နေပြည်တော် မတ် ၂၂ -၂၀၂၆
နေပြည်တော် မြို့မစျေးက ကားဂိတ်တွေမှာ သင်္ကြန်အိတ်ရက် ကြိုတင်လက်မှတ်တွေကို ဆီစျေးအတက်အကျအခြေအနေကိုကြည့်ပြီး မတ်လကုန်မှ ရောင်းချကြမယ်လို့ ကားဂိတ်တွေက ညှိနှိုင်းထားကြတယ်လို့ သိရပါတယ်။
“ဟုတ်ပါတယ် ကျွန်တော်တို့ မြို့မစျေးတောင်ဖက်အခြမ်းမှာရှိတဲ့ ကားဂိတ်တွေအကုန်လုံး အခုလကုန်မှ ရောင်းဖို့ညှိနှိုင်းထားပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က ဆီစျေးအတက်အကျပေါ်ကိုကြည့်ပြီးရောင်းရမှာပါ အကယ်၍ ကြိုတင်ရောင်းချပြီးမှ ဆီစျေးထပ်ပြီးတက်သွားရင် ခရီးသည်တွေဆီက ထပ်တောင်းဖို့ ခက်ခဲမယ့်အတွက် အခုလို ညှိနှိုင်းထားတာပါ လကုန်ရက်လောက်မှရောင်းတော့ ဆီစျေးကိုလည်း ကြိုတင်ခန့်မှန်းတွက်ချက်လို့ရမယ့်အပြင် အတက်စျေးဖက်ကို ကြိုခန့်မှန်းပြီး ဘယ်ခရီးစဥ်ကို ဘယ်လောက်နှုန်းနဲ့ရောင်းချရမယ်ဆိုတာ အနီးစပ်ဆုံး ကျွန်တော်တို့တွက်ချက်လို့ရမယ်ပေါ့ အဲ့ဒါကြောင့် အခုလို ကားဂိတ်တွေညှိနှိုင်းထားတာဖြစ်ပါတယ်” လို့ မြမြင့်မိုရ်ဂိတ်က ကိုကျော်စိုးက ပြောပြပါတယ်။
မြိုမစျေးက စည်တော်ကြီး ကားဂိတ်ကတော့ ကြိုတင်ရောင်းချထားတဲ့ လက်မှတ်တွေအတွက် ဆီအခက်အခဲအတွက် ကြိုတင်ခန့်မှန်းလို့မရတဲ့အတွက် သူတို့ဂိတ်က ရောင်းထားတဲ့ လက်မှတ်တွေအတွက် ကြိုတင်ဝယ်ယူထားကြတဲ့ခရီးသည်တွေကို လက်မှတ်ဖိုး ငွေပြန်အမ်းထားတယ်လို့သိရပါတယ်။
“ဟုတ်ပါတယ် ရောင်းပြီးသားလက်မှတ်တွေကို ကျွန်မတို့ဂိတ်က ငွေပြန်အမ်းပေးခဲ့ပါတယ် ဘာလို့လည်းဆိုတော့ ကြိုတင်ရောင်းထားပေမယ့် ကားထွက်မယ့်ရက်မှာ ဆီအခက်အခဲကြောင့် ကားမထွက်နိုင်ဘူးဆိုရင် ခရီးသည်တွေအတွက်လည်းအခက်အခဲဖြစ်မယ် ဂိတ်အတွက်လည်းပြဿနာရှိနိုင်ပါတယ် အခုလိုငွေပြန်အမ်းထားတာကြောင့် ခရီးသည်တွေဖက်ကလည်း သူတို့ ကြိုက်တဲ့ယဥ်လိုင်းကိုရွေးချယ်နိုင်ဖို့ပါခရီးသည်တွေဖက်ကလည်း ကျေနပ်ကြပါတယ်” လို့ စည်တော်ကြီးယဥ်လိုင်း မြို့မစျေးဂိတ်က မစန္ဒာမြင့်က ရှင်းပြပါတယ်။
မြိုမစျေးက ရွှေမန်းသူ ယဥ်လိုင်းကတော့ ကြိုတင်ရောင်းချခြင်းလုံးဝမရှိသေးတဲ့အပြင် ဘယ်နေ့မှ ကြိုတင်ရောင်းချမယ်ဆိုတဲ့ ကြေငြာခြင်းကိုလည်းမပြုနိုင်သေးဘူးလို့သိရပါတယ်။
ရိုးမ ယာဥ်လိုင်းကဂိတ်မှူးကတော့ “ကျွန်မတို့ကတော့ ဆီအခက်အခဲကြောင့် တရက်ချင်းပဲရောင်းမယ်လို့တောင် စိတ်ကူးထားတယ် ဒီမှာက ဝန်ထမ်းတွေများတယ်လေ ရောင်းပြီးမှ ကားမထွက်နိုင်ရင် ကျွန်မတို့ ကားဂိတ်တွေကို ပြဿနာရှာတတ်တဲ့ ဖြစ်စဥ်တွေရှိပါတယ်”လို့ ဆိုပါတယ်။
အလားတူပဲ နေပြည်တော်မြို့မစျေးရဲ့အရှေ့ဖက်ခြမ်းမှာရှိကြတဲ့ကားဂိတ်တွေ အတော်များများကလည်း သင်္ကြန်ကြိုတင်လက်မှတ်တွေကို အခုလက်ရှိရောင်းချပေးခြင်းမရှိသေးဘူးလို့ သိရပါတယ်။
