မေ ၉ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ကသာခရိုင်ထဲက သကြားစက်ရုံတွေက ကြံဝယ်ယူကြိတ်ခွဲမှုတန်ချိန် အလွန်နည်းတဲ့အတွက် မရောင်းရတဲ့ ကြံခင်းတွေကို မီးရှို့ဖျက်ဆီးပစ်နေရတယ်လို့ ကြံစိုက်တောင်သူတွေဆီက သိရပါတယ်။
တရက်ကို တန် ၈၀၀၀ ကြိတ်ဝါးနိုင်တဲ့ ဝေမာ စက်ရုံ ၊တန် ၂၀၀၀ ကြိတ်ဝါးနိုင်တဲ့ MSD မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေးစက်ရုံ ၊ တန် ၅၀၀၀ ကြိတ်ဝါးနိုင်တဲ့ MES နဲ့ တန် ၃၀၀ ကနေ ၇၀၀ ကြားကြိတ်ဝါးနိုင်တဲ့ စက်ရုံအသေးတချို့ရှိပေမယ့် ဝေမာသကြားစက်ရုံက လည်ပတ်နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
ကျန်တဲ့ သကြားစက်ရုံတွေကလည်း နေ့စဥ်ကြိတ်ဝါးနိုင်တဲ့ ကြံတန်ချိန်ထက် လျှော့ချပြီး ကြိတ်ဝါးတဲ့အခြေအနေတွေကြောင့် တောင်သူတွေထွက်ရှိသမျှ ကြံအားလုံးကို ဝယ်ယူနိုင်ခြင်းမရှိတဲ့အတွက် ကြံစိုက်ခင်းတွေကို မီးရှို့ဖျက်ဆီးနေရတာ ဖြစ်တယ်လို့ သိရပါတယ် ။
ကသာ ခရိုင်မှာ ကြံအထွက်နူန်းအနေနဲ့ နှစ်စဥ် ကြံတန်ချိန် ၁၂ သိန်းအထက် ထွက်ရှိလေ့ရှိပြီး ဒီနှစ်ကြံရာသီမှာ သကြားစက်ရုံတွေက ကြံတန်ချိန် ၅ သိန်းအောက်သာ ဝယ်ယူကြိတ်ဝါးနိုင်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
” ကြံကို မီးရှိူ့ရုံမကဘူး ။ အလကား ခုတ်ယူဆိုပြီး ပေးနေတာတောင် အလကားယူမယ့်လူမရှိဘူးဖြစ်နေတယ်။ ဝေမာစက်ရုံကလည်း မဖွင့်တော့ ဆိုင်နို ကွင်းအတွင်းက ကြံတွေဆိုရင် ဧကပေါင်း တစ်သောင်းကျော် မီးလောင်သွားပြီ တောင်သူတွေ ကကြံကိုစိတ်နာပြီး ဖျက်ကုန်ကြပြီ။ စက်ရုံကတော့ ကြံတွေများတော့ ကုန်အောင် မကြိတ်နိုင်ဘူးပေါ့။ ကျွန်တော်ဆိုရင် ကြံမသိမ်းရသေးဘူး ။ တန် ၁၅၀၀ ထွက်လောက်ရှိသေးတာ ဝယ်သူမရှိလို့ အကုန်ဖျက်ပစ်ရမှာပါ ။ ဆုံးရှုံး မှုကြီးမားပါတယ်။ ” လို့ ကြံစိုက်တောင်သူ တယောက်က ပြောပါတယ် ။
ကြံစိုက်ခင်းတွေ မီးရှို့ဖျက်ဆီးရတဲ့ တောင်သူတွေအတွက်ကတော့ သိန်းထောင်ချီအထိ အရှုံးနဲ့ ရင်ဆိုင်ကြရသလို ကြံဝယ်ယူစျေးနည်းတာကြောင့်လည်း အရှုံးပေါ်ရ တယ်လို့ သိရပါတယ်။
သကြားစက်ရုံတွေကတော့ လက်ရှိဖြစ်နေတဲ့ နယ်မြေမတည်ငြိမ်မှု ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ စတဲ့ အခြေအနေတွေကြောင့် ကြိတ်ခွဲရရှိလာတဲ့ သကြားကို တင်ပို့ရောင်းချဖို့ အခက်အခဲတွေရှိတဲ့အတွက် စက်ရုံမလည်ပတ်နိုင်ခြင်း ၊ ကြိတ်ဝါးတန်ချိန်လျော့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” စစ်ဖြစ်တဲ့ ဧရိယာဒေသမို့ သကြားမရောင်းရဘူး ။ အဲဒီတော့ ငွေမပေါ်ဘူးပေါ့ ။ နောက်ပြီးတော့ သူတို့လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း အပြည့်အစုံမရဘူး ။ ဒါကြောင့် စက်ရုံကြီး ဝေမာစက်ရုံက မလည်ပတ်နိုင်ဘူး ။ ကျန်တဲ့စက်ရုံကလည်း ကြံကြိတ်ဝါးတန်ချိန် အပြည့်အဝ မကြိတ်ဝါးနိုင်ဘူး။ အဲဒီတော့ တောင်သူတွေထဲမှာ တချို့က လုံးဝမသွင်းရဘူး။ တချို့ကျတော့ ကြံတဝက်လောက်ပဲသွင်းရတယ်။ အဲဒီတော့ ကျန်တာကိုမီးရှို့ပြီး နောက်နှစ်အငုတ်ယူပေါ့။ အဲဒီမှာစိုက်ပင်အသစ်သမားတွေက ပိုပြီးအရှုံးကြီးတာပေါ့ ။ ” မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြောပါတယ်။
ကသာခရိုင်မှာ စက်ရုံဖွင့်လည်ပတ်ခဲ့တဲ့ MES သကြားစက်ရုံက တောင်သူတွေဆီကနေ ကြံကို ဝယ်ယူကြိတ်ဝါးတာမျိုးမဟုတ်ဘဲ ကြံကြိတ်ဝါးထွက်ရှိလာတဲ့ သကြားကို တောင်သူက ၆၁ ရာခိုင်နူန်း နဲ့ စက်ရုံက ၃၉ ရာခိုင်နူန်း အချိုးကျ ရယူပြီး လည်ပတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
MSD စက်ရုံကတော့ ကြံတတန်ကို စက်ရုံအရောက်စျေး ၁၁၅၀၀၀ ကျပ်နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး တောင်သူတွေရဲ့ ကြံတတန် ကုန်ကျစရိတ်က ၁ သိန်းနီးပါးရှိတာကြောင့် အရင်းမရဘူးလို့ သိရပါတယ်။
ကသာခရိုင်မှာ ကြံစိုက်တောင်သူ ထောင်နဲ့ချီရှိပြီး နှစ်စဥ် ကြံတန်ချိန် ၁၂ သိန်းအထက် ထွက်လေ့ရှိကြောင်း ၊ ဒီနှစ်ကြံရာသီမှာ ကြံစိုက်တောင်သူ အားလုံးအရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် လာမယ့်ကြံရာသီမှာ ကြံစိုက်ပျိုးမှု လျှော့ချလုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
