အောင်လံမှာ လက်နက်ကြီးကြောင့် ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်

မတ် ၂ – ၂၀၂၆
SS (VOM)
မကွေးတိုင်း၊ အောင်လံမြို့နယ်က ဒါးစမ်းကျေးရွာ အပါအဝင် ကျေးရွာတချို့မှာ မနေ့ မတ် ၁ ရက်၊ မနက်ပိုင်းကပြီး လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ မနက် ၁၀ နာရီဝန်းကျင်ကစပြီး နေ့လယ် ၁ နာရီဝန်းကျင်အထိ လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပြီး ဒါးစမ်းကျေးရွာအတွင်းက ဘုန်းကြီးကျောင်း၊ ဆွမ်းစားဆောင်အပါအဝင် နေအိမ် ၂၇ လုံးထက်မနည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“လက်နက်ကြီး ပစ်တာက အချက် ၂၀ လောက်ရှိမယ်။ လက်နက်ကြီး မပစ်ခင် ဒရုန်းတွေနဲ့အရင် ကင်းထောက်ခဲ့တာ။ ရွာထဲကို လက်နက်ကြီးနှစ်လုံး ကျတယ်။ လူသေဆုံး၊ ဒဏ်ရာ အခြေအနေကိုတော့ အတည်ပြုဖို့ ကြိုးစားနေပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်နက်ကြီး အန္တရာယ်ကြောင့် မနေ့ မနက်ပိုင်းကစပြီး ဒါးစမ်းကျေးရွာအပြင် အနီးဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“နောက်ပိုင်း ဒီဘက်တကြောမှာ အစိုးရတပ်က နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတော့ အကယ်၍ ဖြစ်လာခဲ့ရင် လေကြောင်းရန်ကလည်း ရှိလာနိုင်တယ်လေ။ အဲဒါကြောင့်လည်း ကြိုရှောင်ကြတဲ့သဘောလည်း ဖြစ်တယ်။ လောလောဆယ်ကတော့ နှစ်ဖက် စစ်ရေးအခြေအနေက တင်းမာနေတဲ့ အနေအထားမှာ ရှိနေတယ်” လို့ သူက ပြောပါတယ်။
အောင်လံမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာမှာ ဇန်နဝါရီ ၂၂ ရက်က တပ်ကုန်းကျေးရွာအတွင်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ငါးယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း အဲဒီ တပ်ကုန်းကျေးရွာရဲ့ အနောက်ဘက် ၆ မိုင်ခန့်ဝေးတဲ့ ဝန်ကုန်းရွာအနီးမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင် လေးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW