မေ ၁၂ ၊ ၂၀၂၆
GG (VOM)
သတင်းအေဂျင်စီ သုံးခုဖြစ်တဲ့ မြေလတ်အသံ (Myaelatt Athan)၊ Red News Agency နဲ့ Asia Citizens (အာရှနိုင်ငံသားများ) သတင်းအေဂျင်စီတို့ လိုင်စင်ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မေ ၁၁ ရက်မှာ အသိပေးခဲ့ ပါတယ်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေတဲ့ အကြောင်းအရာကို ရေးသားလွှင့်တင်ဖော်ပြခဲ့တဲ့အတွက် သတင်းအေဂျင်စီလုပ်ငန်းကို ဧပြီလ ၂၃ ရက်နေ့ကတည်းကစပြီး ပိတ်သိမ်းလိုက်တာ ဖြစ် တယ်လို့ ဆိုပါတယ်။
အရင်လ ဧပြီ ၂၂ ရက်ကလည်း Chin World ၊ မျက်မှောက်ခေတ် နဲ့ Khonumthung Media တို့ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းခဲ့ပါတယ်။
ခုလို သတင်းမီဒီယာ လုပ်ငန်း လိုင်စင်ပိတ်သိမ်းတာတွေကို ဆက်တိုက်ပြုလုပ်လာတာဟာ သတင်းမီဒီယာအပေါ် ပိုပြီး ထိန်းချုပ်လာမယ့် သဘောရှိနိုင်ကြောင်း ဝါရင့်သတင်းစာဆရာ တယောက်က သုံးသပ် ပြောဆိုပါတယ်။
” သတင်းမီဒီယာတွေ လိုင်စင်ပိတ်သိမ်းတာ ခပ်စိပ်စိပ် လုပ်လာတာဟာ သတင်းမီဒီယာတွေ အပေါ် ပိုပြီး ထိန်းချုပ်မယ့် သဘော၊ လိုင်စင်ပိတ်သိမ်းခြင်း မရှိသေးတဲ့ ပြည်ပ အခြေစိုက် သတင်းဌာနတွေ မှာ လုပ်နေသည့်တိုင် ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်က ရှိပြီးသား အနေအထားလို့ နားလည်ပါတယ် ။ အခုလို လိုင်စင်ပိတ်သိမ်းကြောင်းကြေညာလိုက်တော့ ပိတ်သိမ်းခံထားရတဲ့ သတင်းဌာနအတွက် သတင်းထောက် လုပ်ပေးနေခဲ့ရင် ပိုပြီး ကြီးလေးတဲ့ ပြစ်ဒဏ်ပေးမယ့် သဘောလို့ နားလည်ပါတယ်။ ခု ပိတ်သိမ်းခံရတဲ့ မီဒီယာအများစုက ပြည်ပမှာ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာ အခြေစိုက် လုပ်ကိုင်နေကြတာ ဖြစ်လို့ သတင်းဌာနကို ဦးဆောင်လုပ်ကိုင်သူတွေ က အန္တရာယ် ထပ်မတိုးလာနိုင်ပေမယ့် ပြည်တွင်းက သတင်းထောက်တွေကို သတင်းမပေးပို့ရဲအောင် ရည်ရွယ်တာလို့ ယူဆရပါတယ် ။ ” လို့ သုံးသပ်ပြောပါတယ်။
ပြည်တွင်းမှာ ရပ်တည်နေတဲ့ သတင်းဌာနတွေ အပေါ်လည်း သက်ရောက်မှု ရှိလာနိုင်ကြောင်း ၊ ရေးသားတဲ့ အကြောင်းအရာ ရွေးချယ်တဲ့ စကားလုံး အသုံး အနှုန်းတွေ သတိထားရမယ့် သဘော ရှိနိုင်တယ်လို့ သူက သုံးသပ်ပြောပါတယ်။
အရင်ကလည်း DVB၊ မဇ္ဈိမ၊ Myanmar Now၊ ခေတ်သစ် ၊ 7day ၊ မဲခေါင် အပါအဝင် သတင်းဌာန ၁၀ ခုထက်မနည်းကို လိုင်စင်ပိတ်သိမ်းခဲ့သလို စာပေတိုက်လေးခုနဲ့ ပုံနှိပ်တိုက်နှစ်ခုလည်း လိုင်စင်ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းအေဂျင်စီတွေအနေနဲ့ မီဒီယာအမျိုးအစားတခုခုကို အသုံးပြုပြီး ဖြစ်စေ၊ နည်းပညာ တရပ်ရပ်ကို အသုံးပြုပြီး ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြတာမျိုးမပြုလုပ်ဖို့လည်း သတိပေး ပြောဆိုထားပါတယ်။
ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ ပိတ်သိမ်းခံရတဲ့ သတင်းဌာနအများစုဟာ ခုချိန်ထိ သတင်းတွေကို ထုတ်လွှင့်နေဆဲ ဖြစ်ပါတယ်။
ခုလုပ်ငန်းလိုင်စင် ပိတ်သိမ်းခံထားရတဲ့ သတင်းဌာန အများစုဟာ နယ်စပ်ဒေသ နဲ့ လက်နက်ကိုင်စိုးမိုးနယ်မြေတွေ ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ရုံးဖွင့်လုပ်ကိုင်နေကြတာများတယ်လို့ သိရပါတယ် ။
