သူတို့အိမ် အခန်း (၁၀၈)

ဆူးငှက်

ဒိုင်ယာရီ မရှိပါ။ တိုတိုထွာထွာ စာရွက်များသာ
——————————————

ကျွန်တော် ယခု သူတို့အိမ် အခန်းဆက် ဆောင်းပါးရှည်ကို ရေးတော့ မိတ်ဆွေ ဆရာတစ်ယောက်က ဒိုင်ယာရီ ရေးခဲ့တာလား၊ ဒါမှ မဟုတ် မှတ်စုစာအုပ်ရှိလို့လားဟု မေးသည်။ တကယ်တော့ ကျွန်တော့်မှာ ဒိုင်ယာရီလည်း မရှိပါ။ သီးသန့် မှတ်စုစာအုပ်လည်းမရှိပါ။ ဒိုင်ယာရီကို ရေးဖို့ ကြိုးပမ်းဖူးပါသည်။ တစ်လလောက်တော့ ရေးဖြစ်ပါသေး၏။ နောက်တော့ မနက်ကျောင်းသွား၊ ကျောင်းရောက်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ကျောင်းပြန်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ အိမ်ရောက်၊ ထမင်းစား၊ တစ်ရေးအိပ်၊ ရေချိုး၊ ညစာစား၊ လက်ဖက်ရည်ဆိုင် ထိုင်ဟူသော ပရိုဂရမ်ကလွဲလို့ ထူးထူးထွေထွေ မရှိ။ ထို့ကြောင့် ဆက်မရေးဖြစ်တော့ပေ။

သည်လိုနှင့် နောက်တစ်နှစ် ဒိုင်ယာရီ စာအုပ်လေးတွေ အသစ်ထွက်လာတော့ ရေးချင်ပြန်သည်။ ဇန်နဝါရီ ၁ရက်တော့ ရေးဖြစ်သည်။ ထိုနည်း လည်းကောင်း တွေ များလာပြန်တော့ မရေးဖြစ်ပြန်တော့။ ထို့ကြောင့် ဒိုင်ယာရီ တစ်အုပ်မျှ ပြည့်ပြည့်စုံမရှိပါ။ ထိုနည်းတူ မှတ်စုစာအုပ်ဟူ၍လည်း သီးသီခြားခြားမရှိပါ။ ဟိုစာရွက်ထဲ ကောက်မှတ်၊ သည်စာရွက်ထဲ ကောက်မှတ်၊ ထစ်ခါတရံ ဖိတ်စာအဟောင်း နောက်ကြောမှာ မှတ်လားမှတ်ရဲ့။ ထိုစာရွက် ဂျပ်ပြား အတိုအစတွေ ကိုတော့ စာကြည့်စာပွဲ အံဆွဲထဲ စုထည့်လိုက်သည်။ လွှင့်တော့ မပစ်ခဲ့။ အံဆွဲထဲမှာ ပြည့်လာတော့ ပလပ်စတစ်အိတ်ထဲ ထည့်ထားပြီး အဘဝယ်ပေးထားသည့် ၃၀၀တန် အဝတ်ဗီရို အောက်ဆုံးထပ်မှာ ထည့်ထားသည်။ ထိုအထုပ်က ကြီးသည်ထက် ကြီးလာပြီးတော့ အိတ်ကိုသာ မကြာခဏလဲရသည်။ အတွင်းက စာရွက်အတိုအစ တွေကတော့ အခုထိရှိဆဲဖြစ်ပါ၏။

ထို့ကြောင့် ယခုအချိန်ထိ စာရေးရန် စိတ်အဆင်သင့်မဖြစ်သေးလျှင် အနှစ်နှစ်အလလ စုဆောင်းထားသော စာတိုစာတွေ စုထည့်ထားသည့် ထိုအိတ်ကြီးကို သွန်ချ၍ မွှေနှောက် ဖြစ်ပါသည်။ ထိုအိတ်ကြီးထဲတွင် ပေးစာများလည်း ပါမည်။ ပို့စကတ် အဟောင်းတွေလည်း ပါမည်။ ရေးလက်စ ဆောင်းပါး ဝတ္ထု အပိုင်းအစတွေလည် ပါမည်။ ရေးပြီး ပုံနှိပ်ပြီး ဆောင်းပါး ဝတ္ထုများကို စတင်ရေးသားစဉ်က မကြိုက်၍ ဖြုတ်ခဲ့၊ ပယ်ခဲ့သော အကြောင်းအရာ အပိုင်းအစတွေ ပါမည်။ တက္ကသိုလ်တက်စဉ်ကာလ ကျောင်းသားကတ်၊ စာကြည့်တိုက်ကတ် အဟောင်းလည်း ပါမည်။

အလုပ်မရှိ ကြောင်ရေချိုး ရှာဖွေ မွှေနှောက်၍ ဖြစ်စေ၊ တစ်စုံတစ်ခု ယခုကဲ့သို့ ရှာဖွေလို၍ ဖြစ်စေ ထို အိတ်ကြီးကိုပဲ သွန်ချရသည် ချည်းဖြစ်၏။ ပေးစာ၊ ပေးစာ သတ်သတ်၊ ဝတ္ထု ဝတ္ထုသတ်သတ် စနစ်တကျ ဖိုင်တွဲ၍ ထားလျှင် ဒီလိုဖြစ်မှာ မဟုတ်။ စကတည်းက ယဉ်သကို ဆိုသလို၊ သို့မဟုတ် ‘ဖုတ်ရင်းကတည်း ကမကျက်” ဟုဆိုရမလို နဂိုကတည်းက စနစ်မရှိ၊ စည်းကမ်း မရှိခဲ့သောကြောင့် မလိုအပ်ဘဲ အချိန်တွေကုန်၊ လုပ်အားတွေ ကုန်တာပဲဖြစ်သည်။

အမှတ်မထင် မှတ်စု စာသားလေးတွေ နောက်ကွယ်က
———————————————————–

ဟော ..အခုလည်း လက်ကျန် အိတ်ကြီးကို ကွပ်ပျစ်ပေါ်သွန်ချ၍ ‘ပဲစေ့သွန်၊ ကောက်’ အလုပ်လုပ်ရင်း စုတ်ပြတ်၍ တစ်စစီဖြစ်နေသော အတိတ်အပိုင်းအစတွေကို တောင်စဉ်ရေမရ ဆက်စပ်နေမိသည်။ တက္ကသိုလ် တက်စဉ် ကာလ ကျောင်းစာအုပ် သုံးလေးအုပ်ကို ပြန်တွေ့၍ လှန်လှောကြည့်မိတော့ စာရွက် အပိုင်းအစတစ်ခု ထွက်လာ၏။ ရောက်တတ်ရာရာ တိုလီမုတ်စ မှတ်သားထားတာ လား။ ကျောင်းသင်ခန်းစာထဲက လော့ဂျစ်ဘာသာလား။ ဝါကျင့်ကျင့် စာရွက်အပိုင်းလေးကို ယူပြီး သေးသေးမွှားမွှား ရေးမှတ်ထားသော စာတွေကို ဖတ်ကြည့် မိသည်။

ပထမအစတော့ သတိမရ။ ဘာစာတွေလဲ၊ ‘ပြည်သူ’ တွေပါသည်။ ‘စာဖတ်ပရိသတ်ကို ဥပက္ခာပြုမှု’ ဆိုတာတွေ ပါသည်။ ‘ရွှေပြည်အေးတရား’ ဆိုတာတွေပါသည်။ ‘တွေဝေယိမ်းယိုင်မှု’ ဆိုတာတွေလည်း ပါသည်။ ‘ခြံစည်းရိုး ခွထိုင်နေတာလား’ ဆိုတာတွေလည်းပါ၏။ ‘ အရင်းရှင်ဘူဇွာ အတွေးအခေါ်’ ဆိုတာတွေပင် ပါသေးသည်။ ‘စာပေ ခေါင်းပုံဖြတ်မှု’ ဟုလည်း တွေ့လိုက်ရသည်။ ဖတ်ရင်းဖတ်ရင်း ကြုံ့ထားမိသော မျက်မှောင်များက ပြေလာသည်။ နှုတ်ခမ်းတွန့်ရုံ ပြုံးမိလာသည်။ ‘ပိုးကြူလုံချည်၊ ပိုးတက်ပုံဝတ်၊ မှန်ကားစီး၊ ဂေါက်ရိုက်၊ အာဏာပိုင် အစည်းအဝေးသွားပြီး လူထုအကျိုး၊ ပြည်သူ့စာပေ အကျိုး သယ်ပိုးမတဲ့လား’ ဟူသော စာလုံးတွေမြင်တော့ လှိုက်ခနဲဖြစ်သွားကာ မျက်နှာပြင်ဆီ ရှိန်းခနဲ အပူလှိုင်းတစ်လှိုင်း ဖြတ်သွား၏။ ကျွန်တော် ကောင်းကောင်း မှတ်မိသွားပါပြီ။ ၁၉၇၈ ဝန်းကျင်ဖြစ်မည်။ ကျွန်တော်တို့ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှာ တတိယနှစ်။

မိုက်မဲ လွဲမှားခဲ့သော မှတ်စု
———————————-

စာဆိုတော်ရာသီတွင် မန္တလေးတက္ကသိုလ်၌ ပြင်ပမှ စာရေးဆရာကြီးတစ်ဦး၊ ပန်းချီဆရာကြီး တစ်ဦးနှင့် မြန်မာမှု သုတေသီပညာရှင်ကြီး တစ်ဦး တို့က စာပေရေးရာ၊ အနုပညာရေးရာများ ဟောပြောကြသည်။ အင်းဝ(၉)ခန်းမမှာ ဖြစ်၏။ ကျွန်တော်တို့ကတော့ ရှေ့ဆုံးကပေါ့။ ဗောဓိကုန်းမှာ နေသော အထက်တန်းကျောင်းတုန်းက ဆရာမလည်း ပါသည်။ ရှားရှားပါးပါး ဟောပြောပွဲမို့ ကျွန်တော်တို့နှင့်အတူ လိုက်ပါ နားထောင်သည်။ ပထမဦးဆုံး စာရေး ဆရာကြီးက ဟောပြော၏။ ကျွန်တော် ဘာမှန်းညာမှန်းမသိဘဲ စာရေးဆရာကြီးကို အထင်အမြင် လွဲနေသည်။ စာဖတ်စ လူပျိုပေါက် အရွယ်မှသည် စာတွေလည်းဖတ်၊ ဝါသနာတူ သဘောထား တူသူချင်းလည်း အမြဲတွေ့ဆုံ စကားဝိုင်းဖွဲ့ ဖြစ်နေတော့ အရာရာ တစ်ယူသန်နေသည့် ကာလလည်းဖြစ်သည်။

ထို့ကြောင့် ထိုစာရေးဆရာကြီးကို လူတန်းစားမမှန်သော ဘူစွာ၊ ဗြူရိုကရက်အဖြစ် ထင်မြင်နေသည်။ ထိုစဉ်က သတင်းစာမျက်နှာဖုံးတွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တပူးတွဲတွဲ၊ ဘာကော်မတီ၊ ညာကော်မတီ ဆိုတာတွေမှာလည်း ဖိုင်ကြီး တကားကား။ အမြဲတမ်း ရှေ့မှ နေရာယူနေတတ်သူ။ သို့သော် တစ်ဖက်မှာလည်း ‘ပြည်သူ’၊ ‘လူထု’၊ ‘အလုပ်သမား လယ်သမား’ စသည့် စကားလုံးတွေ တွင်တွင်ပြောပြီး ကျေးလက်ဆီ ဗုံကြီးသံနှင့် တွင်တွင်ဆင်းကာ ကန်သင်းရိုးပေါ် ဖက်ခင်း၊ ဟန်ဆောင် ပန်ဆောင် ထမင်းလက်ဆုံ စားတတ်သူ ဟူ၍ တဖက်သတ် အထင်အမြင် လွဲနေခြင်း ဖြစ်သည်။

လွဲမှားခဲ့သော တယူသန် အယူအဆများ
———————————————

ထို့ကြောင့် မန္တလေးတက္ကသိုလ် အင်းဝ(၉)ခန်းမတွင် ကျင်းပသော စာပေဟောပြောပွဲတွင် အဆိုပါ စာရေးဆရာကြီး ဟောပြောသောအခါ ကျွန်တော်က ဟောပြောစင်၏ ရှေ့တည့်တည့် ခုံတန်းမှာ ထိုင်၍ မိဘကဲ့သို့ လေးစားဖွယ် အထက်တန်းပြ ဆရာမကို ဘေးမှာထားကာ စင်ပေါ်မှ စာရေးဆရာကြီး ဟောပြောသမျှကို အချက်အလက် တိုင်း၊ အချက်အလက် တိုင်း အဆိုးမြင်ဖြင့် ချက်ချင်း တုံ့ပြန် စာသားများကို စာရွက်တစ်ရွက်ပေါ် ရေးသားသည်။ ဘေးမှာ ထိုင်နေသော ငယ်ဆရာမကလည်း သူ့တပည့်ကျော် တက္ကသိုလ်ကျောင်းသားကြီးက စာပေရေးရာများ တလေးတစား လိုက်နာ မှတ်သား နေလေရော့သလား ဟူသော အောက်မေ့စိတ်ဖြင့် ငဲ့စောင်းကြည့်သည်။ ရေးမှတ်ထားသော စာတချို့တစ်ဝက်ကို မြင်တော့ မျက်မှောင်ကြုံ့သွားသည်။ ဒါကိုပဲ ကျွန်တော်က ဂုဏ်ယူနေလိုလို။

စာရေးဆရာကြီးနောက်မှ ဟောပြောမည့် ပန်းချီဆရာကြီးနှင့် မြန်မာမှုသုတေသီ ပညာရှင်ကြီးတို့၏ ဟောပြောချက် များကိုသာ နားထောင်လို၍ ရှေ့က စာရေးဆရာကြီး၏ ဟောပြောမှုများကို အောင့်အီး သည်းခံနေရပုံမျိုး ဖြစ်သည်။ တကယ်တော့ စာရေးဆရာကြီး၏ ဟောပြောမှုများက အချက်အလက် တွေလည်းကောင်း၊ လေအေးလေးနှင့် ဟာသဖောက်ကာ ဟောပြောမှုများကြောင့် စိတ်ဝင်စားဖွယ်လည်းရှိနှင့်၊ အခြားကျောင်းသူကျောင်းသားများက အားတက် သရော ဂရုတစိုက် နာကြားနေကြရာ၊ ကျွန်တော်တစ်ယောက် ‘စုန်းပြူး’ ဖြစ်နေတာ ထိုစဉ်ကမသိ။

ထိုခံယူချက်နှင့် ထိုစိတ်ဓာတ်က ဘာကြောင့်မှန်း မသိဘဲ ခိုင်မြဲနေလွန်းသည်။ အခြား နှိုင်းယှဉ်စရာ တစ်ခုရှိနေ၍ တစ်ဖက်အပေါ် အားသာကာ လေးစားကြည်ညိုစိတ် ပြင်းပြမှုနှင့်အတူ၊ တစ်ဖက်အပေါ် ဆန့်ကျင်အမြင်က ခိုင်ကျည် သွားတာလည်း ဖြစ်မည်။ ကျွန်တော်တို့ (ကျွန်တော်နှင့် စာဖတ်ဖော် စာဖတ်ဖက်အသိုင်းအဝန်း) က စာရေးဆရာကြီးနှင့် ယှဉ်တွဲ၍ ဇနီးသည် စာရေးဆရာမကြီး အပေါ် အထူးသဖြင့် စာရေးဆရာမကြီး၏ စာပေ အယူအဆ၊ စာပေ သဘောတရား၊ စာပေ အရေးအသား၊ ထက်မြက် ခိုင်မာမှု ‘တရား’ များကို အလွန် ‘မင်’ ကြသည်။ ‘တရားမင်လို့ ပုဂ္ဂိုလ်ခင်’ တာ ဖြစ်သည်။ စာရေးဆရာမကြီးနှင့် ယှဉ်၍ စာရေးဆရာကြီး အပေါ် လစ်ဘရယ် ဆန်လွန်းသည်။ ပျော့လွန်းသည်။ လိုက်လျော ညီထွေ ရှိလွန်းသည်။ အယူအဆ ပေါ့တန်လွန်းသည် ဟူ၍ တစ်ဖက်သတ် တွေးမိနေသည်။ တွေးမိရုံမက စွဲမြဲစွာ မှတ်ထင် နေသည်။ ယုံကြည်နေသည်။

ပန်တျာမှာ အစ်မ ကခဲ့သည့် ပွဲ အကြောင်းပြု၍
————————————————–

မန္တလေးတက္ကသိုလ်မှာ စာရေးဆရာကြီး၏ စာပေဟောပြောပွဲနှင့် မရှေးနှောင်း အတွင်းမှာပဲ မုံရွာသို့ ရောက်ရှိနေသော ကျွန်တော့်အထက် က အစ်မ မမခင်ဝင်း မန္တလေးရောက်လာသည်။ ကြေးနန်းစာ ရလို့တဲ့။ ကြေးနန်းက အဆိုပါ စာရေးဆရာကြီးက ရိုက်လိုက်တာတဲ့။ ဧည့်ခံပွဲ တစ်ပွဲရှိလို့ မန္တလေးကို ချက်ချင်းလာခဲ့ဖို့ မှာတာတဲ့။ ဧည့်ခံပွဲက ဒီကနေ့ ည မန္တလေးပန်တျာနှင့် အနုပညာသင်ကျောင်း မှာတဲ့။ အစ်မ မန္တလေးမှာ ရှိစဉ်ကတည်းက မိခင် ပန်တျာ ကျောင်း၏ အစီအစဉ်၊ သင်ဆရာ မိခင် ဒေါ်သြဘာသောင်း၏ အစီအစဉ်၊ မြို့မိ မြို့ဖများ၏ အစီအစဉ်များဖြင့် မန္တလေးမြို့ ရောက် ဧည့်ကြီး၊ ဆောင်ကြီးများ၊ မြို့ဆိုင်ရာ အခမ်းအနား ပွဲကြီးလမ်းကြီးများ၏ ဖျော်ဖြေမှု အစီအစဉ်များတွင် ပါဝင်ခဲ့ သည့် အစဉ်အလာရှိသည်။ အခု အစ်မက မုံရွာရောက်နေတော့ ကြေးနန်းရိုက်၍ လှမ်းခေါ်သည် ဆိုတော့ တော်တော် အရေးကြီးသည့် ဧည့်သည်များ ဖြစ်လိမ့်မည်။

အိမ်မှာက (ထိုစဉ်က) လူပျို၊ အပျိုလူလွတ်ဟူ၍ အစ်မနှင့် ကျွန်တော်ပဲရှိတော့ အစ်မသွားလေရာ ကျွန်တော် အဖော်လိုက်ရသည်။ ထိုနေ့ည ပန်တျာမှာ ဧည့်ခံပွဲကိုလည်း ကျွန်တော် လိုက်သွားရသည်။ ထိုပွဲကား ကျွန်တော် ရေးခဲ့သည့် နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီးစိန်ဗေဒါ ကြေးရုပ် စိုက်ထူနိုင်ရေး ကြိုးပမ်းခဲ့ကြပုံ ဟူသော ပွဲဖြစ်ပါသည်။ တကယ်တော့ ထိုစဉ်ကာလက ကျွန်တော်သည် ဆိုင်းဝိုင်းကြီးနောက် ‘စည်းချောင်’ ဘေးတွင် ထိုင်ရင်း ပွဲကို ကြည့်ကာ တစ်စုံတစ်ရာ အစာမကြေခံစား နေရသည်။ သို့သော် ထိုအကြောင်းကို ဘယ်သူ့မှ မပြောခဲ့။ ပွဲကအပြန် အိမ်မှာ အဘကို မမက ပွဲအကြောင်း ဝမ်းသာအားရ ပြောပြနေသည်ကိုပင် ကြိတ်၍ မကျေမနပ် ဖြစ်နေသေးသည်။

မုံရွာက ကြေးနန်းစာ
————————

ဤသို့ဖြင့် ထိုနှစ် စာဆိုတော် ရာသီမတိုင်မီ လပိုင်းအမျှအလိုတွင် မုံရွာစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် စာပေပြိုင်ပွဲအတွက် နှိုးဆော်စာတစ်စောင် အမှတ်အထင် ရရှိသည်။ ကျွန်တော်လည်း တစ်ကြိမ်တစ်ခါမှ မပြိုင်ဖူးသောကြောင့် လက်တည့် စမ်းသည့် အနေနှင့် ဆောင်းပါးတစ်ပုဒ်၊ ဝတ္ထုတိုတစ်ပုဒ် ရေးသားကာ စာတိုက်က ပေးပို့လိုက်၏။ မေ့မေ့ပျောက်ပျောက်၊ တန်ဆောင်းမုန်းလကုန် ရက်တစ်ရက်တွင် ကျွန်တော့်ထံ ကြေးနန်းစာ တစ်စောင် ရောက်လာသည်။ မုံရွာစာဆိုတော်နေ့ကော်မတီက စာဆိုတော် အခမ်းအနားသို့ တက်ရောက်ရန်နှင့် ပွဲမတိုင်မီ ကော်မတီနှင့် မပျက်မကွက် လာရောက် တွေ့ဆုံပါ ဟူ၍ ဖြစ်သည်။ ဘာကြောင့်လဲ၊ ဘာကိစ္စလဲ ကျွန်တော်မသိ။

သို့နှင့် မုံရွာသွားသည်။ ရောက်သည်နှင့် ကော်မတီနှင့် သွားတွေ့ရသည်။ ကျွန်တော့်ကို ခေါ်တွေ့သူက မုံရွာမြို့မှ စာရေးဆရာ၊ ကဗျာဆရာကြီး ဆရာအံ့မောင် ဖြစ်သည်။ ချုပ်၍ ပြောရလျှင် ကျွန်တော် ပေးပို့ထားသော စာမူများ ဆုရွေးချယ် ခံရသည်။ ဆောင်းပါး ပထမဆု၊ ဝတ္ထုက နှစ်သိမ့်ဆု၊ အထူးတွေ့လိုတာက ဝတ္ထုပါ အကြောင်း အရာများနှင့် ပတ်သက်၍ ဖြစ်သည်။ ကျွန်တော့်ဝတ္ထုက မန္တလေးပန်တျာကျောင်းဝင်းအတွင်း စိန်ဗေဒါကြီး ရာပြည့်အထိမ်းအမှတ် ကြေးရုပ်စိုက်ထူရေးအတွက် ညွှန်ကြားရေးမှူးကို ဧည့်ခံသည့် ပွဲကို ခြေခံ ရေးသားထားသည်။ ဝတ္ထုတွင် မန္တလေးသား စာရေးဆရာကြီးကို ကျွန်တော်က အဆိုးမြင်ဖြင့် ရေးသား ထား၏။ မိမိကိုယ်ကျိုးအတ္တ၊ ထင်ပေါ် ကျော်ကြားလိုမှုဖြင့် နင်းပြား အနုပညာရှင်စစ်စစ်များ အပေါ် ခေါင်းပုံဖြတ်သူ ဟူ၍ ‘နံမည်မဖော်ရုံ တစ်မယ်’ ထိုးနှက် တိုက်ခိုက်ထားသည့် ဝတ္ထုဖြစ်သည်။

လူကြီးသူမက ခေါ်ယူ ရှင်းလင်း ဖြောင့်ဖျခဲ့သော်လည်း
———————————————————-

ဆရာအံ့မောင်က ဝတ္ထုအရေးအသား၊ တင်ပြပုံ နှစ်သက်ကြောင်း သို့သော် မည်သူ့ကို ရည်ရွယ် ရေးသည် ဆိုသည်ကို သူ(ဆရာအံ့မောင်)က သိရှိကြောင်း၊ တကယ်တော့ ကျွန်တော်က တစ်ဖက်သတ် အထင်မှား၊ အမြင်မှား ဖြစ်နေကြောင်း၊ စာရေးဆရာကြီးမှာ ဤသို့ မဟုတ်ကြောင်း၊ ကျွန်တော်ကသာ လူငယ်ပီပီခေါင်းမာစွာ လွဲမှားသော အမြင်ဖြင့် ကောက်ချက်ချခြင်း ဖြစ်ကြောင်း၊ ထိုလွဲမှားသော အမြင်ကို ပြုပြင် ပြောင်းလဲစေလိုကြောင်း၊ အချို့ကိစ္စများက အသက်ကြီး၊ အတွေ့အကြုံရမှ သိရကြောင်း စသည်ဖြင့် လေအေးလေးနှင့် ရင်းရင်းနှီးနှီး ပြောကြားသည်။ သို့သော် ကျွန်တော်က ငယ်ရွယ်သူမို့ ဦးချို တကြွကြွ ဖြစ်နေသည်။

ဆရာအံ့မောင်၏ အဖိုးတန် စကားများကို နားမဝင်။ ဘာမှ တစ်စုံတစ်ရာ မတုံ့ပြန်ဘဲ ပြန်ခဲ့၏။ ကျွန်တော်သည် မိုက်မဲစွာဖြင့် တုံဏှိဘာဝေ နေ၏။ ပြန်မပြော နားမထောင် လုပ်၏။ ထိုစဉ်က ဆုပေးပွဲနှင့် စာဆိုတော်နေ့ အခမ်းအနားကို မုံရွာ အ.ထ.က (၁) ကျောင်းခန်းမတွင် ကျင်းပသည်။ ထိုပွဲတွင် ကျွန်တော်က ဆောင်းပါးဆုယူစဉ် ကျေနပ် လက်ခံသည့် အနေနှင့် တိုက်ပုံနှင့် စတစ်အင်္ကျီနှင့် ကျကျနန ရိုရိုသေသေ တက်၍ ယူသည်။ ဝတ္ထုဆုကိုမူ အများတကာက လေးလေးစားစား တိုက်ပုံ ဝတ်၍ ရိုရိုသေသေ ဆုယူခဲ့ကြသော်လည်း ကျွန်တော်က ဆုအပေါ် မကျေမနပ်ကာ တီရှပ်စွယ်ကျယ်ဖြင့် ဆုယူခဲ့သည်။ လူကြီးများက လူကြီးပီပီ နားလည် ခွင့်လွှတ်ခဲ့ကြပါသည်။

တကယ်တော့ အသက်အရွယ်နှင့် အတွေ့အကြုံတွေက ရိုက်မောင်းပုတ်မောင်းလုပ်စရာမလိုဘဲ လမ်းပြသွား ခဲ့ပါ၏။ စာစုံတွေ ဖတ်ရသည်။ လူကြီးသူမများ၏ အမှားအကြားများကို ခံယူရသည်။ ကျွန်တော် တန်ဖိုးမထားခဲ့သော ဦးလေးလှ၏ စာများက မြန်မာစာပေသမိုင်းမှာ ဘယ်အချိန်ရောက်ရောက် ‘ပြည့်မျက်ပွင့်’ များဖြစ်နေသည်။ နောက်ကျမှ ဖတ်ရတော့ မောနေအောင် လိုက်ရတော့သည်။ ရိုးသာသော၊ ဖြောင့်မတ်သော၊ မည်သူ့ကိုမဆို ကူညီဖို့ ဝန်မလေးသော၊ လူငယ်များ အပေါ် မြေတောင်မြှောက်ပေးသော၊ စည်းစနစ်ကျ၍ အလုပ်အများကြီးလုပ်သော၊ ဖော်ရွေသော၊ မစ္ဆေရစိတ်၊ အာဃာတစိတ် စိုးစဉ်းမျှမရှိသော ဟူသော ဂုဏ်ပုဒ် ကောင်းတွေ ဖွဲ့မကုန်ရှိခဲ့သည့် ဦးလေးလှအကြောင်းကို ဖတ်ရ မှတ်ရ သိရသည့်အခံ၊ ‘စံပြလူကြီးလူကောင်း’ အဖြစ် ဘယ်ခေတ်ဘယ်အချိန်ရောက်နေနေ မှတ်ကျောက်တင် ခံနေရမည့် ‘လူထုဦးလှ’ အဖြစ် တွေ့လာရတော့သည်။ ၁၉၇၀ကျော် ၈ဝ ဝန်းကျင်က စိတ်သဘောထားသည် နောက်ပိုင်း နှစ်တွေကြာ စာစုံဖတ်၊ ဘက်ပေါင်းစုံက အသိအမြင်များဖြင့် တိုက်ချွတ်လိုက်မှပဲ တလွဲအစွဲတွေက ကျွတ်ရတော့သည်။

စာရေးဆရာကြီးဟူသည် လူထုဦးလှဖြစ်ပြီး စာရေးဆရာမကြီးက လူထုဒေါ်အမာဖြစ်ပါ၏။

ကျွန်တော် အကြီးအကျယ် မှားယွင်းခဲ့ကြောင်း ဝန်ခံဆောင်းပါး
———————————————————–

ကျွန်တော်က ထိုစဉ်ကာလ ကျွန်တော် မှားယွင်းခဲ့၊ အထင်လွဲခဲ့၊ လူကြီးများအပေါ် စော်ကားမော်ကား လုပ်ခဲ့သည့် အကြောင်းနှင့် ထိုလုပ်ရပ်အပေါ် နောင်ကျမှ အသိတရားရကာ နောင်တရခဲ့သည့် အကြောင်းကို ၁၉၉၉ခု အောက်တိုဘာလထုတ် မြန်မာ့ဓနမဂ္ဂဇင်း၏ မန္တလေးမျဉ်းဖြောင့်များ ကဏ္ဍတွင် ရေးသား ဝန်ခံခဲ့ပါသည်။

ထိုဆောင်းပါးလေးကို ဒေါ်ဒေါ်လူထုဒေါ်အမာ ဖတ်ဖြစ်သွားသည်။ ထိုစဉ်ကာလ ကျွန်တော်က လူထုတိုက်မှာ စာပြင်စာတည်း တာဝန်ကို ထမ်းနေသည့် ကာလ ဖြစ်သည်။ ဒေါ်ဒေါ်က မြန်မာ့ဓနမဂ္ဂဇင်းစာအုပ်ကို ဖတ်လက်စနေရာ လက်လေးနှင့် ညှပ်ရင်း ကျွန်တော့်အလုပ်စားပွဲနား လာထိုင်သည်။ ရေချိုးပြီးစ နံ့သာဖြူကရမက်ရနံ့လေး သင်းပျံ့နေသည်။ ဒေါ်ဒေါ်က စမုန်စပါးစေ့လေးတွေလည်း ဝါးနေ၏။ စာရေးလက်စ မို့လား၊ စာရေးဖို့ ပြင်ဆင်နေချိန် မို့လား၊ ဒေါ်ဒေါ့်အင်္ကျီမှာ ပတ်ကား ဘောလ်ပင် ချိတ်လျက်ပါလာသည်။ အမေက ကျွန်တော့်နံဘေးရှိ ဆက်တီခုံမှာ ဝင်ထိုင်ရင်း …

”မင်းဆောင်းပါး ဖတ်ပြီးပြီကွဲ့”

ကျွန်တော် မျက်နှာပူသွားသည်။ အသံထွက်ပြီး ရှက်ရယ်လိုက်မိသည် ထင်၏။ ဒေါ်ဒေါ်ကလည်း ခင်သင်းသင်း ရယ်ရင်းဖြင့်

”ကိုလှကို အထင်လွဲကြတာ မင်းမှ မဟုတ်ဘူးကွယ့်၊ မောင်စောလွင်တို့၊ မောင်စိန်ဝင်းတို့လည်း ပါတယ်။ မင်းတို့ မပြောပါနဲ့ကွယ်။ ငါတောင် သူ့ကို အထင် ခပ်လွဲလွဲရယ်၊ အမြဲတမ်း နေရာတိုင်း ဥပဒေနဲ့ ဘောင်နဲ့ လုပ်လွန်းလှချည့်၊ စဉ်းစားလှချည့်၊ ချင့်ချိန်လှချည့်လို့ပေါ့ကွယ်။ သူလုပ်တာ ကိုင်တာတွေ၊ သူပါဝင် ပတ်သက်ခဲ့တဲ့ အဖွဲ့အစည်းတွေကို သူ့ရဲဘော်ရဲဘက်တွေလောက် ငါတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဒီတော့လည်း သူ့အပြင်ပန်း အမူအရာကြည့် ပြီး အထင်လွဲမိတာပေါ့”

ဒေါ်ဒေါ်က ပြောရင်း အသံတိမ်ဝင်သွားသည်။ ခေါင်းတညိတ်ညိတ်ဖြင့် တစ်စုံတစ်ရာစဉ်းစားပြီးမှ …

”မင်းနှယ် ဆရာသန်းထွန်း(သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း)တို့ ကိုလှ အနှစ်၉၀ပြည့် စာအုပ် လုပ်ကြမယ် ဆိုပြီး စာမူတွေစုကြတော့ အဲဒီစာမူတွေ ဖတ်ကြည့်ပြီး မှ သြော်..ကိုလှဆိုတာ အဲဒီလိုပါလားလို့ သိရတာကွယ့်။ ကိုညွန့်အောင် (ညွန့်အောင်-ရေစကြို)ရဲ့ ဆောင်းပါးမှာဆိုရင် ငါမသိတာတွေ အများကြီး၊ ဖက်ဆစ် ဂျပန် တော်လှန်ရေး လျှို့ဝှက် စည်းရုံး လှုပ်ရှားကြကတည်းက ကိုလှက ပါနေတာတဲ့။ ပိုက်ကျုံးက မန္တလေးခရိုင် ကွန်မြူနစ်ပါတီ မှာလည်း ကိုလှတို့က ဆိုင်းဘုတ်တင်ကတည်းက ပါနေတာ အတူနေတဲ့ ဒို့တောင် မသိဘူး။ ကိုညွန့်အောင် ဆောင်းပါးဖတ်မှ သိရတာ။ မန္တလေးမှာ ဖ.တ.ပ.လ(ဖက်ဆစ်တိုက်ဖျက်ရေးကနေ ဖက်ဆစ်ဆန့်ကျင်ရေး) နာမည် ပြောင်းကြတဲ့ ကိစ္စမှာ ဆရာကြီး(ဦးရာဇတ်)တို့နဲ့ အတူ ကိုလှလည်း ပါတယ်ဆိုတာ ကိုညွန့်အောင် ရေးမှ သိရတာကွယ့်” ဟု ပြောပြသည်။

ဒေါ်ဒေါ်လူထုဒေါ်အမာက သူ့စကားကို နားကာ တွေးနေသည်။ ပြီးတော့မှ စကားကို ဆက်ပြန်၏။ တိုးညှင်းညှင်းသာ ..

”အေဝမ်းဆရာညှာကို ‘လူထုစစ်’ သီချင်း စပ်ခိုင်းတယ်ဆိုတာတွေ၊ သီချင်းအတွက် အကြောင်းအရာတွေ စာသားတွေကို ကိုလှက ပေးခဲ့တယ်ဆိုတာတွေ၊ စစ်ကြီးအပြီး ဂျပန်လက်အောက်က လွှတ်ကာစ ဖဆပလ ဆိုင်းဘုတ်ထက် အရင်စောပြီး ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်တင်တာ၊ ပါတီနိုင်ငံရေး ဦးစားပေးရမလားဆိုပြီး စွပ်စွဲကြ မကျေနပ်ကြတော့ ဆရာကြီး(ဦးရာဇတ်)နဲ့ ကိုလှက ဒီလို စစ်အတွင်းကာလထဲမှာပဲ လွတ်လပ်ရေးတိုက်ပွဲဝင် ပါတီတစ်ခု ရဲ့ တရားဝင် ရပ်တည်မှုကို ရအေင်ယူကာ ဘယ်လောက် အရေးပါတယ်။ အင်္ဂလိပ်နယ်ချဲ့သမားရဲ့ အငြိုးအတေးနဲ့ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် ရဲဘက်များရဲ့ လုံခြုံရေးအတွက် ဘယ်လောက် အကျိုးသက်ရောက်တယ် ဆိုတာ ဒိုင်ခံပြိး မကြာမကြာ ရှင်းကြ လင်းကြရသတဲ့။ ကိုညွန့်အောင်တို့လို လုပ် ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေ ရေးပြကြမှ ကိုလ ှဘာတွေ လုပ်ခဲ့တယ်ဆို သိရတာပါကွယ်” ဟု ဆက်၍ ပြောပြသည်။

ဒေါ်ဒေါ်လူထုဒေါ်အမာက သူ့ခင်ပွန်း၏ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး ကိစ္စတွေမှာ မည်၍ မည်မျှ ပါဝင်ပတ်သက်ခဲ့ဖူးခြင်းများ အပြည့်အစုံမသိပါဟု ဆိုသည်။ သူ့ရဲဘော်ရဲဘက်များ ရေးပြမှ သိရသည်ဟု ဆိုခြင်းမှာ ဒီဋ္ဌဧကန် ဖြစ်ပါ၏။ အဘယ့်ကြောင့်ဆိုသော် ဆရာညွန့်အောင်(ရေစကြို)၏ ဆောင်းပါးတွင် သူလူထုတိုက်၌ တစ်နှစ်လောက်နေသည့် ကာလအတွင်းမှာ ‘ဦးလှတို့ ဇနီးမောင်နှံ ထမင်းတောင် လက်ဆုံ စားခဲ့ရမှာ မဟုတ်ပေးဘူးလို့ တွေးမိတယ်” ဟု ရေးသားခဲ့သည်။ သတင်းစာ ထုတ်ဝေနေသော ကာလတွင် ဇနီးမောင်နှံ နှစ်ယောက်လုံး အလုပ်ရှုပ်နေကြသည်။ လူထုဦးလှက သတင်းစာတစ်ဖက်နှင့် နိုင်ငံရေးကို ထဲထဲဝင်ဝင် သိုသိုသိပ်သိပ် လုပ်နေသည့်သဘော ဖြစ်သည်။

ဒေါ်ဒေါ်လူထုဒေါ်အမာက ‘နှစ်၉ဝပြည့် လူထုဦးလှ’ စာအုပ်အတွက် ပေးပို့ထားသော ဆောင်းပါးတွေ အကြောင်း မှတ်မှတ်ရရ ပြောနေရင်း…

”မင်းရဲ့ … အခု ဆောင်းပါးလေး ဒီ့ထက်စောပါရင်ကောင်းမှာ ဒီစာအုပ် ရုံးမတင်ခင် ထည့်လို့ရအောင်” ဟု ဆိုတော့ ကျွန်တော် တော်တော်ရှက်သွားပါ၏။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW