ပခုက္ကူမြို့အထွက် ဂိတ်​တွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး သယ်ယူခွင့် ကန့်သတ်

​မေ ၁၈-၂၀၂၆
PL(VOM)
မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းက မြိုင်မြို့၊ ရေစကြိုမြို့နဲ့ ပေါက်မြို့ဘက် အထွက်ဂိတ်​တွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး သယ်ဆောင်ခွင့်ကို ခုရက်ပိုင်းအတွင်း တင်းတင်းကျပ်ကျပ်ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံ​တွေဆီက သိရပါတယ်။
” ​မြို့အထွက်ဂိတ်‌​တွေမှာ လုံခြုံရေးအရ စစ်ဆေးမှုကိုတင်းကျပ်လာတယ် အရင်ကဆိုရင် ကားတစီးကို ဆန်တအိတ်၊ ဆီတပုံးလောက်တော့ သယ်လို့ရသေးတယ်။ ခုရက်ပိုင်းမှာတော့ အဲဒီအခြေခံစားသောက်ကုန် ဘာတခုမှကို သယ်လို့မရတော့တာပါ။ ဘာမှတင်ခွင့်မရတော့ ကားအလွတ်နဲ့ပဲ ပြန်နေရတယ်” ဟု ရေစကြိုတောင်လက် ကျေးရွာ​တွေကို ယာဉ်လိုင်းပြေးဆွဲတဲ့ယာဉ်မောင်းက​ပြောပါတယ်။
ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိတဲ့ အခြေခံစားသောက်ကုန် ကုန်စိမ်း​​တွေနဲ့ အိမ်သုံးဆေးဝါး အပါအဝင် အရေးပေါ် အသက်ကယ်ဆေးဝါး​တွေကိုပါ နယ်ဘက်ကို သယ်ယူခွင့်မပြုဘဲ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
​”အရင်ကတော့ သူတို့ကန့်သတ်ချက်နဲ့ ကုန်စိမ်းတွေ၊ ဆန်၊ ဆီ၊ ဆားတွေ သယ်လို့ရတယ်။ ဆေးဝါးဆိုရင်လည်း လူနာပါမယ်၊ ဆေးလက်မှတ်ပြနိုင်ရင် ပေးသယ်တယ်။ မေလ ၁၃ ရက်နေ့ကစပြီး အစစ်အဆေး အရမ်းကြမ်းလာတယ်။ အခုနောက်ပိုင်း ဆေးဝါးရော၊ စားသောက်ကုန်ရော ဘာတစ်ခုမှကို လုံးဝပေးမသယ်တော့တာ” ကိုယ်​တွေ့ကြုံခဲ့သူက ရှင်းပြပါတယ်။
​”အရင်က ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးနဲ့ လျှပ်စစ်ပစ္စည်းပဲ သယ်ခွင့်မရတာ။ ခုရက်ပိုင်း ကုန်စိမ်းပါ သယ်လို့မရဘူး။ ပေါင်မုန့်၊ ကိတ်မုန့်လို အခြောက်မုန့်တွေတောင် သယ်မရတော့တာပါ။ အစိုဆိုရင်တောင် သူတို့ရဲ့ ကန့်သတ်ချက်နဲ့ပဲ သယ်လို့ရတယ်။ နောက်ရက်မကြာခင် ယောနယ်ဆိုရင် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်တော့မှာ။ ကားလိုင်းတွေကလည်း အပြန်ကုန် ဘာမှမရတော့တဲ့အတွက် အရှုံးပေါ်ပြီး ရပ်နားရတော့မယ့် အခြေအနေ ဖြစ်နေပြီ” လို့ ယောဒေသလမ်းကြောင်းပေါ် ပြေးဆွဲနေတဲ့ ယာဉ်မောင်းက​ပြောပါတယ်။
ပိတ်ဆို့မှုအခြေအနေနဲ့ နောက်ဆက်တွဲ ဂယက်အ​နေနဲ့ စစ်ဆေးရေးဂိတ်‌တွေကပါလာတဲ့ ကုန်ပစ္စည်းများကိုမြို့တွင်း ပြန်လည်လှည့်ပြန်ခိုင်းတာ​တွေလည်းရှိတယ်လို့ ကိုယ်တွေ့ကြုံရသူ​တွေက ဆိုပါတယ်။
​”ဆေးဝါးလေး နည်းနည်းပါတာတောင် သယ်ခွင့်မပေးဘူး။ မိသားစုစားဖို့ ဝယ်လာတဲ့ စားသောက်ကုန်တွေဆိုလည်း အကန့်အသတ်နဲ့ပဲ သယ်ခွင့်ရတယ်။ အများကြီးပါရင် အသိမ်းခံရတာမျိုးတွေ ရှိတယ်” ဟု ပခုက္ကူမြို့ပေါ်က​နေ ကျေးရွာဘက်သို့ ပြန်တဲ့ ဒေသခံတဦးက ပြောပါတယ်။
​ပခုက္ကူမြို့ဟာ အနီးအနားရှိ မြို့နယ်​တွေနဲ့ ကျေးရွာ​တွေအတွက် အဓိက ကုန်သွယ်ရေး စီးပွားရေးဗဟိုချက်ဖြစ်တာမို့ ခုလို ကန့်သတ်ပိတ်ပင်မှု​တွေကြောင့် ကုန်စည်စီးဆင်းမှု အဟန့်အတားဖြစ်သွားတဲ့ အတွက် နယ်ဘက်ဒေသ​တွေမှာ ကုန်ဈေးနှုန်း​တွေ အဆမတန် ကြီးမြင့်လာနိုင်ပြီး၊ အရေးပေါ် ဆေးဝါးလိုအပ်နေသူ​တွေအတွက်လည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ​တွေအထိ ဆိုးကျိုးသက်ရောက်နိုင်ကြောင်း ဒေသခံကုန်သည်​တွေနဲ့ လူမှုကူညီရေးအသင်းအချို့က သုံးသပ်ပြောဆို​နေကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW