သူတို့အိမ် အခန်း (၈၄)

ဆူးငှက်

၁၀တန်း မအောင်မချင်း သည်မြေ မနင်း
————————————-

တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများလည်း တင်ပြီးပြီ။ ထို့အတူ ပညာသင် ထောက်ပံ့ကြေး လျှောက်လွှာကိုလည်း လိုအပ်သော ထောက်ခံစာများနှင့် အတူ တင်ပြီးပြီ။ ထို့ကြောင့် တက္ကသိုလ် အိပ်မက်နှင့် စိတ်ကူးယဉ်ဖို့ပဲ ရှိသည်။ ကျွန်တော်သည် ၁၀တန်းမအောင်ခင်က မန္တလေးတက္ကသိုလ်ဝင်းထဲ အလည်အပတ်သွားဖို့ အခွင့်အရေးကြုံပါသည်။ သို့သော် ၁၀တန်းမအောင်ဘဲ ဘယ်တက္ကသိုလ်မြေမှ ခြေမချဟု သန္နိဋ္ဌာန် ချထားသည်။ ဒါက ရည်မှန်းချက် ယုံကြည်ချက်ဖြင့် မဟုတ်။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဖြင့် ခြေမချရဲ မဝင်ရဲခြင်း ဖြစ်သည်။

သို့သော် ငယ်စဉ်ကာလ ၇နှစ်သားလောက်က မန္တလေးတက္ကသိုလ်ဝင်းထဲသို့ အမေနှင့် တစ်ခေါက်တော့ ရောက်ဖူးပါ၏။ ပင်မဆောင်ကြီး အရှေ့တောင်ဘက်ရှိ တက္ကသိုလ်ဆရာမကြီး တစ်ယောက်ထံသို့ အမေက ဆီသွားပို့စဉ် လိုက်သွားခြင်းဖြစ်သည်။ အခု ပြန်စဉ်းစားလိုက်တော့ ဈေးချို အနောက်ဘက် ဒေါင်းရိုးရပ်ကနေ တက္ကသိုလ်ဝင်းထဲထိ သားအမိနှစ်ယောက် ခြေကျင်သွားခဲ့ကြခြင်း ဖြစ်သည်။ အမေက ၂ပိဿာခွဲဝင် ဆီပုံးလေး ခေါင်းပေါ်ရွက်လို့၊ ကျွန်တော်က အမေ့ထမီစ ဆွဲလို့ ဘတ်သီဘတ်သီနှင့် လိုက်သွားသည်။ ကျောင်းထဲက ဆရာမကြီး အိမ်က အုတ်ကြွပ်မိုးနှင့် တစ်ထပ် အုတ်တိုက်နီလေး ဆိုတာ မှတ်မိနေသည်။ ဆရာမကြီးက ရေတိုက်တာ ငှက်ပျောသီးတွေ ကျွေးတာ အပြန်မှာလည်း ချိုချဉ်နှင့် ငှက်ပျောသီးတွေ ထည့်ပေးလိုက်သည်။

ဘယ်သွားသွား ခြေကျင်
—————————–

တကယ်တော့ အမေနှင့် အဘ က တောသူတောင်သားတွေမို့ မန္တလေးရောက်တော့လည်း စက်ဘီးလည်း မစီးတတ်သောကြောင့် ဘယ်နေရာသွားသွား ဘယ်လောက် ဝေးဝေး ခြေကျင်ပဲ သွားသည်။ အထူးသဖြင့် အဘက ကားမူးတတ်တော့ ဘယ်ဘတ်စ်ကားမှ မစီး။ အမေ က လည်း ဘတ်စ်ကား မစီးတတ်။ တော်ရုံတန်ရုံလည်း မြင်းလှည်းတို့ ဆိုက်ကားတို့ကို ပိုက်ဆံကုန်ခံပြီး မစီးကြ။ မိသားစုလိုက် ဘုရားကြီး မန္တလေးတောင် စသည့် ဘုရားဖူးခရီးမှ၊ ဘူတာသို့ အထုပ်အပိုးတွေနှင့် မီးရထားစီးဖို့ သွားမှ၊ ဖီးလိမ်းခြယ်သပြီး သမီးများ တူမများနှင့် ရွှေမန်းတင်မောင် ဇာတ်ကြည့်မှ မြင်းလှည်း ငှားသည်။ အဘနှင့် ဖြစ်စေ၊ အမေနှင့် ဖြစ်စေ ကျွန်တော်လိုက်ရတိုင်း ခြေကျင် ယွန်းကြတာများသည်။

ထိုကာလက မန်းရာပြည့်ကွင်းတွင် ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့၊ အပိုလို ၁၁ ပြပွဲ၊ ဘုန်းကြီးပျံ စသည့် ပွဲလမ်းရှိ၍ အဘနှင့် ကျွန်တော် သားအဖ ၂ယောက် သွားကြတိုင်း အသွားအပြန် ခြေကျင်ချည်း ဖြစ်သည်။ အဘရော အမေရော သူတို့ ဈေးရောင်းကြသည့် ရပ်ကွက်တွေက နီးနီးနားနားမှ မဟုတ်တာ၊ အဘဆို ကျုံးအနောက်လမ်း မြောက်ပြင်တခို ၁၃လမ်း ၁၄လမ်းထိ ဆီ ၂ပုံး ထမ်းပိုး လျှိုထမ်းပြီး ခြေကျင် ဈေးရောင်းသည်။

အမေကလည်း တောင်ပြင် စာတိုက်တန်း ရသာတန်း ဆေးရိုးဝင်း ကြယ်ခတ်ဝင်း ဒီဘိုးဝင်း မလွန် ဘီလူးမညောင်ပင် ပဲဝင်း တခို မနက်ဈေး ညနေဈေး ၁၀ပိဿာဝင် ဆီပုံးကို ဗျပ်နှင့် ရွက်ပြီး ရောင်းချခဲ့သည်။ ထို့ကြောင့် တော်ရုံခြေကျင်ခရီးတော့ မမှုကြ။ သည်တော့ အဘနှင့် အမေ ၏ တစ်ဦးတည်းသော သား ကျွန်တော်ကလည်း မိဘ၂ပါးခြေရာ ထပ်တူနင်းပြီး ခြေကျင်ခရီးဆိုလျှင် ငြီးလေ့ မရှိခဲ့။ ငယ်စဉ်က ပြောတာပါ။ အခုတော့ ၂ပြလောက် ဆိုလျှင်ပင် ဒရွတ်တိုက်နေပါပြီ။

ထိုစဉ်ကာလ M.A.S.U တဲ့
——————————

ကျွန်တော်က ခပ်လွယ်လွယ် မန္တလေးတက္ကသိုလ်ဟု ပြောနေသော်လည်း ထိုစဉ်က မန္တလေးဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ် က တရားဝင် အမည်ဖြစ်သည်။ အင်္ဂလိပ်လိုက Mandalay Art and Science University မို့ အတိုကောက်ဖြင့် M.A.S.U ဟု ခေါ်ကြသည်။ မန္တလေးတက္ကသိုလ် က မြန်မာပြည်တွင် ဒုတိယ အကြီးဆုံးနှင့် ဒုတိယ သက်တမ်းအရင့်ဆုံး တက္ကသိုလ် ဖြစ်သည်။ ထိုစဉ်ကာလ ကျွန်တော် ဖတ်ဖူးမှတ်ဖူးခဲ့သည်က မန္တလေးတက္ကသိုလ်သည် ၁၉၂၅ ခုနှစ် ကတည်းက ဥပစာကောလိပ် အဖြစ် စတင် ဖွင့်လှစ်ခဲ့တာတဲ့။

ထိုနောက် စစ်ကြီးအပြီး ၁၉၄၈ ခုနှစ် ဇွန်လတွင် မန္တလေး ယူနီဗာစီတီ ကောလိပ် အဖြစ် ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်မှာ မန္တလေးတက္ကသိုလ်အဖြစ် သီးခြား ရပ်တည်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် ဟု အသွင်ပြောင်းခဲ့ခြင်း ဖြစ်သည်။ (၁၉၈၀ ခုနှစ်မှာတော့ မန္တလေး တက္ကသိုလ်ဟူသော မူလအမည်နှင့် ဆက်လက် တည်ရှိခဲ့သည်)။

တစ်နေ့သော အခါ
————————

ဤသို့ဖြင့် တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများတင်ပြီး အကြောင်းပြန်ကြားလွှာကို စောင့်ရင်း စာဖတ်လိုက် လည်ပတ်လိုက် အိပ်လိုက် စာလိုက်နှင့် တက္ကသိုလ်ကျောင်းသားလေားအဖြစ် အခွင့်အရေးတွေ ယူနေတော့သည်။ မှတ်မှတ်ရရ မန္တလေး၏ မေလ ရက်လတစ်ရက်လောက် ဖြစ်မှာပေါ့။ မေလ၏ ထုံးစံအတိုင်း မနက်လင်းကတည်းက ခြစ်ခြစ်တောက်ပူနေသည်။ အိမ်မှာလည်း မနက် ၉နာရီလောက် ကတည်းက မမခင်လှတို့က သမဝါယမဆိုင်က ကုန်ဝယ်စာအုပ်တွေ အပေါင်ခံပြီး ထုတ်ထားသော ဆန်တွေကို အိမ်ရှေ့မှာ မိုးကာ တာလပတ်ကြီး ခင်း၍ စုပုံထားပြီး တစ်တင်းခွဲ အိတ်တွေထဲ အလုပ်သမား ၂ယောက်နှင့် ပြန်ထည့် နေကြသည်။

အမေက ၁၁နာရီလောက်တွင် ဈေးရောင်းရာမှ ပြန်လာပြီး အိမ်ရှေ့ကွပ်ပျစ်တွင် သူ့လက်စွဲတော် အရိုူရှည် နှီးယပ်တောင်ကြီး ယမ်းပြီး လှဲနေသည်။ ကျွန်တော်က ထမင်းစားပြီးတာနှင့် ပူလွန်းလှ သောကြောင့် စွပ်ကျယ်မျှပင် အကပ်မခံနိုင်ဘဲ အပေါ်ပိုင်း ဗလာကျင်းနှင့် ကိုမောင်ဒွေး စက်ချုပ်ခုံဘေးက သူ့ခုတင်ပေါ်လှဲရင်း သူ့သီချင်းသံတွင် မှေးခနဲ အိပ်ပျော်သွားသည်။

နွေနေ့လယ်မှာ အမေ ဒေါသဖြစ်ခြင်း
—————————————-

မည်မျှကြာအောင် အိပ်ပျော်သွားသည် မသိ၊ ကိုမောင်ဒွေးက “ကျော်ဆန်း၊ ကျော်ဆန်း .. မင်းအိမ်မှာ ဧည့်သည်တွေက မင်းနာမည် မေးနေတာတဲ့” ဟု နှိုးမှ လူလဲထ မျက်စေ့ပွတ်ကာ အိမ်သို့ ပြန်သည်။ ဘယ်က ဧည့်သည်တွေပါလိမ့်နော်။ အိမ်ရှေ့မှာတော့ အသက်၄၀ ဝန်းကျင် တိုက်ပုံနှင့် လူတစ်ယောက်၊ အဝတ်ဦးထုပ်လေး ဆောင်းကာ စတစ်ကော်လာဖြူ အင်္ကျီနှင့် သားရေတု မိုးကာအိတ် ဆွဲ ထားသူ ၅၀အရွယ် တစ်ယောက်၊ လက်ထဲမှာ ဖိုင်တွေ ပွေ့ထားပြီး ဂျုံရိုးခမောက်ဆောင်းထားသည့် အမျိုးသမီးတစ်ယောက်တို့က မမခင်လှ၏ ဆန်ပုံကြီး ဘေး ရပ်ပြီး ကြည့်ကာ အမေ့ကို မေးမြန်းနေကြသည်။

ကျွန်တော်ရောက်သွားတော့ အမေက ပြောနေသည်မှာ “ သြော်.. ဘယ့်နှယ် မထားနိုင် ရမှာတုံးတော့။ ကျုပ်တို့ သမီးတွေက အကုန် လက်လွှတ်ရပြီ၊ သူပဲ ကျန်တော့တာ၊ ကျုပ်တို့က အသက်ကြီးပေမယ့် တစ်ဦးတည်းသား ဆိုတော့ တက္ကသိုလ်ကို မဖြစ်ဖြစ်အောင် ထားမှာ၊ သူ့အစ်မက မုံရွာမှာ ရွှေဆိုင်လေ၊ သူ့မောင်လေး ကို ဘွဲ့ရအောင် စောင့်ရှောက်မှာပေါ့” တဲ့။ ကျွန်တော်က ဘယ်သူတွေ ဘာမှန်းမသိတော့ ပြူး၍ပဲ ကြည့်နေမိသည်။ အမေက ပြောနေစဉ် ဖိုင်တွေ ပွေ့ထားသည့် အမျိုးသမီးက ခေါင်းငုံ့ကာ ရေးမှတ်နေပြီး ကျွန်တော့်ကို မြင်တော့ တက္ကသိုလ်တက်မယ့် မောင်ကျော်ဆန်း ဆိုတာနော် ဟု မေးရင်း သူ့လူတွေကို ကျွန်တော့်အား မေးငေါ့ပြသည်။ ကျန် ၂ယောက်က ခေါင်းတညိတ်ညိတ်နှင့် ကြည့်သည်။

ပေးချင်စရာ စတိုင်ပင်
—————————

ထို့နောက် ကဲ.. ရပါပြီ။ ကျွန်တော်တို့က တက္ကသိုလ်တက်မယ့်သူတွေ ပညာသင်စရိတ်လျှောက်ထားတာတွေ လာစစ်တာပါတဲ။ ကျွန်တော်က ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ သူတို့က မမခင်လှ ဆန်ပုံကြီးထဲက ဆန် အနည်းငယ် ကို ကိုင်ကြည့်ရင်း ပွဲရုံလားဟု မေးတော့ မမခင်လှကလည်း ပွဲရုံသွင်းဖို့လေ ဟု ဖြေသည်။ အမေက သူတို့ ပြန်ထွက်သွားတော့ ဘောက်ဆတ်ဘောက်ဆတ်နှင့် ဘယ့်နှယ်တော် ရောက်ရောက်ချင်း အဒေါ်ကြီး အဒေါ်ကြီးသားကို တက္ကသိုလ်ဆက်ထားနိုင်ပါ့မလား တဲ့၊ မဦးမချွတ်တော်၊ ဒါကြောင့် ငါကလည်း ထားနိုင်တယ်၊ ထားနိုင်တယ်၊ ဖြစ်အောင် ထားမှာ၊ သူ့အစ်မကလည်း မုံရွာမှာ ရွှေဆိုင်ပိုင်ရှင်လို့ ပြောလိုက်တာ ဟု ပြောရင်း ဒေါသ ဖြစ်နေသည်။

ကိုင်းဗျာ…၊ အိမ်ရှေ့မှာလည်း ဆန်ပုံကြီးနဲ့၊ ဘေးမှာလည်း အသစ်လို့ ထင်ရလောက်တဲ့ ရာလေးစက်ဘီးနဲ့၊ အမေကလည်း အဲ့လိုပြော၊ ကျွန်တော်ကလည်း အိုက်လို့ စွပ်ကျယ်တောင် မပါတော့ ငယ်ငယ်တုန်းက ခမည်းပေးထားတဲ့ ရွှေမောင်းလေးကနေ ပြောင်းထားတဲ့ တစ်မတ်သား ဆွဲကြိုးကလည်း လည်ပင်းမှာ တဝင်းဝင်း။ လက်မှာလည်း တစ်တိုနီ နာရီ အသစ်ကြီးနဲ့။ ရပါလိမ့်မယ် စတိုင်ပင်၊ ရိုက်မသွားတာ ကံကောင်း..။ အိမ်က အဲ့လိုပါဆို…။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW