သူတို့အိမ် အခန်း (၁၁၂)

ဆူးငှက်

ကျောင်းသားစိတ်နှင့် အလိုက်မသိခဲ့ပုံများ
————————————————–

တက္ကသိုလ်ရောက် ကျွန်တော့် သူငယ်ချင်းများက ကျွန်တော်နှင့် သာမက ကျွန်တော့် မိသားစု ကျွန်တော့် ဆွေမျိုးများ ကျွန်တော့် အသိုင်းအဝန်းနှင့်ပါ ရင်းနှီးကြသည်။ ကျွန်တော့် အိပ်ရာပေါ် ဝင်ထိုင်ကြပြီး ကျွန်တော့် ဝမ်းကွဲ အစ်ကိုများနှင့်ပါ ရင်းနှီးကြသည်။ ထို့ကြောင့် ညရောက်လျှင် ညဈေးတန်းသွားကြ ဘုရားပွဲသွားကြ အငြိမ့်ကြည့်ကြ လက်ဖက်ရည်ဆိုင် ထိုင်ကြနှင့် တရုံးရုံးဖြစ် နေကြသည်။

တစ်ခုပါပဲ၊ ကျွန်တော်က သူများဝင်းထဲနေရသည်လေ။ ဝင်းပိုင်ရှင်က မင်းမျိုးမင်းနွယ် ဆွေကြီးမျိုးကြီး စီးပွားရေးလုပ်ငန်းရှင်ကြီးလေ။ သူတို့မှာ သူတို့ အတိုင်းအတာနှင့် လုံခြုံရေးက အရေးပါသည်။ ထို့ကြောင့် ဝင်း၏ တံခါးမကြီးများကို ည ၈နာရီကျော်တာနှင့် ပိတ်သည်။ ထို့ကြောင့် ကျွန်တော်က သူငယ်ချင်းများနှင့် တရုံးရုံး ဝင်လိုက် ထွက်လိုက် လုပ်နေခြင်းက မသင့်တော်ပေ။ ထိုစဉ်ကာလက ရပ်ရွာအေးချမ်းမှုသည် အကောင်းဘက်မို့ တော်တော့သည်။ သို့သော် မည်သို့ ကောင်းသည် ဆိုစေကာမူ သူသူငါငါနှင့် ဝင်ချင်းတိုင်းဝင် ထွက်ချင်တိုင်း ထွက်နေတာက အတော် မလျော်ကန်သည့် မသိတတ်မှု ဖြစ်သည်။ သို့သော် ကျွန်တော် မဆင်ခြင်ခဲ့ပေ။

စောစောက စကား ဆက်ပါဦးမည်။ ကျွန်တော့် သူငယ်ချင်းများနှင့် ကျွန်တော့်ဆွေမျိုးများ ရင်းနှီးလိုက်သည်မှာ နွေကျောင်းပိတ်ရက်တွင် သူငယ်ချင်းတွေ စုပြီး မုံရွာသွားကြသည်။ မုံရွာရောက်တော့ နဂါးရုံဘုရားအနီး ပွဲစားတန်းလမ်းက မမခင်ဝင်းနှင့် ခင်ပွန်းဦးဇော်ဝင်း(ဇော်ပုလဲ) တို့၏ အလင်းရောင်ဆေးတိုက်မှာ တည်းကြသည်။ သန်းလွင်၊ ဝင်းဟန်၊ ကျော်ရွှေ၊ ကိုအုန်းမြင့်၊ ကိုစိုးမြင့် နှင့် ကျွန်တော်တို့ ဖြစ်သည်။ မုံရွာမှာ ကိုမောင်ဝင်းက ဘုရားတွေ လိုက်ပို့သည်။ အမှတ်တရ အရှိဆုံးကတော့ ကျောက်ကာရွှေဂူနီဘုရားနှင့် ထန်းဇလုတ်ချောင်း ခရီးပဲ ဖြစ်သည်။

အစာရေစာပြတ်လို့ မတ်တပ်ကလဲလု
—————————————–

ထိုစဉ်က မုံရွာနှင့် ကျောက်ကာသည်ပင်လျှင် အခုလို သွားလို့ လာလို့ မလွယ်သေး။ ဘတ်စ်ကားရှားသေးသည်။ ကျောက်ကာ ကားက သီူသန့်ရှိသော်လည်း အချိန်က အဆင်မပြေလှ။ ထို့ကြောင့် အရာတော်ကားကို စီးပြီး ကျောက်ကာမှာဆင်းသည်။ ရောက်သည်နှင့် ဘုရားဝင်ဖူးပြီး ထန်းဇလုတ်ချောင်းသို့ ခရီးဆက်ကြသည်။ ထန်းဇလုတ် ချောင်းလမ်းကလည်း အခုလို မချောမွေ့။ ဆည်မြောင်းကားတွေ သွားသည့် တောလမ်းပဲ ရှိသည်။ ထိုတောလမ်းအတိုင်း ခြေကျင်သွားကြရ၏။ ဖုံထူလှသော ကားလမ်းအတိုင်း သွားလိုက်၊ ယာခင်းတွေ ဖြတ်လိုက်။ လှည်းလမ်းတက်လိုက်နှင့် နွေခေါင်ခေါင်နေပူပူမှာ ဝတ်ထားသည့် အပေါ်အင်္ကျီတွေ ချွတ်ပြီး ခေါင်းပေါ် ဆောင်းကြရ၏။ လမ်းမှာလည်း အသွားအလာမရှိ လူပြတ်လှသည်။ ထန်းဇလုတ်ချောင်း ရောက်ခါနီးမှ ယာတဲတစ်တဲကို တွေ့သည်။

သည်လိုနှင့် ချောင်းရောက်တော့ လူတွေလည်း ဖုံအလူးလူး ချွေးသံတရွှဲရွှဲနှင့် ခြေကုန်လက်ပန်း ကျနေကြတော့၏။ ကိုင်း.. ထိုနေရာမှာ ရေမှလွဲ၍ ဘာမှမရှိ။ မနက်စောကကျောက်ကာလမ်း အရာတော်ကားဂိတ်အနီး လက်ဖက်ရည်ဆိုင်က စားခဲ့သည့် ပလာတာနှင့် လက်ဖက်ရည်ပဲ ရှိကြသည်။ အတွေ့အကြုံမရှိတော့ ကျောက်ကာ ရွှေဂူနီ ဘုရားဈေးကလည်း ဘာမှ မဝယ်ခဲ့ကြ။ မြို့ခံ ကိုမောင်ဝင်းကလည်း ကဆုန်လ ဘုရားပွဲကာလပဲ ရောက်ဖူးတော့ အခုလိုကြားအချိန် ၏ အခြေအနေကို သတိမထားမိဘူးတဲ့။ ဘုရားပွဲကာလမှာတော့ ထန်းဇလုတ်ချောင်းမှာလည်း ဈေးဆိုင်တွေ ရှိတာကိုး။

ထမင်းရှာပုံတော်
————————-

သည်တော့ သန်းလွင်က လမ်းမှာတွေ့သည့် ယာတဲကိုသွားပြီး ငှက်ပျောသီးဖြစ်စေ၊ စားစရာတစ်ခုခုဖြစ်စေ သွားဝယ်မည်ဟု ဆိုသည်။ ကျန်သူများက နောက်ကြောင်းပြန်လှည့်ကာ သည်ဖုန်ထူထူထဲ သွားရမှာ ပင်ပန်းနေကြပြီ။ သို့သော် မတတ်နိုင်၊ သည်တစ်လမ်းပဲရှိတာကိုး။ သန်းလွင်က ကျန်သူများ နေရစ်ပါ။ သူသွားပါမည်။ ရသည့် အစားအစာယူခဲ့ပါမည်ဆိုကာ သွားသည်။ နောက်က ကိုစိုးမြင့်ကလည်း သူလည်း လိုက်မည်ဆိုကာ ၂ယောက်သား ထွက်သွားကြ၏။ ကျန်လူများက ချောင်းဘေးမှာ ပက်လက်လန်နေကြပြီ။ မထနိုင်ကြတော့။

ကိုမောင်ဝင်းကလည်း ချောင်းအထက်ဖက်မှာလည်း တဲတွေရှိနိုင်သည်။ သွားကြည့်မည်ဆိုကာ ထွက်သွားသည်။ ကျန်သည့် ကျွန်တော်တို့ ကတော့ ကျောက်တုံး ခေါင်းခုကာ အိပ်ပျော်သွားပုံရသည်။ ခပ်လှမ်းလှမ်းက အသံတစ်သံကြောင့် လန့်နိုးလာသည့် သဘောဖြစ်သည်။ အိပ်မက်လေလား။ အသံနှင့် အတူ မြင်ကွင်းကလည်း ဝိုးတဝါး။ အခု ရောက်နေတာ ကျောက်ကာရွာနားက ထန်းဇလုတ်ချောင်းရှိသည့် တောထဲမှာလေ။ ဘာစားစရာမှ မရှိလို့ ထွက်ရှာနေရတာလေ။ အခု ကြားနေရတာက မန္တလေး လမ်း၈၀ပေါ်မှာ ကြားရသည့် အသံနှင့် မြင်ကွင်းမျိုး။

အခုလို နေပူပူတွင် လမ်း၈၀ပေါ်မှာ ခပ်ဝဝ ဘာဘူကြီးက ဒန်အိုးကြီးတစ်လုံးရွက်ပြီး “မလိုင်လုံး၊ မလိုင်မုန့်” ဟု အော်ကာ ဈေးရောင်းသည့် အသံနှင့် မြင်ကွင်း၊ အသံက နီးလာသည်။ ကျွန်တော်က အိပ်ချင်မူးတူးမို့ အိပ်မက်ဟု ထင်သည်။ မျက်လုံးကို အားစိုက်ကာ ဖွင့်ကြည့်သည်။ အလိုလေး အိပ်မက်မဟုတ်၊ အိပ်မက်မဟုတ်လျှင် ဘယ့်နှယ် ဘုရားပွဲအခါလည်း မဟုတ်ပါဘဲ ဒန်အိုးခေါင်းပေါ် ရွက်ထားသည့် ဗိုက်ပူပူနှင့် ဘာဘူကြီးက သည်တောထဲ မလိုင်လုံး မလိုင်မုန့် လာရောင်းပါလိမ့်။ အိပ်ချင်သည့် မျက်လုံးက ပုံမှန်အခြေအနေရောက်ကာ အသံနှင့် မြင်ကွင်းက အနီးကပ်ပါမှ အဖြစ်မှန် သိရတော့သည်။

အမြိန်ဆုံး ထမင်းတစ်နပ်
—————————-

ဟုတ်ပေ့ဗျာ၊ စားတော်ခေါ် ကြဖို့ အစားအသောက်ရှာဖွေရန် တစ်နေရာစီခွဲသွားကြသည့် သုံးဦးသားက ကံကောင်း ထောက်မစွာဖြင့် ယာတဲက ပဲလှော်ကြော်နှင့် ချောင်းအထက် မယ်သီလရှင် ကျောင်းက ဆွမ်းကျန်တစ်အိုး၊ လက်ဖက် တစ်ပွဲရခဲ့သည်တဲ့။ ထည့်စရာကလည်း မပါတော့ သီလရှင်ကျောင်းက ဆွမ်းကျန်ကို အိုးလိုက်ထည့်ပေးကာ ပြီးမှ အိုးပြန်ပို့ရမှာတဲ့။ ထိုဒန်အိုးကို အင်္ကျီကိုယ်တုံးလုံးကျွတ်နှင့် ဗိုက်ပူပူ ပုပု ကိုစိုးမြင့်က ခေါင်းပေါ်ရွက်ပြီး မလိုင်လုံး မလိုင်မုန့်ဟု အော်လာခြင်း ဖြစ်သည်။
ဘဝတွင် ဆီမပါပျားမပါ ထမင်းကို ပဲလှော်ကြော်နှင့် လက်ဖက်ရောမွှေပြီး ဒန်အိုးတစ်လုံးထဲ လက်ဆုံနှိုက်စားရသည့် နေ့လယ်စာသည် အမြိန်ဆုံး အကောင်းဆုံး ဖြစ်ခဲ့တာ တစ်သက်တာ မမေ့ခဲ့တော့ပေ။ သည်လိုနှင့် စားသောက်ပြီး ချောင်းမှာ ရေချိုးကာ ဒန်အိုးပြန်ပို့ပြီး နေချိုချိန်ပြန်တော့ ရွှေဂူနီဘုရားရောက်သောအခါ နေဝင်ချေပြီ။

ကားမရှိတော့ဘူးတဲ့
————————-

သည်တွင် ကြားရသည့် သတင်းက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း နှုတ်ဆိတ်သွားစေခဲ့ပြန်၏။ မုံရွာဘက်ပြန်မည့် ကားက တစ်စင်းမှ မရှိတော့ဘူးတဲ့။ အရာတော် ဈေးကားကလည်း ညနေက ပြန်သွားပြီတဲ့။ ကျောက်ကာ ကားက မနက်စောမှ ထွက်မှာတဲ့။ သည်တော့ ခြေကျင်ပြန်မလား၊ ဒါမှမဟုတ် ဘုရားက ဇရပ်မှာ ညအိပ်မလား ဒါပဲရှိသည်။ ခြေကျင် ပြန်ဖို့ကိုတော့ မြို့ခံ ကိုမောင်ဝင်းက အားမပေးပေ။ ဘာပဲပြောပြော သူ့မှာ တာဝန်ရှိသည်။

ထို့ကြောင့် ဇရပ်မှာပဲ ညအိပ်ကြမယ်ပေါ့။ မနက်စောစော ကျောက်ကာဈေးကားနဲ့ပဲ လိုက်ကြမယ်ပေါ့။ ဤသို့ဖြင့် ဘုရားပေါက်အနီး ကားလမ်းဘေး တမာပင်ရိပ်က ဇရပ်လေးထဲ ထိုင်ရင်း ညစာအတွက် စဉ်းစားနေကြရသည်။ ဘုရားဈေးက ဆိုင်တွေကတော့ ပိတ်ပြီ။ ကိစ္စမရှိ၊ နည်းနည်းလျှောက်လိုက်လျှင် ရွာသို့ရောက်မည်။ ရွာမှာတော့ စားစရာရှိမှာပေါ့။ ထို့ကြောင့် ရွာဖက်သို့ အခုပဲ သွားကြမလားဟု တိုင်ပင်ကြသည်။

ကားတစ်စီးလာပြီ
————————

ထိုစဉ် ရွာဘက်က ကားမီးရောင် မြင်လိုက်ရပြီး စက်သံပြင်းပြင်းနှင့် ကားတစ်စီးထွက်လာသည်။ ဘာကားလဲ၊ ဘယ်လာတာလဲဟု မျှော်ကြည့်ရင်း ကားက အနားရောက်လာတော့ ပက်လက် ကုန်ကားတစ်စီးဖြစ်နေ၏။ ကားမှာ ဘော်ဒီက အဖြစ်ပါပဲ။ ခပ်ယိုင်ယိုင် ဘော်ဒီတွင် မပီမသ လက်ရေးဖြင့် လမ်းတာဝန်ဟု ရေးထားသည်။ ကားက ဇရပ်အနီးရောက်တော့ ကိုမောင်ဝင်းက “ဆရာတို့ မုံရွာလိုက်ချင်လို့ ရလားဗျ” ဟု အော်မေးလိုက်တော့ ကားက ထိုးရပ်ပြီး “လာ လာ၊ လိုက်ခဲ့ကြ၊ မြို့ထဲထိတော့ မရောက်ဘူး၊ အုတ်ကန်တောရအထိပဲ ရောက်မှာဟု ဒရိုင်ဘာက လှမ်းအော်သည်။ ကိုမောင်ဝင်းက ရတယ်၊ လိုက်မယ်ဟု အားရဝမ်းသာ အော်ပြီး ကားပေါ်တက်ခိုင်းတော့၏။

ကျွန်တော်တို့လည်း ကားပေါ် ပြေးတက်ကြသည်။ ကားပေါ်မှာ ချည်တဘက်ဟောင်း ခေါင်းပေါင်းထားသည့် မိန်းမ ၂ယောက်နှင့် ပြောင်းဖူးဖက် ဆေးလိပ်ကြီး ကိုက်ထားသော ယောက်ျားကြီး တစ်ယောက် ပါသည်။ ဂေါ်ပြား၊ ပေါက်ချွန်း နှင့် ခနော်ခနဲ့ တောင်းအိုလေး၂လုံးပါသည်။ ကျွန်တော်တို့က ကားရှေ့ထိ သွားကာ ကားခေါင်းနောက်က တစ်ချောင်းတည်း သာပါသော အမိုးကိုင်းကို ကိုင်၍ မတ်တပ်လိုက်ကြသည်။ ကားမောင်းစဉ် လေတိုးလို့ လုံချည်တွေ လန်တာကိုပဲ အချင်းချင်း နောက်ပြောင်ကာ တဝါးဝါးပွဲကျနေကြသည်။

ဆိုင်းသေတ္တာတွေ၊ ဗုံတွေ စည်တို ပတ်မတွေနှင့်
——————————————–

ကားက တစ်ခေါ်လောက်မောင်းလိုက်၊ လမ်းဘေးထိုးရပ်လိုက်၊ ကားပေါ်ပါလာသည့် ၃ယောက်က ဂေါ်ပြားတွေ ပေါက်ချွန်းတွေနှင့် လမ်းဘေးကျောက်ပုံက လက်ကျန်ကျောက်များကို တောင်းထဲကော်ထည့်ပြီး ကားပေါ်သွန်လိုက်နှင့် အေးအေးဆေးဆေး ဖြည်းဖြည်းနှေးနှေးပဲ မောင်းနေသည်။ ကိစ္စမရှိ။ သည်ည ကျောက်ကာလမ်းဘေးဇရပ်မှာ မအိပ်ရလျှင်ပြီးတာပဲလေ။ ကားပေါ်မှာ ကျွန်တော်တို့မှာ ပျော်လို့။ သည်လိုနှင့် ကျောက်ပုံ ၅ပုံလောက် တင်အပြီး ကားက ကျောက်လမ်းမမှ ဘယ်ဘက်ခွဲသည့် မြေလမ်းအတိုင်းဆင်းသည်။ ဟောဗျာ..၊ ဘယ်များ သွားဦးမှာပါလိမ့်၊ သည်စိုးရိမ်စိတ်က သည်လမ်းကြောကို သိသော ကိုမောင်ဝင်းနှင့် ကျွန်တော်ပဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အမူအရာနှင့် မေးမိသည်။ ကျန်သူတွေက ဘယ်သိမလဲလေ။

ကားက မြေလမ်းအတိုင်းဝင်ကာ ရွာတစ်ရွာ၏ စည်းရိုးဝင်ပေါက်က ဝင်သည်။ ရွာထဲက တဲလေးတွေမှာ မီးခွက်မှိတ်တုတ် မှတ်တုတ်လေးတွေ လက်လို့။ သိပ်မမောင်းရပေ။ အိမ်ဝင်းတစ်ဝင်းရှေ့က ချိုးလိုက်တော့ မန်ကျည်းပင်အကွယ်က အလှူမဏ္ဍပ်တစ်လုံးတွေ့လိုက်ရပြီး ရပ်စောင့်နေသူအချို့က ဟော ကားလာပြီဟု အော်ကာ ကားကို တားသည်။ ထို့နောက် မဏ္ဍပ်ရှေ့တွင် ပုံထားသော ဆိုင်းပစ္စည်းသေတ္တာတွေ၊ ဘင်တွေ၊ ဗုံတွေ၊ စည်တိုတွေ၊ ပတ်မတွေ တင်တော့၏။ သြော်.. မနက်က အလှူဧည့်ခံမှာ တီးသည့် ဆိုင်းက အခု အလှူ ရေစက်ချအပြီး ဆိုင်းဖြုတ်သိမ်းကာ သည်ကားနှင့် ပြန်မှာဆိုတာ သဘောပေါက်လိုက်သည်။

ကျောက်ကာလမ်းပေါ်က ပုလဲအရောင်မမှိန်
————————————————-

ကားပေါ် ဆိုင်းသေတ္တာတွေနှင့် စည်တိုတွေ ဘင်တွေကို တင်ပြီး ကားက နောက်ဆုတ်ကာ လှည့်ပြီး လာလမ်းအတိုင်း ကျောက်လမ်းအတိုင်း ပြန်တက်၍ မုံရွာဘက် ဦးတည်တော့၏။ သည်အချိန် ပြည့်ကာနီး လကလည်းသာသာ ဆိုင်းသေတ္တာတွေ ဗုံတွေ ပတ်မတွေနှင့်ဆိုတော့ ကျွန်တော်တို့ ကားက ဇာတ်အဖွဲ့ကားနှင့် တူချေသေးတော့၏။ သည်တွင် ကျော်ရွှေ နှင့် ကျွန်တော်၏ ဇာတ်ပိုးက အငြိမ်မနေတော့။ မုံရွာမလာခင် ခင်မောင်ချင်း၏ ပုလဲ အရောင်မမှိန်ရုပ်ရှင်ကားကိုလည်း ကျော်ရွှေနှင့် ကျွန်တော်က ကြိုက်လွန်းလို့ အနည်းဆုံး ၄ကြိမ်လောက် ကြည့်ပြီးသားမို့ ထိုရုပ်ရှင်ကားထဲက သီချင်းတွေလည်း အလွတ်ရနေကြသည်။ ထုရုပ်ရှင်ကား ဇာတ်ဝါသနာပါလွန်းသော တောသား ခင်မောင်ချင်းက သူတို့ရွာလာကသည့် ဇာတ်အဖွဲ့ အပြန် လိုက်သွားရင်း ဇာ်ကားပေါ်ရောက်တော့ ခွန်းထောက်တစ်ပုဒ် ဟစ်၍ ဆိုလိုက်ရာ ကျန်ဇာ်သူဇာတ်သားများပင် အံ့သြကြသည့်ဇာတ်ဝင်ခန်းပါသည်။

ဟော အခုလည်း လသာသာမှာ ဆိုင်းတွေ ဗုံတွေ ဇာတ်သေတ္တာတွေနှင့် ကားပေါ်မှာမို့ ကျော်ရွှေနှင့် ကျွန်တော် ဇာတ်ပိုးထတာ မဆန်းပေ။ ထိုအခါ ဇာတ်ပိုးသာမက အစွမ်းအစလည်းရှိသော ကျော်ရွှေက “ ခါတပေါင်း ရွက်ဟောင်း အကုန်ကြွေလို့၊ စုံခြေမှာ ရော်ဝါရင့်တာက ကြုံလေနော် ပေါ်ကာပွင့်တယ်၊ ပန်းမင့် သရဖီ” ဟု ဇာတ်သံနှင့် ဟစ်လိုက်သည်။ သည်တော့ ကျွန်တော်ကလည်း အားကျမခံ “ မြိုင်ခြေငယ်သင်းပါလို့ အင်ကြင်းငယ့် ရွှေဖီ၊ ဝတ်မှုန်ငယ်စီသည်၊ မြစ်နဒီသောင်တခိုက မောင်မယ်ညို မြူးပြန်တော့တယ်လေး..” ဟု ရွှေမန်းကြည်လှိုင် ဆိုပေါက်နှင့် ဟဲလိုက်တော့သည်။

ကားက အရှိန်ရလာတော့ ပုဆိုးတွေက ခါးအထက်ရောက်လု တလွင့်လွင့်၊ မုံရွာအဝင် အုတ်ကန်တောရ ရောက်တော့ မနက် အလှူဝင်အတွက် ဆိုင်းပစ္စည်းတွေ ချကာ ပြန်မှာမို့ ခရီးဆုံးပြီ။ ညကလည်း ၉နာရီ ထိုးလုပြီ။ ကျောက်ကာလမ်းမကြီးက အိပ်ရာဝင်ပြီမို့ တိတ်ဆိတ်ငြိမ်သက်လို့။ ကျွန်တော်တို့ စကားပြောရင်း နောက်ရင်း ပြောင်ရင်း တွန်းရင်း ထိုးရင်းနှင့် မြင်းမူလမ်းနှင့် သာစည်လမ်းထိပ်အနီးက အလင်းဆိုင်မှာ လက်ဖက်ရည်နှင့် ထမင်းကြော်စားကြပြီး မမခင်ဝင်းတို့ အိမ်ပြန်ရောက်တော့ ဦးဇော်ဝင်းနှင့် မမခင်ဝင်းက စိတ်တွေပူပြီး မအိတ်သေးဘဲ ထိုင်စောင့်လို့။

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW