စက်တင်ဘာ ၂ – ၂၀၂၅
SN (VOM)
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားနေတဲ့အတွက် မနေ့ စက်တင်ဘာ ၁ ရက်၊ ညနေ ၅ နာရီဝန်းကျင်ကစပြီး ဒေသခံ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့မှ စတင်ကာ ဒီကနေ့ စက်တင်ဘာ ၂ ရက် မနက်ပိုင်းအထိ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာလို့ သိရပြီး ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းနဲ့ အနောက်မြောက်ခြမ်းရှိ ကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
“လတ်တလော အခြေအနေက လုံးဝ မငြိမ်သေးတဲ့အတွက် စစ်ရှောင် လူဦးရေကို ကျွန်တော်တို့ စာရင်းကောက်လို့ မရသေးဘူး။ နောက်တချက်က အခုအချိန်မှာ လုံခြုံရေးအခြေအနေ အရမ်း အရေးကြီးနေတဲ့အတွက် ဘယ်နေရာတွေကို ရှောင်တယ်၊ ဘယ်ရွာတွေက လူတွေဖြစ်တယ် ဆိုတာကိုလည်း ကျွန်တော်တို့ အသိပေးလို့ မရသေးပါဘူး။ လေကြောင်း တိုက်ခိုက်တာကတော့ ဒီမနက် ၇ နာရီလောက်အထိ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက် တိုက်ခိုက်ခံရမှုမှာတော့ ထိခိုက်၊ သေဆုံး မရှိဘူး။ ဒီကနေ့ မနက်ပိုင်း အခြေအနေကတော့ ကျွန်တော်တို့လည်း သေသေချာချာ မသိရသေးဘူး” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့မှာ ခုနစ်ကြိမ်၊ မနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ ငါးကြိမ်၊ ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ ၁၂ ကြိမ် ဖြစ်ပွားခဲ့တာလို့ သိရပြီး မန္တလေးမြို့၊ တံတားဦးလေတပ်ကနေ တက်လာတဲ့ Y-12 Military Transport Aircraft လေယာဉ်အမျိုးအစားနဲ့ လေကြောင်း တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“လေကြောင်းသတင်းက မနက်ဖြန် (စက်တင်ဘာ ၃ ရက်) အထိ ရှိတယ်လို့ သတင်းကြားထားတာ ရှိတယ်။ ပြီးတော့ မြေပြင်မှာလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ မပေါ့ဆစေချင်ဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ပေါက်မြို့နယ် အနောက်မြောက်ဘက်ခြမ်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၂၄) မှ ထွက်ခွာလာတဲ့ နလအ စစ်ကြောင်းဟာ ပေါက်မြို့နယ်၊ ရေဖြူကျေးရွာမှာ အင်အား ဖြည့်တင်းထားပြီး ပေါက်နဲ့ ထီးလင်း နယ်စပ်ကြား ပုံတောင်တကြောမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“သတင်းအရတော့ နလအတပ်တွေက သူတို့ ဆုံးရှုံးထားတဲ့ ပုံတောင်နတ်ထိပ်က ကာကင်းစခန်းကို ပြန်ရဖို့အတွက် လေကြောင်းကနေရော၊ မြေပြင်ကနေပါ နယ်မြေရှင်းလင်းရေး လုပ်လာတာ ဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။
ထီးလင်းနယ်နဲ့ ပေါက်နယ်အစပ် ပုံတောင်နတ်ထိပ်က ကပစ -၂၄ ရဲ့ ကာကင်းစခန်းကို အခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး အဆိုပါစခန်းကို ပြန်လည် ရရှိနိုင်ဖို့အတွက် နလအတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
ဒါအပြင် လက်ရှိမှာ ပေါက်မြို့နယ်အတွင်းက ကပစ – ၂၄ ကို ရိက္ခာပို့ပြီး ပခုက္ကူကို ပြန်လာတဲ့ နလအတပ် ယာဉ်တန်းဟာ ပေါက်မြို့နယ် တောင်ပိုင်း၊ ဆိပ်ဖြူနယ်ရှိ ကပစ – ၂၂ ကို ဦးတည် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာ ၁ ရက်က ပေါက်မြို့နယ် အရှေ့တောင်ပိုင်းကို ရောက်ရှိနေတဲ့ အဆိုပါ ရိက္ခာယာဉ်တန်းဟာ ကားအစီးရေ ၁၀၀ ကျော်ရှိပြီး ဒီကနေ့ စက်တင်ဘာ ၂ ရက်၊ မနက်ပိုင်းမှာတော့ ရှေ့ပြေးကားတချို့ဟာ ကန်တော့ရွာကိုကျော်ကာ ဆိတ်ဖြူနယ်ထဲကို စတင် ဝင်ရောက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
