်ဆေးရေးလမ်းကြောင်းအများဆုံးဖြစ်ပြီး ပါဆယ်တွေကိုဖောက်စစ်တာအများဆုံးပါ။ အဲဒီဘက်တွေကိုလျှပ်စစ်ပစ္စည်းတွေကပို့လို့မရပါဘူး။သွားတိုက်ဆေးတို့ကိုပို့လိုမရဘူး။ဒါက ကျွန်တော်တို့ဘက်ကထုတ်ပြန်ထားတာမျိုးမဟုတ်ဘဲ သူတို့ဘက်ကတားမြစ်ထားတဲ့ပစ္စည်းတွေကို တဆင့်ကြေငြာပါတယ်။နေပြည်တော်တောင်ပို့လို့မရပါဘူး။ ” လို့ ပြည်တွင်း အိမ်အရောက်ကုန်ပစ္စည်းပို့နေတဲ့ Delivery လုပ်ကိုင်သူကပြောပါတယ်။
ဆိုလာ ၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး ၊အလှကုန်အမျိုးမျိုး ၊ဆေးဝါး ၊မီးစက်၊ခြေညှပ်ဖိနပ်၊အုန်းနို့၊ဘတ္ထရီ၊ဆိုဒီယမ်ဆိုင်ယာနိုက်၊ဆေး၊အမွှေးတိုင်၊ဖျာ၊လက်ကိုင်ဖုန်း၊ခေါက်ဆွဲ၊ကြာဇံ၊ကားတာယာ၊ချိုချဥ်၊ဘီစကစ်၊ပဲငံပြာရည် ၊ကော်ဖီစေ့နဲ့အမှုန့် ၊လက်ဖက်ခြောက်၊လူကြီးဒိုက်ဘာ၊သစ်သီးမျိုးစုံ၊သွားတိုက်ဆေးနဲ့သွားတိုက်တံ၊ဆပ်ပြာ၊ငှက်သိုက်၊တစ်ရှူး၊အင်ဂျင်ဝိုင်၊ကြက်အူချောင်း ၊မီးလုံး၊လျှပ်စစ်စက်ဘီး၊မယ်လမင်း၊အသင့်သောက်နို့၊ဒိန်ချဥ်၊ဓာတ်ခဲ၊တာယာ၊ကျွတ်၊ပရုတ်လုံး ၊ပလပ်စတစ်ခြင်း/ပုံးခွက် ၊ပါဝါဘန့် တို့ကို ပို့ခွင့်တားမြစ်ထားတာ ဖြစ်တယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်းကိုတော့ ထပ်တိုးကန့်သတ်ပစ္စည်းအနေနဲ့ အမျိုးသမီးလစဥ်သုံးပစ္စည်း ၊အမျိုးအမည် အကြောင်းအရာ တိတိကျကျမသိတဲ့ပစ္စည်းတွေကို ပို့ခွင့် အာဏာပိုင်တွေဘက်က ထပ်တိုးကန့်သတ်ထားတယ်လို့သိရပါတယ်။
” ကန့်သတ်ထားတဲ့ပစ္စည်းရှိပါတယ်။သတ်မှတ်လိုက်တာကတော့သိပ်မကြာသေးဘူး။ လျှပ်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေတော့ပို့လို့မရပါဘူး။စစ်ကိုင်းဆိုရင် မုံရွာ၊ရွှေဘို၊မကွေးဘက်ဆို ပခုက္ကူ၊ရေစချို၊ဆိပ်ဖြူ ၊မြို့သစ်တို့ အဲလိုမျိုးတွေကန့်သတ်ထားတယ်။တကိုယ်ရည်သုံးပစ္စည်းပဲပို့လို့ရတယ်။လျှပ်စစ်နဲ့ပတ်သက်တာကျ တခုတည်းလည်းပို့လို့ကိုမရပါဘူး။လမ်းခရီးမှာအစစ်ဆေးရှိတာကြောင့်ပါ။” လို့ နောက်ထပ် အိမ်အရောက်ပို့ Delivery လုပ်ငန်းတခုမှ ဝန်ထမ်းတယောက်ကပြောပါတယ်။
ယခုလို အိမ်အရောက်ပို့ ကုန်ပစ္စည်းပို့တဲ့လုပ်ငန်းတွေကိုပါ ပို့ရမယ့်ပစ္စည်းနဲ့ပို့ခွင့်ရှိတဲ့ မြို့နယ်တွေ ကန့်သတ်လိုက်တာကြောင့် Delivery လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း လုပ်ရကိုင်ရအဆင်မပြေတော့သလို တပိုင်တနိုင်ကုန်ပစ္စည်းရောင်းချသူတွေနဲ့ စျေးရောင်းသူတွေလည်း အခက်တွေ့နေရတယ်လို့သိရပါတယ်။
” အဝတ်အထည်ဆို ၁၀ ထည်ပဲလက်ခံတော့မယ်ဆိုပြီးပြောလာတယ်။အထုတ်အကြီးဆိုလည်းမရတော့ဘူး။3kg အထိပဲလက်ခံမယ်တဲ့။ဒီကြားထဲပို့လို့မရတဲ့မြို့နယ်တွေကလည်းရှိလာတော့ ဘာလုပ်ကိုင်စားရတော့မလဲ။ခုပုံဆိုပစ္စည်းတွေက ကိုယ့်ဆီပဲသောင်တင်နေမယ့်သဘောဖြစ်သွားပြီ။” လို့ အွန်လိုင်ူကနေစျေးရောင်းချသူတယောက်ကပြောပါတယ်။
လက်ရှိမှာ အိမ်အရောက်ပို့ Delivery လုပ်ငန်းတွေအနေနဲ့ ရန်ကုန် နဲ့ မန္တလေးတိုင်းနှစ်ခုသာ ပစ္စည်းပို့မှု အဆင်ပြေတဲ့အခြေအနေအရှိကြောင်း ကျန်တဲ့ဒေသတွေကို ပစ္စည်းပို့မှု ပိုပြီးခက်ခဲလာနေတယ်လို့သိရပါတယ်။
အိမ်အရောက် ပစ္စည်းပို့တဲ့ လုပ်ငန်းတွေအပေါ် ကန့်သတ်လာသလို ကားဂိတ်ကနေ ပစ္စည်းပို့တဲ့အခါမှာလည်း ကားတွေကလည်း လူမဲ့တန်ဆာပစ္စည်းတွေကို အကန့်အသတ်နဲ့အနည်းငယ်သာ လက်ခံမှုရှိပြီး လူပါမှသာ လူနဲ့ကုန်ပစ္စည်းအတူလက်ခံပေးတာမျိုးရှိလာတယ်လို့သိရပါတယ်။
“အိမ်အရောက်ပို့တဲ့ delivery တွေပို့လို့မရတော့သလို အဲဒီဘက်ကိုသွားတဲ့ ကားသမားတွေကလည်း လက်မခံဘူး။ပစ္စည်းဆိုအဝတ်အထည်ပဲပို့ရမယ်။တခြားဆို လူပါမှပဲရမယ်ပြောတယ်။
ရန်ကုန်နဲ့ မန္တလေးလောက်ပဲပို့ရတာအဆင်ပြေပါတယ်။”လို့ Delivery လုပ်ကိုင်သူကပြောပါတယ်။
ကုန်ပစ္စည်း အိမ်အရောက်ပို့ Delivery လုပ်ငန်းတွေနဲ့ ကားဂိတ်ကတဆင့်သယ်ယူပို့ဆောင်ရေး အပေါ် အကန့်အသတ်တွေရှိလာတာကြောင့် ကုန်ပစ္စည်းတွေပြတ်လပ်ပြီး ကုန်စျေးနူန်း တွေမြင့်တက်လာမှာကို ပြည်သူတွေကစိုးရိမ်နေကြပါတယ်။
အာဏာပိုင်တွေဘက်ကတော့ ယခုလို မြို့အလိုက်တင်ပို့ခွင့်ရှိတဲ့ ကုန်ပစ္စည်း အမျိုးအစား ကန့်သတ်မှု၊ တင်ပို့ခွင့်ရှိတဲ့ မြို့နယ်ကန့်သတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အကြောင်းအရင်းကို ထုတ်ပြန်အသိပေးတာမျိုး မရှိသေးပါဘူး။
ပြည်တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍကို တင်းကြပ်ပြီး ကန့်သတ်မှုတွေပြုလုပ်သလို ပြည်ပကနေ ပြည်တွင်းကို လေကြောင်ူကနေတဆင့် ကုန်ပစ္စည်းတင်သွင်းမှုကိုလည်း စစ်ဆေးမှုတင်းကြပ်ထားပြ တကိုယ်ရည်သုံးပစ္စည်းပမာထက်ကျော်လွန်ပါက အခွန်ပေးဆောင်ခိုင်းကြောင်း ၊ အကယ်၍ အခွန်ပေးဆောင်ခြင်းမရှိပါက တကိုယ်ရည်သုံး ပမာဏထက်ပိုပြီးတင်သွင်းလာတဲ့ ပစ္စည်းတွေကို လေဆိပ်ရှိ အကောက်ခွန်ဌာနက သိမ်းဆည်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW