မိုးသက်လေပြင်းကြောင့် စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေ

မေ ၉ – ၂၀၂၆
SN (VOM)
အခု ၂၀၂၆ ခုနှစ်၊ ဧပြီလနဲ့ မေလအတွင်း မြန်မာနိုင်ငံတဝန်းမှာ မိုးသက်လေပြင်းတွေ အဆက်မပြတ် တိုက်ခတ်တဲ့အတွက် စစ်ဘေးရှောင်စခန်း များစွာမှာ နေအိမ်တွေပျက်စီးပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေနဲ့ စစ်ရှောင်တွေက ပြောပါတယ်။
အဓိကအားဖြင့် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်း‌တွေမှာ အမိုးအကာနဲ့ အိမ်ဆောက်ပစ္စည်းတွေ အများအပြား လိုအပ်နေတာဖြစ်ပြီး တခြားသော ဒေသတွေရှိ စစ်ဘေးရှောင် စခန်းတွေမှာလည်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ ဧပြီ ၂၈၊ ၂၉ ရက်က ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမှာ မိုးသက်လေပြင်းကျတာ၊ မိုးကြိုးပစ်တာတွေ ရှိခဲ့တယ်။ စစ်ဘေးရှောင်စခန်းတွေက နေအိမ် တော်တော်များများ ပျက်စီးကုန်တယ်။ အိမ် အလုံး ၃၀ လောက်ဆို လုံးဝ နေလို့မရတော့တဲ့အထိ ဖြစ်တယ်။ ယိုင်နဲ့သွားတဲ့ အိမ်တွေလည်း ရှိတယ်။ အခုထိ အမိုးအကာမရှိဘဲ နေနေရတဲ့သူတွေ အများကြီး။ အခုနောက်ပိုင်း မိုးကလည်း ဆက်တိုက်ဆိုသလို ရွာလာပြီဆိုတော့ မိုးရာသီအမီ အိမ်တွေ ပြန်ပြင်ဆောက်ဖို့ အရေးကြီးနေတယ်” လို့ စစ်ရှောင်နေရသူ တယောက်က ပြောပါတယ်။
အဲဒီလိုပဲ အမ်းနဲ့ ကျောက်ဖြူမြို့နယ်တွေရှိ စစ်ရှောင်စခန်းတွေမှာလည်း ဧပြီလ ၂၉ ရက်က တိုက်ခတ်တဲ့ လေပြင်းကြောင့် စစ်ရှောင်နေအိမ်တွေ အမိုးလန်ခြင်း၊ ပြိုကျခြင်းနဲ့ ဘေးအကာတွေ ကျွတ်ထွက်တာတွေ ဖြစ်ပွားခဲ့တဲ့အတွက် နေစရာနေရာ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီပေးနေသူ တယောက်က ပြောပါတယ်။
နေအိမ်တွေ ပျက်စီးသွားတဲ့ စစ်ရှောင်တွေဟာ လက်ရှိမှာ မပျက်စီးဘဲ ကျန်ရှိနေခဲ့တဲ့ နီးစပ်ရာတဲအိမ်တွေမှာ ခိုလှုံနေရတာကြောင့် နေရာထိုင်ခင်းနဲ့ အမိုးအကာအတွက် အရေးပေါ် အကူအညီတွေ အများဆုံး လိုအပ်နေသလို ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်တယ်လို့ သူက ပြောပါတယ်။
“နောက်ပိုင်း မိုးအဆက်မပြတ် ရွာလာရင် အရေပြားရောဂါတွေ အချိန်ကြာကြာ ဖြစ်လာမှာကိုလည်း စိုးရိမ်ရတယ်။ မိုးတွင်း ရောက်ပြီဆိုတာနဲ့ စားနပ်ရိက္ခာတွေ၊ ဆေးဝါးပြတ်လပ်တာတွေ ဖြစ်လာနိုင်တယ်။ မိုးရာသီဆို လမ်းပန်းဆက်သွယ်ရေးတွေ မကောင်းတော့ဘူးလေ။ ရိက္ခာနဲ့ ဆေးဝါး သယ်ယူဖို့အတွက် အခက်အခဲတွေ ရှိလာနိုင်တယ်။ အဲဒါကြောင့် ဒီအချိန်မှာ ကြိုတင်စု ဆောင်းနိုင်ဖို့အတွက် အကူအညီတွေ တောင်းနေရတာပါ” လို့ သူက ပြောပါတယ်။
ဒါအပြင် ကချင်ပြည်နယ်ဘက်မှာလည်း မတ်လကုန်နဲ့ ဧပြီလဆန်းပိုင်းက မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသနဲ့ နမ္မတီးမြို့အတွင်းရှိ စစ်ဘေးရှောင်စခန်းတွေဟာ မိုးသက်လေပြင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
မိုးသက်လေပြင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို အပြည့်အဝ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးဘူးလို့ သိရပြီး စစ်ရှောင်အချို့ကတော့ အဆင်ပြေသလို ပြန်လည် ပြင်ဆင်ထားကြပေမယ့် အများစုကတော့ မိုးကာစ၊ ဝါး၊ သွပ်ပြား စတဲ့ ပစ္စည်းတွေ ဝယ်နိုင်ခြင်း မရှိတဲ့အတွက် အိမ်တွေကို ပြင်ဆင်နိုင်ခြင်း မရှိသေးဘူးလို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။
“လေပြင်းတိုက်တာက ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖြစ်တာ။ မိုးကာတဲတွေ၊ ဝါးအိမ်တွေ အမိုးလန်တာ၊ ပြိုကျတာတွေ ဖြစ်ခဲ့တယ်။ ဒီအချိန်က အဖက်ဖက်ကလည်း ခက်ခဲနေကြတာဆိုတော့ အခုအချိန်ထိ ပျက်စီးသွားတဲ့ အိမ်တွေကို အပြည့်အဝ ပြန်ပြင်နိုင်တာ မရှိသေးဘူး။ ဖြစ်သလို ပြင်ထားကြတဲ့ အိမ်တွေကလည်း လေဒဏ်မိုးဒဏ် စိတ်မချရဘူး။ တဖြည်းဖြည်းနဲ့ မိုးတွင်းကာလ ရောက်တော့မယ်၊ အခုလည်း မိုးတွေရွာနေပြီဆိုတော့ မိုးရာသီမတိုင်ခင်လေး အိမ်ပြန်ပြင်ချင်နေကြတယ်။ အခုက မိုးထဲရေထဲ ဒုက္ခရောက်နေကြရတာ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့၊ ညပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် နမ္မတီးမြို့ပေါ်ရှိ ဝါးအောင်စစ်ရှောင်စခန်း၊ နမ္မတသကြားစက်၊ စိန်ထရေဇာ၊ RC Camp စတဲ့ စခန်း ခုနစ်ခုလောက်က စစ်ရှောင်နေအိမ် အများအပြားမှာ အမိုးအကာတွေ လွှင့်စင်ပြီး နေစရာမရှိအောင် ပျက်စီးခဲ့ရတာလို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ ‌စစ်ရှောင်နေရသူ အများစုဟာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ စစ်ရှောင်ဖို့ ခက်ခဲလာတာတဲ့အတွက် တောစပ်တွေမှာ တဲထိုးကာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
ဒါကြောင့် မိုးရာသီကာလကို ဖြတ်သန်းနိုင်ဖို့အတွက် စိန်ခေါ်မှုတွေ များစွာ ရှိနေတာဖြစ်ပြီး နေထိုင်စရာအတွက် အမိုးအကာတွေအပြင် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်း တာဝန်ခံတွေရဲ့ ပြောကြားချက်အရ မိုးရာသီအတွက် အမိုးအကာတွေ အလုံအလောက် မရရှိပါက ကျန်းမာရေးနဲ့ အသက်အန္တရာယ်ဆိုင်ရာ ပြဿနာတွေ ပိုမို ကြီးထွားလာနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ရှောင်တွေ အမိုးအကာအောက် ရောက်ရှိနိုင်ရေးအတွက် ကူညီပေးကြဖို့ ရန်ပုံငွေ လိုအပ်ချက်တွေ ရှိနေတာကြောင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအနေတဲ့ ဝိုင်းဝန်း ထောက်ပံ့ပေးကြဖို့ ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။
Photo – PYA/CJ

Related posts

Leave a Comment

VOM News

FREE
VIEW