လအတန်ကြာစျေးငြိမ်နေတဲ့ မြေဩဇာ ရည်ညွှန်းစျေးက မိုးစပါးစိုက်ချိန်ရောက်မှ ထက်ဝက်ကျော်မြင့်တက်သွား

မေ ၁၉ ၊ ၂၀၂၆
CC (VOM)
လေးလအကြာ စျေးငြိမ်နေခဲ့တဲ့ ရန်ကုန်အထိုင် မြေဩဇာ ရည်ညွှန်စျေးက တောင်သူတွေမိုးစပါးစိုက်မယ့်အချိန်ရောက်မှ ယူရီးယားမြေဩဇာ အလုံးကြီး တအိတ်ကို ၆၃၀၀၀ ကျပ်မြင့် တက်သွားတယ်လို့ သိရပါတယ် ။
ဒါကြောင့် ရန်ကုန်အထိုင်လက်ကား မြေဩဇာ ရည်ညွှန်းဈေးနှုန်းမှာ ယူရီးယား မြေဩဇာ အလုံးကြီး ၅၀ ကီလိုတအိတ်ကို အရင် ၉၄၀၀၀ ကျပ်ကနေ အခုမေလမှာ ၁၅၇၀၀၀ ကျပ်အထိ တိုးမြှင့်သတ်မှတ်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတအိတ်ကိုတော့ ၁၁၅၀၀၀ ကျပ်သတ်မှတ်ထားပြီး Complex ၁၅ ပတ်လည်မြေဩဇာကို ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားခြင်းမရှိပါဘူး ။
ရန်ကုန်အထိုင် မြေဩဇာရည်ညွန်းစျေးနူန်းမှာ ယူရီးယားမြေဩဇာ စျေးထက်ဝက်ကျော် တက်လာတဲ့အတွက် ပြင်ပပေါက်စျေး ထပ်တက်လာမှာကို တောင်သူတွေစိုးရိမ်နေကြပါတယ်။
” လက်ကား ရည်ညွှန်စျေး ထပ်တက်တယ်ဆိုတော့ ဆိုင်တွေက ပိုပြီးတက်တော့မှာပေါ့ ။ ခုနှစ်က တသိန်းအောက် ​မြေဩဇာက မြေဆွေးမြေခံအိတ်ပဲရှိတယ်။ ကျန်တဲ့ ပုလဲတို့ ၊ ၁၅ ပတ်လည်တွေက နှစ်သိန်းအထက်မှာ ဖြစ်နေတယ်။ မြေဩဇာ စျေးတွေတက်တာကိုတော့ မထိန်းဘဲ အချိန်တန်စပါးထွက်မှ စပါးစျေးကွက်ကို လာထိန်းရင် တောင်သူတွေ လယ်လုပ်ကြတော့မှာ မဟုတ်ဘူး ။” လို့ စပါးစိုက်တောင်သူ တယောက်က ပြောပါတယ်။
လက်ရှိ စျေးကွက်ထဲမှာ ယူရီးယား ပုလဲဓာတ်မြေဩဇာ တအိတ်ကို အမြင့်ဆုံး ၁၈၅၀၀၀ ကျပ်အထိရှိနေပြီး ၁၅ ပတ်လည်က အမျိုးအစားပေါ်မူတည်ပြီး တအိတ်ကို ၁၆၀၀၀၀ ကျပ်လောက် ကနေ ၂၃၀၀၀၀ ကျပ်အထက်ထိ စံချိန်တင် စျေးနူန်းဖြစ် နေတယ်လို့ စုံစမ်းသိရှိ ရပါတယ် ။
ဓာတ်မြေဩဇာ စျေးမြင့်တက်နေချိန်မှာ တချို့သော ဓာတ်မြေဩဇာ ရောင်းချသူတွေက မြေဩဇာအိတ်မှာ ရှိရမယ့် အလေးချိန်ထက် လျှော့ချရောင်းချ တာတွေ ၊ နာမည်ရပြီးသား အမှတ်တံဆိပ် မြေဩဇာအိတ်တွေထဲကို စျေးနည်းတဲ့မြေဩဇာတွေ ရောနှောရောင်းချတာမျိုး စတဲ့မသမာမူတွေကို ပြုလုပ် မှုရှိလာတယ်လို့ တောင်သူတွေဆီက သိရှိရပါတယ်။
” ဟုတ်တယ် ။ တချို့ဆိုင်တွေက အိတ်တွေကို ဖွင့်ပြီး ရောရောင်းကြတာ ရှိတယ်။ ဒါကြောင့် မြေဩဇာဝယ်ရင် အတုလား အစစ်လား အရောလား သေချာမေးတယ်။ အရောတွေ အတုတွေရောင်းရင်တော့ မင်းတို့ဆိုင်နာမည် ပျက်မှာပဲဆိုပြီး ဒဲ့ပြောဝယ်တယ်။ အဲဒါကြောင့် စိတ်ချရလောက်တဲ့ ဆိုင်မျိုးပဲ ဝယ်တာကောင်း တယ်။ အလေးချိန်ကတော့ အိတ်မှာရေးထားတာ ၅၀ ကီလိုအိတ်တွေပဲ။ဝိတ်ပြည့်ရဲ့လားဆိုတာတော့ တခါမှ မချိန်ကြည့်တော့ ပြည့်မပြည့်မပြောတတ်ဘူး ။ စျေးကလည်း ကြီးသေး ၊ မြေဩဇာ အရောတွေလည်းရတယ်ဆိုရင် တောင်သူက မိအေးနှစ်ခါနာ မဟုတ်တော့ဘူး မိအေးအခါခါနာဖြစ်နေပြီ ။ ” လို့ တောင်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် မိုးစပါးစိုက်ပျိုးချိန်ရာသီမှာ ယူရီးယား ပုလဲဓာတ်မြေဩဇာ တအိတ်ကို အမြင့်ဆုံးမှ ၁၂၅၀၀၀ ကျပ်သာရှိခဲ့ပြီး ၁၅ ပတ်လည်က တအိတ်ကို အမြင့်ဆုံး ၁၈၀၀၀၀ ကျပ်သာရှိခဲ့တယ်လို့ သိရပါတယ်။
အစိုးရကတော့ ဒီနှစ်မိုးစပါးမှာ တောင်သူတွေကို ဓာတ်မြေဩဇာအတွက် သင့်တင့်မျှတတဲ့ စျေးနူန်းနဲ့ ဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ပုံ-MOI

Related posts

Leave a Comment

VOM News

FREE
VIEW