ဆူးငှက်
သီချင်းရေးပြီး ကျောင်းမတက်ဖြစ်တော့
ထင်တဲ့အတိုင်းပါပဲ။ ဂီတပဒေသာအတွက် တီးလုံးတိုက်နေကြပြီ၊ အကတိုက်နေကြပြီ ဆိုတာ ကြားရပြီးနောက် သုံးလေးရက်တွင်း ကျွန်တော့်ကို လှည့်ပတ်ရှာနေပြီ ဆိုတာလည်း ဆက်တိုက် ကြားလာရပြီ။ အိမ်ကို သွားရှာတော့ ကျောင်းသွားတယ်တဲ့။ ကျောင်းမှာလည်း မရှိဘူး။ ကျွန်တော်တို့ ထိုင်နေကျ ချိုကြီးကဖေး သွားရှာတော့လည်း အဲဒီဆိုင်က မအေးမာက အဲဒီအုပ်စု မလာတာ နှစ်ပတ်လောက်ရှိပြီလို့ ဖြေသတဲ့။ နောက်ဆုံး ကျွန်တော့်ကို သူငယ်ချင်းက ဘယ်လို သတင်းအနံ့ ရသွားလဲ မသိ။ ကျောက်သွေးတန်း ရွှေမောင်းတိုက်ကို လာရှာသည်။ ဘယ်လိုမှ မရှောင်နိုင်ဘဲ တွေ့တာနဲ့ ပြာပြာသလဲ နှုတ်ဆက်သည်။ ကျွန်တော့်သီချင်းကို အဖွင့်သီချင်းအဖြစ် ရွေးထားလို့ သီချင်းတိုက်နေပြီ ဆိုတာ ပြော၏။
ထို့နောက် သူ့ဆိုင်ကယ်နှင့် သီချင်းတိုက်သည့် နန်းရှေ့ပန်တျာကျောင်းသို့ ကျွန်တော့်ကို အမြန် ခေါ်သွားသည်။သူ့ခမျာ ကျွန်တော့်ကို တွေ့တာ ရွှေထုပ်ကောက်ရသလို ဝမ်းသာ ပျော်မြူးလို့။ သူ့ကို ကျွန်တော်တို့က မချစ်စု ဟုခေါ်ကြသည်။ သူက ရပ်ကွက် တီးဝိုင်းတစ်ဝိုင်းက ပင်တိုင် အဆိုတော်လည်း ဖြစ်သည်။ ထိုစဉ်က ခေတ်စားနေသည့် နေကာမျက်မှန်လေး တို့၊ စနေနေ့ည ကိုးနာရီတို့ မချစ်စု တို့ သီချင်းတွေ ပိုင်နိုင်စွာ အမြဲဆိုသည်။ ပြောကြစို့ ဆိုလျှင် မြန်မာသံ ပိုင်နိုင်သည်။
သူ့နာမည်က ကိုမောင်မောင်မြင့်၊ ဆေးရုံကြီးအနီး ဆုတောင်းပြည့်ဘုရားတည်ရှိရာ ဟေမာဇလ ရပ်ကွက်မှာ နေသည်။ ဈေးချိုထဲမှာလည်း အထည်ဆိုင်များရှိသည်။ ကျွန်တော့် သီချင်းကို သူဦးဆောင်ပြီး ကျောင်းသား ကျောင်းသူ အယောက် ၅၀ကျော် သီဆိုကြမှာတဲ့။ သီဆိုဖို့ လူစုပြီး သီချင်းစာရွက် ကိုယ်စီနှင့် ပန်တျာကျောင်းရောက်တော့ သီချင်းတိုက် ပေးမည့်ဆရာက သီချင်း မယ်လိုဒီ ကို မေးသည်။ သည်တော့ ကျွန်တော်ပေးခဲ့သည့် နုတ်စ်စာရွက်ပြတော့ အဆင်မပြေ။ သည်တော့ သီချင်းရေးသူကို ရှာရတော့တာပေါ့။ သီချင်းကတိုက်ဖို့ အဆင်သင့်။ သို့သော် လုပ်ငန်းမစနိုက်သေး။ သီချင်းရေးသူကို ရှာရတာ ၄ ရက် ၅ ရက် ကြာသွားသည်။
နန်းရှေ့ ပန်တျာကျောင်းမှာ
—————————–
ကျွန်တော် ပန်တျာကျောင်း ရောက်သွားတော့ သီချင်းတိုက်ပေးမည့် ဆရာက တခြားသူမဟုတ်။ စန္ဒရားဆရာ ကိုတင်ဝမ်းဖြစ်နေသည်။ သူကတော့ ကျွန်တော့် ကို သိမှာမဟုတ်။ ကျွန်တော်က သူ့ကို သိသည်။ သူက ကျွန်တော့် ယောက်ဖ ကိုသိန်းမောင်နှင့် ပန်တျာကျော်ဝင်း ဇာတ်ထဲက တီးဝိုင်းမှာ စန္ဒရားတီးသည်။ ကျွန်တော်က သူ့ကို အဲ့ဒီနုတ်စ်က ကိုသိန်းမောင် ရေးပေးတာဟု ဆိုတော့ အံ့အားသင့်နေသည်။ သူက ကျွန်တော့်ကို စန္ဒရားခုံပေါ်ကနေ လှမ်းကြည့်ပြီး ကိုသိန်းမောင်နဲ့ ဘယ်လို တော်တာလဲ ဟုမေးတော့ ယောက်ဖဟု ပြောသောအခါ သူက အံ့သြသွားပြီး ဒါဆို မခင်ဝင်း ရဲ့ မောင်လားဟု မေးသည်။ ကျွန်တော်က ဟုတ်ကြောင်းပြောတော့ မမခင်ဝင်းနှင့် ကိုတင်ဝမ်းက ပန်တျာမှာ တစ်နှစ်တည်း ဆင်းများဖြစ်သတဲ့။ ကိုတင်ဝမ်းက “ မသိပါဘူးကွာ၊ ဒို့က တခြားလူမှတ်နေတာ၊ နုတ်စ်စာရွက်ပေးပြီး အခန့်သားမို့ ရေးသူကိုယ်တိုင်ခေါ်ခဲ့လို့ ပြောလိုက်တာ၊ မင်းရေးပြီး ကိုသိန်းမောင် နုတ်စ်ဆိုတော့ ဘာပြောစရာ လိုမှာလဲ” ဟု ပြောမှ သီချင်းဆိုမည့် အဖွဲ့လည်း သက်ပြင်းချကြသည်။
အဖွင့် သီချင်းတဲ့
—————-
တကယ်တော့ ကျွန်တော်က သင်္ချာမေဂျာကိုသာ ယူတာ သင်္ချာနှင့် ဝေးလှသည်။ သီချင်းစပ်ကြစို့ ဆိုတော့ သင်္ချာနှင့် ပတ်သက်သည့် အချက်အလက်က ဘာမှ မရှိ။ ကျွန်တော်တို့ သင်္ချာဌာန၏ လိုဂိုဖြစ်သော တာလီ အမှတ်အသားကို အခြေခံ စဉ်းစားမိသည်။ တာလီ အမှတ်အသားက သင်္ချာ၏ မူလ ပထမပဲလေ။ ထိုတာလီ အမှတ်အသားက ကမ္ဘာဦး လူသားများ ကိန်းဂဏန်းပေါ်မီ နေ့နှင့် ညကို ရေတွက် မှတ်သားခဲ့ကြတာတဲ့။ (ထိုလိုဂိုကို ပန်းချီဦးဝင်းဖေ ရေးဆွဲသည်ဟု မှတ်သားရပါသည်) ။ ထိုအမှတ်အသားက အခုထိ အသုံးဝင်နေသည်။ ထို့ကြောင့် သီချင်းကို ဤသု့ိ ရေးစပ်ခဲ့ပါသည်။
အဖွင့်သီချင်း
—————-
ခြေဆင်း – လူ့သမိုင်းအစ ၊ သူရိယ စန္ဒာ နှစ်ဖြာနေ့ည ရေတွက် ရာက ၊ သုံးကြ သင်္ချာ…။
Cho – ( သင်္ချာ..၊ ကမ္ဘာဦးအစ ရေတွက် ကြရာ..၊ အစဉ်သာ..၊ အာကာသ ဒို့ခေတ် တိုင်အောင်သာ ၊ ထာဝစဉ် အသုံးချ
သိပ္ပံမိခင် သင်္ချာ…) ၂
A – ချိုး လက်ရေ ငါးသွယ်မှာ၊ ညှိုးလက် သူကြွယ်သန်း ၊ ပြိုင်တန်းသွားရာ ၊ လက်မ ထောင့်ဖြတ် ပုံဆောင်ကာ ၊ မှတ်သား ခဲ့ကြ ၊ မရပ်မနား တွက်ဆ ၊ ခက်မ ဆင့်ကြွယ် သင်္ချာ…။
Cho – ( သင်္ချာ..၊ ကမ္ဘာဦးအစ ရေတွက် ကြရာ..၊ အစဉ်သာ..၊ အာကာသ ဒို့ခေတ် တိုင်အောင်သာ ၊ ထာဝစဉ် အသုံးချ
သိပ္ပံမိခင် သင်္ချာ…) ၂
B – နက်ရှိုင်းပါတဲ့ ပြာရင့်မှိုင်းက ၊ အာကာ တခွင်ဝိုင်း ရစ်သိုင်းသည့်ပမာ၊ ရွှေလမှာ ထမင်းဆီဆမ်း ၊ ဓူဝံကြယ် လှမ်းဆွတ်ဖို့ လမ်းပြရှေ့ဆောင် သင်္ချာ…
Cho – ( သင်္ချာ..၊ ကမ္ဘာဦးအစ ရေတွက် ကြရာ..၊ အစဉ်သာ..၊ အာကာသ ဒို့ခေတ် တိုင်အောင်သာ ၊ ထာဝစဉ် အသုံးချ
သိပ္ပံမိခင် သင်္ချာ…) ၂
C – ကျောင်းသား ဆရာ ညီညာ ၊ ပေါင်း… စုကာ ၊ ရှေသို့ မျှော်မှန်း ၊ အောင်ပန်း ဆွတ်နိုင်မှာ..၊ ဒို့ပညာ ဒို့တန်ခိုး ၊ ဒို့တန်ဖိုး ဒို့ထမ်းကာ သုံးချပါစို့ သင်္ချာ၊ မြှင့်တင်လို့သာ ၊ လူသားတို့အကျိုး စည်ပင်တိုးအောင်၊ ရည်မျှော်ကိုးတဲ့ ၊ ဒို့ရဲ့ သင်္ချာ…။
Cho – ( သင်္ချာ..၊ ကမ္ဘာဦးအစ ရေတွက် ကြရာ..၊ အစဉ်သာ..၊ အာကာသ ဒို့ခေတ် တိုင်အောင်သာ ၊ ထာဝစဉ် အသုံးချ
သိပ္ပံမိခင် သင်္ချာ…) ၂
သီချင်းရေးဆရာ က ဆရာ
—————————–
သည်တွင် ကျွန်တော်က ကိုမောင်မောင်မြင့်ကို သီချင်း၏ ခြေဆင်းပိုဒ်အား စ၍ ချပေးသည်။ ထို့နောက် ကျန်အပိုဒ်များအား ကျောင်းသားဘက်ကခေါင်းဆောင် ကိုမောင်မောင်မြင့်နှင့် ကျောင်းသူဘက်က ခေါင်းဆောင် မာဂရက်တို့ကို ချပေးသည်။ တစ်ခုပါပဲ ကိုမောင်မောင်မြင့်က မြန်မာသံဆရာလေ။ မာဂရက်က ဘုရားကျောင်းမှာပဲ ကွိုင်ယာဆိုနေကျမို့ မြန်မာသံမှာ အစတော့ အခက်အခဲရှိသည်။ နောက်တော့ အဆင်ပြေသွား၏။ အဆင်ပြေသမှ ကျွန်တော့် မြန်မာသံသီချင်းကို ဘိုသံဝဲဝဲနှင့်မို့ ဆန်းသစ်နေသည်။ တကယ်တော့ အသံနားမလည် ကီးနာမလည် ဂီတကို နကန်းတစ်လုံးမှ မတတ်သည့် ကွှန်တော်က သီချင်းရေးကာ သီချင်းကို ကိုယ်တိုင်ဆို၍ တိုက်ပေးခြင်းက အခု ပြန်တွေးကြည့်တော့ ဆင်ကန်းတောတိုး မကြောက်မလန့် လုပ်ခဲ့ခြင်းပဲ ဖြစ်သည်။ စင်ကြောက်သော ကျွန်တော်၊ လူကြောက်သော ကျွန်တော်၊ ရေမကူးတတ်ဘဲ ကိုယ့်ကိုကိုယ် ရေထဲခုန်ဆင်းပြီး မသေအောင် ကြံဖန်ကူးခဲ့ရသလိုမို့ အမှတ်တရ ရှိခဲ့သည်။
ဒီသီချင်းကလည်း ပါမောက္ခကိုယ်တိုင် သဘောကျလို့ အဖွင့်မှာ ကျောင်းသ ူကျောင်းသား၅၀လောက်နှင့် မြိုင်မြိုင် ဆိုင်ဆိုင် သီဆိုကြခြင်း ဖြစ်သည်။ ဒါကြောင့် သီချင်းကို ပီပီပြင်ပြင် သီဆိုနိုင်ဖို့ သီချင်းရေးသည့် ကျွန်တော်ကိုယ်တိုင် မပါလို့ မဖြစ်တော့တာတဲ့။ ဘယ့်နှယ်ရှိစ….။
အနုပညာအသင်းမှာတော့ ခွက်ခွက်လန်မဲရှုံးလို့ အရွေးချယ်တော့ မခံရဘူးပေါ့။ ကော်မတီထဲလည်း မပါရဘူးပေါ့။
အခု ကျွန်တော် နိုင်သွားပါပြီ။ ဒါပေမယ့်..
လက်မှတ်မပါ ရှက်စရာ
—————————
နောက်ရက်မနက် မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ သီဆိုဖို့ ကျွန်တော် တစ်ညလုံး မိုးလင်းပေါက်ပဲ ကျောင်းမှာ သီချင်းတိုက်ပေးရသည်။ သီဆိုမယ့်လူ ၅၀လောက် စားသားမှန်၊ သံစဉ်မှန်၊ ညီညီညာညာ သီဆိုနိုင်ဖို့ သီချင်းတိုက်ပေးရလို့ တမှေးမှ မအိပ်ရရုံသာမက အခမ်းအနားအတွက် ဘက်ဂရောင်းစာလုံးတွေကိုလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဖြတ်၊ ကိုယ်တိုင် ကပ်ကာ အစအဆုံး ပြင်ဆင်လိုက်ရသည်။ ထို့ကြောင့် ခန်းမထဲမှာပင် မိုးလင်းသွားတော့သည်။ မနက်လင်းမှ အောင်မင်္ဂလာဆောင်က ပျဉ်းမနားကိုမြင့်သိန်းကြီး အခန်းသွား၊ ရေမိုးချိုးအဝတ်အစားလဲပြီး၊ အခမ်းအနားဆီသွား ရ၏။ ရင်ကော့ ခြေဖျားထောက် လို့ပေါ့လေ။
အလို အခမ်းအနားကျင်းပတဲ့ ဘွဲ့နှင်းသဘင်ခန်းမရှေ့ ရောက်မှ သတိရတော့သည်။ မနေ့က အခမ်းအနားဝင်ခွင့် ဖိတ်စာအိမ်မှာ ကျန်ခဲ့ပြီလေ။ ခန်းမပေါက်မှာက ရင်ထိုးတွေကိုယ်စီနှင့် အနုပညာအသင်း တာဝန်ရှိသူတွေ စောင့်နေကြ၏။ ဖိတ်စာပါသူတွေပဲ စနစ်တကျ စီစြစ်ပီး ဝင်ခွင့်ပေးနေသည်။ ကျွန်တော်က ဒီအတိုင်း ဝင်တော့ ဖိတ်စာမပါလို့တဲ့ ခွင့်မပြုဘူးတဲ့။ဘယ်သူ ဘယ်ဝါပါလို့ ပြောတာလဲ မော့တောင် မကြည့်။ ဖိတ်စာမပါဘဲ ဘယ်သူ့မှ ဝင်ခွင့်မပေးဘူး။ စည်းကမ်းက စည်းကမ်းပဲလို့လည်း အားလုံးကြားအောင် ပြောနေသည်။ ဒါကြောင့် ကျွန်တော့်မှာ ဝင်ခွင့်လက်မှတ်မပါလို့ တာဝန်ရှိ အနုပညာအသင်းဥက်္ကဋ္ဌနှင့့် အသင်းသားတွေက အခမ်းအနားထဲ ဝင်ခွင့်မပေးခဲ့ကြ။ အခမ်းအနားစလို့ ကျွန်တော့်သီချင်း သီဆိုနေကြချိန် စင်ပေါ်မော့နေကြမှ ကျွန်တော်လည်း သူတို့အလစ် ခန်းမထဲ ဝင်လိုက်ရသည်။ အဖွင့်သီချင်းသံက ခန်းမထဲ လွှမ်းခြုံလို့……။
“ သင်္ချာ..၊ ကမ္ဘာဦးအစ ရေတွက် ကြရာ..၊ အစဉ်သာ..၊ အာကာသ ဒို့ခေတ် တိုင်အောင်သာ..”
ပွဲအစ အဆုံးတော့ ကြည့်လိုက်ရပါရဲ့။ဒါပေမယ့် ကျွေးမွေးတဲ့ ဘိလပ်ရည်နဲ့ ဆိတ်သားပတ်မုန့်တော့ မစားရဘူးပေါ့။ ထိုင်ခုံမရလို့ ထိုင်လည်း မထိုင်ရဘူးပေါ့။ ခန်းမနောက်နား မိုးတိုး မတ်တပ်။ နောက်မှာ လက်မှတ်နဲ့ တရားဝင် ဝင်ခွင့် ရတဲ့ သူငယ်ချင်းတွေကြား ဝင်ထိုင်ရသည်။ တစ်ညလုံး မအိပ်ရသေးလို့ မျက်နှာက စုတ်ချွန်းချွန်း၊ အဝတ်အစား မလဲရလို့ ပေတိပေစုတ် ၊ လက်မှတ်မပါလို့ ဘိလပ်ရည်နဲ့ ဆိတ်သားပတ်လည်းမရတော့ ညကတည်းက အခုထိ ဘာမှ မစားရလို့ ညောင်နာနာ..၊ အိုဘယ့် သီချင်းရေးဆရာ.. ။
(မယုံလျှင် ဓာတ်ပုံမှာ ရှုပါဘိ)။
ဆူးငှက်
