သူတို့အိမ် အခန်း – ၆၈

ဆူးငှက်

 

 

စနေ တနင်္ဂနွေ၊ အခမဲ့ စေတနာ သင်တန်းမှာ
————————————————-

တစ်နေ့စာကို တစ်နေ့ မှန်မှန်လုပ်သွားတော့ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု ရှိလာသည်။ ပင်ပန်းမှုလည်း မရှိတော့။ အထူးသဖြင့် အတန်းထဲမှာကတည်းက ဆရာများ၏ အသင်အပြတွင် အတော်များများ နားလည် သဘောပေါက်သွားတာက အဓိကဖြစ်သည်။ ထို့ကြောင့် ဒီနှစ် စာမေးပွဲက အောင်မှာ သေချာသည်ဟုလည်း ယုံကြည်မှုက ခိုင်မာလာသည်။ ကျွန်တော်တို့ သူငယ်ချင်းများကလည်း အားသစ်တွင် နေ့စဉ် တက်သည့် အပြင် စနေ တနင်္ဂနွေနေ့မျာတွင် မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံအနီး ဗလီဝင်းထဲက စေတနာ သင်တန်းသို့လည်း တက်ရောက်ကြသည်။

ထိုသင်တန်းမှာ ဗလီက ဖွင့်လှစ်ခြင်း ဖြစ်ပြီး ထိုစဉ်က အ.ထ.က ၁၉တွင် ကျောင်းအုပ်ဆရာကြီး အဖြစ် တာဝန်ယူနေသူ ဆရာဦးဘိုကြီး က ဦးဆောင်သည်။ ဆရာကြီးက အင်္ဂလိပ်စာသင်သည်။ ထို့ပြင် စာရေးဆရာ ချင်းတွင်းချစ်သွေးက မြန်မာစာ၊ ဆရာမ ဒေါ်ခင်စန်းဝေ က ဓာတုဗေဒ သင်ပြီး ဆရာဦးကျော်လွင် အပါအဝင် ပြင်ပ ကျူရှင်လောကတွင် နာမည်ကြီးသော ဆရာကြီးများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် စေတနာဖြင့် လာရောက် သင်ကြားကြသည်။

ဘာသာရပ်တိုင်းတွင် နာမည်ကျော်ဆရာများမို့ အသင်အပြ ကောင်းလှပါ၏။ ထိုအထဲမှ ကျွန်တော်က ဆရာ ချင်းတွင်း ချစ်သွေး ၏ အချိန်ကို သဘောကျနေသည်။ ထိုစဉ် ဆရာက လမ်းစဉ်ပါတီ၏ သဘောတရားရေးရာ သင်တန်းများတွင် နည်းပြဆရာ ဖြစ်သည်။ ဆရာက မြန်မာစာကို စာပေဟောပြောပွဲကဲ့သို့ သင်ကြားသည်။ အပြောအဟောကလည်း ကောင်း၊ အသံသြဇာကလည်း ပြည့်မို့ ဆရာ့အချိန်ဆိုလျှင် အပြင်ကပါ လာရောက် နားထောင်ကြ၏။ ထိုစဉ်က လမ်း၃၀အတိုင်း ၈၄လမ်းမှ အရှေ့တက်ကာ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံသို့ ရုပ်ရှင်ကြည့်ရန်ဖြစ်စေ၊ ၈၃လမ်းအတိုင်း ၃၁လမ်း ၃၂လမ်းသို့ သွားလိုသည်ဖြစ်စေ ခြေကျင်နှင့် စက်ဘီးသမားများက လမ်းလယ်ဘုရား၏ တောင်ဘက်ကပ်လျှက် ဝင်းကြားမှတဆင့် ဗလီဝင်း မြောက်ပေါက်ကိုဝင်ပြီး အရှေ့ပေါက်ထွက်ကာ ၈၃လမ်းသို့ တက်ကြသည်။

ထိုအခါ ဗလီဝင်းမြောက်ဘက်အပေါက် အဝင်စရှိ သင်တန်းခန်းမဘေးက ဖြတ်ကြရသောကြောင့် ဆရာ ချင်းတွင်းချစ်သွေး၏ အချိန်နှင့် တိုးနေလျှင် ဘယ်သူမှ ရပ်၍ နားမထောင်ဘဲ မနေနိုင်ကြ။ ထို့ကြောင့် ကျူရှင်အပြင်ဘက် ပြတင်းပေါက်မှာ ပရိသတ်ကလည်း အများအပြားရှိနေသည်။

 

စာရေးဆရာ၏ မြန်မာစာ အချိန်
—————————————-

ဆရာက သူ့သင်ခန်းစာတွင် အထူးဦးစားပေးပြောတာက ဆရာတင်မိုး၏ ကဗျာများကို ထုတ်နှုတ် ပမာပြု ပို့ချခြင်း ဖြစ်သည်။ ဆရာတင်မိုး၏ ကဗျာများအနက် ထိုစဉ်က ထွက်တာ မကြာသေးသော ဆရာတင်မိုး၏ “စိမ်းလန်းသော အိပ်မက်” ကဗျာစာအုပ်မှ ဒေါက်တာ ဂျော်နီအမည်ရှိ ကဗျာကို တစ်ပိုဒ်ချင်းရွတ်ကာ လူ့ဘုံလောကနှင့် ဆက်စပ် သိုင်းဝိုင်း ပို့ချခြင်းဖြစ်သည်။ လူ့ဘုံလောကကို သုံးသပ်ရာတွင်လည်း ဆရာက လူတန်းစားကို အခြေခံသည့် ဆိုရှယ်လစ်အမြင်ပဲပေါ့။ သို့သော် ကဗျာကို အသံနေအသံထား အဖြတ်အတောက် ကောင်းကောင်းနှင့် ရွတ်ဆိုသည်ကို ကြားရသည်ကပင် ကြက်သီးမွေးညင်း ထလောက်ပါ၏။

ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့်
အမ်စီကို ရောက်ခဲ့တယ်။
မက်(စ်)၊ ဖစ်ဆစ်၊ အင်္ဂလစ်ရှ်မှာ
ဒစ်စတေးရှင်းတွေ၊ ဖြိုင်ဖြိုင်ဝေတော့
အိုင်အယ်လ်အေ ကောင်းခဲ့တယ်။

ဟူသော ပထမအပိုဒ်ကို ရွတ်ဆိုပြီး ဂျော်နီဟု မှည့်လေ့မှည့်ထရှိသည့် လူတန်းစားအကြောင်း၊ အင်္ဂလိပ်နာမည် မှည့်ရသည့် မစ်ရှင်ကျောင်းများနှင့် ပညာရေး စံနစ်၊ မည်ကဲ့သို့ လူတန်းစားများသာ ထိုကျောင်းများတွင် တက်ရောက်နိုင်ကြသည် ဟူသော အချက်အလက်နှင့် စီးပွားရေးစံနစ်၊ အမ်စီဟုခေါ်သော ဆေးတက္ကသိုလ်အကြောင်း၊ မြန်မာပြည်က လက်ရှိ တေးတက္ကသိုလ်များ အကြောင်းနှင့် တက်ရောက်ခွင့်ရသူ တက်ရောက်ရန် တတ်နိုင်သူ လူတန်းစားများအကြောင်း၊ ဒစ်စတေးရှင်းဟူသည့် ဂုဏ်ထူးရမှတ်ကို ဘယ်လိုကျူရှင်မျိုးတွင် ဘယ်လောက် အကုန်ခံ၍ တက်ရောက်ရကြောင်း၊ အိုင်အယ်လ်အေ ဟူသည့် ဝေါဟာရနှင့် အချက်အလက်များကို ရှင်းပြ ဆိုတော့ ပထမအပိုဒ် စာကြောင်း ၅ ကြောင်းနှင့်ပင် စာသင်ချိန် ၄၅မိနစ်က ခဏလေးပဲ ထင်ရအောင် ဆွဲဆောင်နိုင်သည့် ပို့ချမှု ဖြစ်သည်။ နောက်တစ်ရက် ကဗျာ ဒုတိယအပိုဒ်ပေါ့။

မောနင်းကျူရှင်၊ နိုက်ကျူရှင်နှင့်
ကွက်ရှင်ဟူသမျှ၊ အနံ့ရရာ
အိမ်ကကားနှင့် ပို့ခဲ့တယ်။
ရီဇတ်အောက်တော့၊ မျက်နှာမော့၍
ရင်ကော့နိုင်သေး၊ ဘာလိုသေးလဲ
ဆေးကျောင်း ဒါရိုက်ရောက်တော့တယ်။

 

 

ဂျော်နီနဲ့ မော်လီ
———————

ဒီအပိုဒ်မှာလည်း ဆရာက နေ့ကျူရှင် ညကျူရှင်ကို အိမ်ကကားနဲ့ အပို့အကြိုလုပ် ငွေလမ်းခင်းပြီး သင်ကြတဲ့ ဂျော်နီတို့လို လူတန်းစားအကြောင်း၊ စာမေးပွဲနဲ့ပဲ ဘဝကို ဆုံးဖြတ်စေတာကြောင့် စာမေးပွဲ အမှတ်ကောင်းဖို့ မေးခွန်းပေါက်နိုင်တဲ့ နေရာမှန်သမျှ အနံ့ခံ ငွေနဲ့ပေါက်ပြီး လိုက်ကြပုံ၊ ဒီလောက် သုံးပြီး လုပ်ကိုင်ထားတော့ အောင်စာရင်းထွက်တော့ ခေါင်းမော့ ရင်ကော့ နိုင်တာပေါ့တဲ့။

ဒါကြောင့် အမှတ်ကောင်းတာသေချာပြီမို့ ဆေးကျောင်းကို တက်ခွင့်လည်းရ တက်နိုင်တဲ့ တတ်နိုင်မှုလည်း ရှိတဲ့ သူတို့အလွှာ၊ စသည်ဖြင့် တစ်ချိန်ကုန်အောင် ပြောလိုက်တာ တဝါးဝါးနဲ့ ရယ်ကြရ၊ အံ့သြကြနဲ့ပေါ့။ ဒီတော့ ဆရာချင်းတွင်းချစ်သွေးရဲ့ မြန်မာစာ အချိန်က ကျောင်းစာသာမက ပြင်ပဗဟုသုတ တွေလည်း အများကြီးရစေခဲ့သည်။ ဆရာတင်မိုး၏ ကဗျာကလည်း အထေ့အငေါ့ အလှောင်အပြောင် လေးများနှင့် ပညာရေးစံနစ်နှင့် လူတန်းစားအလွှာ၏ အနိမ့်အမြင့်ကိုလည်း စကားလုံးပြောင်မြောက်စွာ ရေးဖွဲ့ထားခြင်းမို့ ကဗျာရွတ်လိုက်တိုင်း ကြက်သီးထဖွယ် ဖြစ်ပါ၏။

ထို့အတူ ကဗျာတွင် နောက်ထပ် ဇာတ်ကောင် တစ်ဦးကို ဒီလို မိတ်ဆက်ခဲ့သည်။

အမ်စီတက်တော့
ဆိမ်းဗက်ချ်က၊ ခပ်ကြွကြွလေး
ကောင်မလေးနှင့်
စာမေးရင်းက ဆုံကြတယ်။
ဒီကောင်မလေး အသွေးဖြူဖြူ
နှုတ်ခမ်းထူသနဲ့။ အမူပိုပို၊ အဖိုအရှိုက်
ဘီးဟိုက်အုပ်လုံး၊ နားရွက်ဖုံးသနဲ့။
မျက်လုံးကစား၊ ခြေဖျားမြှောက်ချီ
ပိုးတီတွန့်ဟန်၊ ခေတ်ကဆန်သနဲ့။
ဟန်ပန်သွက်သွက် လျှပ်လိုလက်တော့
ပရက်တီကယ်မှာ ဆုံကြတယ်။

ဒီဇာတ်ကောင် နာမည်က မော်လီတဲ့။ သူကလည်း သူ့ဒက်ဒီနဲ့ မာမီက အမ်စီသွားပါ ဆိုလို့သာ တက်ရတာ ဝါသနာမပါဘဲ တက်ရလို့ စိတ်ကုန်လိုက်တာတဲ့။ ဒါကြောင့် ရုပ်ရှင်ကြည့်လိုက် သူ့မွေးနေ့ ကိုယ့်မွေးနေ့ တက်လိုက်၊ လက်ဖက်ရည်ဆိုင် ထိုင်လိုက် ကော်ရစ်ဒါမှာ ရည်းစားနဲ့တွေ့လိုက်၊ လူခြေတိတ်ရင် တိတ်သလို ရည်းစားနဲ့ ပလူးလိုက်၊ အင်းလျားကန်ဘောင် အတူသွားပြီး စိတ်လွတ်လက်လွတ် နှစ်ကိုယ်ယှဉ်တွဲ ပျော်မြူးကြတာ တစ်ညနေ မှာတော့ ရီဝေရီဝေနဲ့ အိမ်အပြန် ထွေခဲ့ပါသတဲ့။ ဒီလိုနဲ့..

 

ကိုင်း.. ဖျားကြ နာကြစို့ တူပျော်ပျော်
—————————————-

သည်လိုနှင့်ပင်
ရုပ်ရှင်ကြည့်လိုက်၊ စာကျက်လိုက်နှင့်
တွဲလိုက် လည်လိုက် ဖားခွဲလိုက်နှင့်
အမြိုက်အရသာ ခံစားရာက
ဒေါက်တာဂျော်နီ ဖြစ်ပါရော။
ဒေါက်တာမော်လီ ဖြစ်ပါရော။
ထို့နောက် –
‘ဒေါက်တာဂျော်နီ ၊ အမ်ဘီဘီအက်စ် နှင့်
‘ဒေါက်တာ မော်လီ ၊ အမ်ဘီဘီအက်စ်’ ဟု
ပြောင်လက် ကြေးပြား၊ အထင်းသားဝယ်
ကားနှင့် တိုက်နှင့် မော်လီနှင့်မို့
တင့်တင့်တယ်တယ် ဖြစ်ခဲ့တယ်။…. တဲ့။
ဆရာတင်မိုးက သူ့ကဗျာကို ဒီလိုထေ့လုံးနဲ့ နိဂုံးချုပ်လိုက်ပါလေရော။
အို… အလုပ်သမား၊ လယ်သမား
ပြည်သူများတို့
ဂျော်နီတို့ လင်မယား၊ တန်ခိုးထွားအောင်
များများ ဖျားနာကြပါကုန်။ ။ ဟူလို။

 

လူဆိုးလူကောင်းလေးတွေ
—————————–

အားသစ်ကျူရှင်တွင် တစ်နေ့သော အခါ၌ ကျောင်းလခ ပေးရန် အခက်အခဲရှိသူများ ရုံခန်းရှိ ဆရာဦးဇော်ဝင်းထံ လာရောက် တင်ပြပါက ကျောင်းလခ ကင်းလွတ်ခွင့်ပြုမည်ဟု ကြေညာသည်။ ထိုအခါ ကျွန်တော်တို့ သူငယ်ချင်း ၅ယောက်စလုံး နောက်ကျမခံဘဲ ရုံခန်းထဲသို့ အလျင်အမြန်သွားကာ ဆရာဦးဇော်ဝင်းထံ ကျောင်းလခ သွင်းရန် ခက်ခဲနေကြောင်း စာရင်းပေးကြသည်။

ဆရာဦးဇော်ဝင်းရော၊ ဆရာဦးကျော်ညွန့်ရော ကျွန်တော်တို့ကို ကရုဏာသက်စွာ ကြည့်ပြီး ၅ယောက်စလုံးကို ကျောင်းလခ ကင်းလွတ်ခွင့် ပြုလိုက်သည်။ ထိုမျှမက အခြား ကျောင်းသုံး စာအုပ် စာရေးကိရိယာ စသည့် ပစ္စည်းများ လိုအပ်ပါကလည်း အချိန်မရွေးလာပြောပါ၊ ကူညီပါမည်ဟု ဆိုကာ ဆရာ ၂ယောက်စလုံးက ကျွန်တော်တို့ ပုခုံးများကို ပွေ့ဖက်ကာ အားပေးလိုက်သေး၏။ တကယ်တော့ ကျွန်တော်တို့ ၅ယောက်စလုံး လကုန်တိုင်း ကျူရှင်လခ ၁၅ကျပ်တောင်းပြီး သုံးကြခြင်း ဖြစ်သည်။

နောက်ထပ်ရှိသေးသည်။ အားသစ်မှာ ဇီဝဗေဒဘာသာသင်သော ဆရာက ဦးခင်မောင်ဆန်းတဲ့။ ဆရာက ငယ်သေးသည်။ ချောသည်။ ကျောင်းသူကြီးတွေက ဆရာ့အချိန်ဆို အလွတ်မခံ၊ ဆရာသင်တာကို မျက်တောင် မခတ် ငေးနေကြသည်။ တစ်နေ့သား ဆရာက နက်ဖြန် ဘိုင်အိုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ဖြေရမယ်။ အမှတ် အနည်းအများအလိုက် ဆုပေးမယ်ဟု ပြောသည်။ အားလုံးမှာ ဟေးခနဲအော်ကာ သဘောကျသွားကြသည်။ ကျွန်တော်တို့ ၅ယောက်က အများက တသသဖြစ်နေကြသည့် ဆုကို မလိုချင်သောကြောင့် နက်ဖြန် ဘိုင်အိုမေးခွန်းကို လျော့ဖြေကြဖို့ သဘောတူကြသည်။

ဒီတင် သူငယ်ချင်း ကျော်ရွှေက သဘောတူထား သလို လျော့ဖြေမဖြေ ဘယ်လိုသိနိုင်မှာလဲ ဟု မေးတော့။ ဟုတ်တယ် ဒီ၅ယောက်ထဲက အမှတ် အများဆုံး သူက အားလုံးကို လက်ဖက်ရည် တိုက်ကြေးဟု စိန်ခေါ်လိုက်ကြသည်။ အကယ်၍ လျော့ဖြေသည်ကို ဆရာက ဒီကောင်တွေ စာမရဘူး အဖျင်းတွေဟုလည်း မထင်မှတ်စေအောင် မေခွန်း အားလုံးကို အကောင်းဆုံး ဖြေမယ်။ ပြီးရင် အားလုံး ကြက်ခြေခတ် ပစ်မယ်ဟု သဘောတူကြ၏။

ဤသို့ဖြင့် နောက်ရက် ဘိုင်အို စာမေးပွဲကို အကောင်းဆုံးဖြေကာ အဖြေလွှာ အားလုံး ကြက်ခြေခတ် လိုက်ကြတော့၏။ နောက်ရက် ဆရာ ဦးခင်မောင်ဆန်း က အမှတ်စာရင်းကြေညာတော့ သူ့ဘာသာကို အားတက်သရော အကောင်းဆုံးဖြေကြလို့ ကျေးဇူးတင် ဝမ်းမြောက်ကြောင်းနှင့် စိတ်မကောင်းစရာ တစ်ခုလည်းရှိကြောင်း၊ ကျောင်းသားတစ်စုက သူ့ဘာသာကို အားလုံး ဖြေပြီးမှ ကြက်ခြေခတ်ခဲ့ကြောင်း၊ အကယ်၍ ဆရာကို မကျေနပ်တာ ရှိလျှင်လည်း ပွင့်ပွင့်လင်းလင်း ပြောစေလိုကြောင်း ဝမ်းနည်းစွာ ပြောတော့ ကျွန်တော်တို့လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စိတ်မကောင်းကြတော့။

ထို့ကြောင့် ဆရာ့အချိန်ပြီးလို့ အတန်းထဲက ထွက်သွားသည်နှင့် ရုံခန်းထဲရောက်နေသော ဆရာဦးခင်မောင်ဆန်း ကို အကျိုးအကြောင်း ဖွင့်ပြောကာ ကန်တော့ တောင်းပန်ကြသည်။ ထိုအခါ ဆရာက မင်းတို့ကွာ ကြံကြံဖန်ဖန် လောင်းကြတယ်ဟု ဆိုပြီး ခွင့်လွှတ်သည်။ အနားမှာရှိသော ဆရာ ဦးကျော်ညွန့်က ကျွန်တော်တို့ ပြောသည်ကို ပြုံးပြုံးကြီး နားထောင်ပြီး ကျွန်တော်တို့ ၅ယောက်ကို ဤသို့ နာမည်ပေး လိုက်တော့သည်။ “လူဆိုးလူကောင်းလေးတွေ” ..တဲ့။

ဒါတောင် ကျောင်းလခ ကင်းလွတ်လျှောက်ပြီး လက်ဖက်ရည်သောက်ပစ်ကြတာ ဆရာဦးကျော်ညွန့် မသိ။ မည်သို့ပင် ဖြစ်စေ အားသစ်မှာ တက်စဉ်ကာလ တလျှောက်လုံး ပျော်သည်။ ကျောင်းလည်း မပျက်၊ အတန်းလည်းမပျက်။ မနက်လင်းတာနှင့် ကျောင်းသို့ပဲ ရောက်ချင်နေသည်။ အတန်းထဲက ခုံမှာ အစောဆုံ ဝင်ထိုင်ပြီး ဆံပင်စည်းလေး၂ဖက် ခါခါခါခါနှင့် သနပ်ခါးနံ့သင်းနေသော ဖြူဖြူချောချော ကပြားမလေး အတန်းထဲဝင်လာကာ နှုတ်ဆက်အပြုံးကို မျှော်နေမိသည်။ သူဝင်လာပြီး သနပ်ခါးနံ့လေးသင်း၊ ဆံပင်စည်းလေးခါသွားအောင် နောက်သို့ လှည့်ကာ “ဟိတ်” ဟု တစ်လုံတည်းသော စကားဖြင့် နှုတ်ဆက်လိုက်လျှင်ပင် ထိုနေ့တစ်နေ့လုံး ဆရာတွေသင်သမျှ စာတွေ အလွတ်ရလောက်အောင် စိတ်ကြည်လင် ဉာဏ်ရွှင်နေတော့သည်။

စီးပိုးသံ ငေါက်ငန်းသံမဟုတ်ဘဲ၊ ရင်းနှီးဟန် ပိုင်စိုးဟန် စိတ်ချင်းတူမျှ အသိအမှတ်ပြုဟန် ကဲသော “ဟိတ်” ကို သတိရပါဘိ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW