ဇန်နဝါရီ ၃၁ ၊ ၂၀၂၆
GG (VOM)
ပဲခူးမြို့၊ ဥဿာမြို့သစ်(၆)ရပ်ကွက်၊ ပြင်စည်မီးပွိုင့်မှာ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်၉နာရီကျော်က ရပ်ထားတဲ့ဆိုင်ကယ်တွေကို မြေသယ် ဖောကားက ဝင်တိုက်မိရာကနေ နှစ်ယောက်သေဆုံးကာ သားအဖနှစ်ယောက်လည်းထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ် ။
” ကားက ဘရိတ်ပေါက်ပြီး ဝင်တိုက်တာလို့သိရတယ်။ ကားက ရှစ်ပေါက်ကား မြေသယ်ကားပါ။မီးပွိုင့်နီနေချိန် ရပ်ထားတဲ့ ဆိုင်ကယ်တွေကို ဝင်တိုက်တာ ။ တယောက်က နေရာမှာ ဆုံးတယ် ။ နောက်တယောက်က ကားနဲ့ ဆေးရုံပို့ချိန် သေသွားတယ်။ နောက်ထပ် ဒဏ်ရာရတာက သားအဖနှစ်ယောက်ပါ ။ မနက်က စစ်ဆေးတာတော့ စိုးရိမ်စရာမရှိဘူးတော့ သိရတယ်။ ဒဏ်ရာရတဲ့အထဲမှာ တယောက်က ကျောင်းသူလေးပါ။ ကားအောက်ကနေဆွဲ ထုတ်ရတယ်။ ” လို့ ဖြစ်စဥ်သိတဲ့ ဒေသခံက ပြောပါတယ်။
ယာဥ်တိုက်မှုအတွင်း သေဆုံးသူတွေက ဥဿာမြို့သစ်(၅)ရပ်ကွက်၊ ကံ့ကော်လမ်းမှာ နေထိုင်တဲ့ ဦးကျော်စွာဦး နဲ့ ချင်စု(၂)လမ်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်မှာ နေထိုင်တဲ့ ဦးသီဟစိုး ဆိုသူတို့ဖြစ်တယ်လို့ သိရပါတယ် ။ ထိခိုက်ဒဏ်ရာရတဲ့ သားအဖကတော့ လ.ဝ.က ဝန်ထမ်း ဦးကျော်ဝင်းဆွေ နဲ့ သမီးဖြစ်သူ Grade 8 ကျောင်းသူ မယွန်းယမုံဖူး တို့ဖြစ်ပြီး ပဲခူးဆေးရုံကြီးမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ် ။
” အခုက အိမ်ယာစီမံကိန်းကရှိနေတော့ အဲဒီက မြေသယ်ဖောကားတွေက အခေါက်ရေများများရဖို့အတွက် ကားသမားတွေက ကားကို တအားမောင်းနေကြတာ ။ ကျောင်းရှေ့လည်း အရှိန်မလျှော့ဘူး ။.ဆည်မြောင်းဘက် နဲ့ ပြင်စည်ဘက် အဆိုးဆုံးပဲ ။ ဒီနေ့မနက်ဖြစ်တဲ့ ယာဥ်တိုက်မှုဆို ကြားထဲက ပြည်သူက သေရတာ စိတ်မကောင်းဘူး ။ မြေသယ်ကားတွေကို အရှိန်လျှော့မောင်းပေးဖို့ တာဝန်ရှိသူတွေအနေနဲ့ ဆောင်ရွက်ပေးစေလိုတယ်။ ” လို့ မြို့ခံ တယောက်က ပြောပါတယ်။
လက်ရှိမှာ ယာဥ်တိုက်မှု ဖြစ်ပွားစေခဲ့တဲ့ ယာဥ်မောင်းကိုလည်း ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
