မေ ၁၉၊ ၂၀၂၆
Shy V (VOM)
တရုတ် နယ်စပ်ဘက် ဘလူးဘယ်ရီခြံမှာ အလုပ်လုပ်နေတဲ့ တခါသုံးကတ်နဲ့ အလုပ် လာလုပ်ေနတဲ့ မြန်မာလုပ်သားတွေ အလုပ်ပါးသွားလို့ အခု မေလထဲ အများအပြား ပြန်လွှတ်ခံနေရကြောင်း မြန်မာ ရွှေ့ပြောင်း လုပ်သားတွေဆီက သိရပါတယ်။
“ကျမနေတဲ့ နေရာက မြန်မာအလုပ်သမား အဖွဲ့တွေကိုတော့ မေလ ၁၃ ရက်နေ့က လုပ်အားခ ရှင်းပေးပြီး ပြန်ခိုင်းလိုက်ပြီ။ မေလ ၁၃ ရက်နေ့က ပြန်တဲ့ မြန်မာ အလုပ်သမား အများကြီးပဲ။ အယောက် ၉၀ လောက် ရှိတဲ့ထဲက အယောက် ၄၀ လောက်ပဲ ကျန်တော့မယ်။” လို့ ရွှေလီ – မံစီ လမ်းမ အနီးက ဘလူးဘယ်ရီခြံမှာ အလုပ်လုပ်နေသူ အမျိုးသမီး တယောက်က ပြောပါတယ်။
ဘလူးဘယ်ရီပင်တွေ ညှပ်ခိုင်းတာ အကုန်လုံးပြီးသွားလို့ အလုပ်သမားတွေကို အကုန်လုံးကို ပြန်ခိုင်းလိုက်ကြတာဖြစ်ပြီး လက်ရှိမှာတော့ ညှပ်ထားတဲ့အပင်တွေကနေ ပြန်ထွက်လာတဲ့ အညွှန့်တွေကိုပဲ လိုက်ခူးရတာကြောင့် အလုပ်ပါးသွားတာ လို့ သူက ပြောပါတယ်။
“ဒီရက်ပိုင်းအတွင်း နည်းနည်းစစ်မယ်လို့ ပြောနေတယ်” လို့ ခိုးပေါက်ကနေ ဝင်ရောက်လာပြီး ဘလူးဘယ်ရီခြံမှာ အလုပ်လုပ်နေတဲ့ မိန်းကလေး တယောက်က ပြောပါတယ်။
နေထိုင်ခွင့် သက်တမ်းကုန်လွန်သွားသူတွေ၊ တခါသုံးကတ်တွေနဲ့ အလုပ်ပြောင်းလာသူတွေ၊ ခိုးပေါက်ကနေ ဝင်ရောက်လာသူတွေကိုတော့ အလုပ်သမားပွဲစားတွေက လုပ်ခ လစာ ခေါင်းပုံ ဖြတ်ယူတဲ့ အပြင် အလုပ်ထွက်သွားလို့ ရက်ပေါင်ကြေး ကျန်ခဲ့တာတွေကိုလည်း ပြန်မပေးဘူးလို့ သူက ပြောပါတယ်။
“မေလ ၁၄ ရက်နေ့ည ၈ နာရီခွဲလောက်မှာ မုန်းခွမ်ရွာဘက် ဘလူးဘယ်ရီခြံက မြန်မာ လုပ်သား ၁၀၀ ကျော်ကို တရုတ်ရဲတွေက အိပ်ဆောင်တွေထဲ လာဖမ်းသွားတယ်လို့ ကြားတယ်” လို့ မြန်မာလုပ်သားတွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
ပွဲစားတွေက ဖမ်းဆီးခံရသူတွေကို တယောက် တရက် ယွမ် ၁၀၀ (လက်ရှိပေါက်ဈေး ကျပ် ၆၂၀၀၀ ဝန်းကျင်) ရမယ်လို့ ပြောကာ တရုတ်နယ်စပ်ဘက်ထဲ ခေါ်ဆောင်လာပြီး လုပ်ငန်းခွင်ထဲ ရောက်တော့ ယွမ် ၆၀ သာ ရတာလို့ သိရတာ်လို့ သုက ပြောပါတယ်။
အလုပ်သမားပွဲစားတွေက မြန်မာလုပ်သားတွေရဲ့ လုပ်အားခကို မရှင်းပေးချင်တော့တဲ့ သဘောဖြစ်ပြီး ရဲခေါ်လိုက်တာကြောင့် ဖမ်းခံရတာလို့ ဆိုပါတယ်။
တရုတ်နယ်စပ်ဘက်က စိုက်ခင်းတွေမှာတော့ မြန်မာရွှေ့ပြောင်း လုပ်သားတွေက နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီနဲ့ တရားဝင် ဝင်ရောက်အလုပ်လုပ်ကြတာရှိသလို မူဆယ်ခရိုင်ပြင်ပက မြန်မာလုပ်သားတွေကတော့ ကုမ္ပဏီ ခေါ်စာ သူဌေးအာမခံနဲ့ တပတ် ၇ ရက်သက်တမ်းရှိ တခါသုံးကတ်နဲ့ ဝင်ရောက် အလုပ်လုပ်သူတွေလည်းရှိပါတယ်။ အဲဒီလို ဝင်ရောက်လာသူတွေကတော့ ရဲ အစစ်အဆေး၊ အဖမ်းအဆီးကို စိုးရိမ်စရာ မလိုပဲ ဘေးကင်းကင်း အလုပ်လုပ်ကိုင်လို့ ရတာဖြစ်ပါတယ်။
တချို့ မြန်မာရွှေ့ပြောင်းလုပ်သားတေွကတော့ စိုက်ခင်းဘက်တွေမှာ အစစ်အဆေး အဖမ်းအဆီး သိပ်မရှိတာကြောင့် နေထိုင်ခွင့် သက်တမ်းကုန်သွားလို့ မြို့ပေါ်မှာ အလုပ်ဆက်လုပ်လို့ မရပဲ စိုက်ခင်းဘက်ပြောင်းလာတာတွေ၊ အာမခံ ခေါ်ထားတဲ့ ကုမ္ပဏီကနေ ထွက်လာပြီး စိုက်ခင်းမှာ အလုပ်လာလုပ်သူတွေ၊ နယ်စပ်ခိုးပေါက် ကနေဝင်ရောက်လာသူတွေ အများအပြား စိုက်ခင်းတွေမှာ အလုပ်လုပ်ကြတာပါ။ အဲဒီ မြန်မာလုပ်သားတွေက ရဲတွေ တခါတရံ စစ်ဆေး ဖမ်းဆီးတာမျိုးကို စိုးရိမ်ရပြီး ရှောင်ကြရပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေက မြန်မာဘက် ပြန်ပို့ခံရပြီး တချို့က အထောက်အထား ပြုလုပ်ပြီး တရုတ်ဘက် ပြန်ဝင်လို့ ရတာရှိသလို အများစုကတော့ လ၊ နှစ် စသဖြင့် ကာလ အကန့်အသတ်နဲ့ တရုတ်ဘက် ဝင်ခွင့်ပိတ်ခံရတာ ဖြစ်ပါတယ်။
Photo:shy v vom
