မေ ၁၈၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ တရုတ်ကျောင်းသူတစုက ကျောင်းသူတယောက်ကို အုပ်စုဖွဲ့ပြီး ဝိုင်းဝန်းရိုက်နှက် အနိုင်ကျင့်ခဲ့တဲ့ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက VOM ကို ပြောပါတယ်။
“အမှတ် ၇ Guomin တရုတ်ကျောင်းမှာ ဖြစ်တာပါ။ ရပ်ကွက် ၂ အပြင်ဘက် ထင်တယ်” လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
ရိုက်နှက်အနိုင်ကျင့်ခံခဲ့ရတဲ့ မိန်းကလေးဟာ မျက်နှာတပြင်လုံး ဖူးယောင်ဒဏ်ရာရထားပြီး စိတ်ဒဏ်ရာလည်း ခံစားနေရတာကြောင့် ကျောင်းဆက်တက်ဖို့ အခက်အခဲရှိနေတယ်လို့ သူက ပြောပါတယ်။ ဆေးကုသဖို့တောင် မဝံ့မရဲဖြစ်နေပြီး လက်ရှိမှာ နေအိမ်အတွင်းပဲ နေထိုင်နေတယ်လို့ ဆိုပါတယ်။
“ကျောင်းက အထက်တန်းကျောင်းလား ဘာလား တော့ မသိဘူး။ ကိုးကန့် စာပေနဲ့ ယဉ်ကျေးမှုက ရပ်ကွက် ၂ ဟုတ်တယ်။ ကိုးကန့် စာပေနဲ့ ယဉ်ကျေးမှုက နဂိုကတည်းက ရှိတာ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
လားရှိုးမြို့မှာ Guomin တရုတ်ကျောင်း၊ Sheng Guang တရုတ် အလယ်တန်း ကျောင်းအပါအဝင် တရုတ်စာသင်ကျောင်း အများအပြားရှိပါတယ်။ အခုဖြစ်စဉ်ဟာ သမီးရည်းစားကိစ္စနဲ့ စကားများရာကနေ စတင်ဖြစ်ပွားခဲ့တာလို့ သတင်းထွက်ပေါ်နေပေမယ့် အတိအကျကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကိုးကန့်စာပေယဉ်ကျေးမှုနှင့် ပညာရေးအဖွဲ့က မေ ၁၇ ရက်နေ့စွဲနဲ့ အရေးပေါ်အစည်းအဝေးခေါ်စာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှု ဗီဒီယိုကို ကနဦးစုံစမ်းစစ်ဆေးထားရာ ကြည့်ရှုနေတဲ့ ကျောင်းသားတွေထဲမှာ Guonin ကျောင်းသူ/သားတွေ ပါဝင်ခဲ့ပြီး၊ ရိုက်နှက်သူနဲ့ ထိခိုက်နစ်နာသူတို့ဟာ Sheng Guang အလယ်တန်းကျောင်းက ကျောင်းသူ/သားတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီဖြစ်ရပ်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းဖို့၊ ဖြစ်ရပ်အကြောင်းရင်းကို စိစစ်ဖော်ထုတ်ဖို့နဲ့ နောက်ထပ် ထပ်မံ မဖြစ်ပွားစေရေးအတွက် ဒီနေ့ မေ ၁၈ ရက် မွန်းလွဲ ၁ နာရီမှာ ကျောင်းအဖွဲ့ရုံးခန်းမှာ ကျောင်းတာဝန်ခံတွေ တက်ရောက်ရမယ့် အထူးအစည်းအဝေး ကျင်းပမယ်လို့ အသိပေးထားပါတယ်။
Guomin နဲ့ Sheng Guang အလယ်တန်းကျောင်းတို့ဟာ လားရှိုးမြို့မှာရှိတဲ့ နာမည်ကြီး ပုဂ္ဂလိက တရုတ်ကျောင်းတွေဖြစ်ပြီး တရုတ်၊ မြန်မာ (အချို့အတန်းများတွင် အင်္ဂလိပ်) ဘာသာများနဲ့ သင်ကြားပေးကြပါတယ်။ ဒေသတွင်း တရုတ်နွယ်ဖွားနဲ့ လူမျိုးစုံမိသားစုတွေက သားသမီးတွေ တက်ရောက်ကြပြီး ဘာသာစကားကျွမ်းကျင်မှုနဲ့ ပညာရေးအရည်အသွေးကောင်းတာကြောင့် လားရှိုးဒေသမှာ လူသိများတဲ့ ကျောင်းတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၆ ခုနှစ်အတွင်း ကျောင်းတွင်းအကြမ်းဖက်မှုနဲ့ အနိုင်ကျင့်မှုတွေကြောင့် လူမှုအသိုင်းအဝိုင်းရဲ့ စိုးရိမ်မှု မြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း လှိုင်သာယာမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသားတယောက် ထိုးကြိတ်မှုအပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့် ကျောင်းတွင်းအကြမ်းဖက်မှု ပြဿနာကို အများပြည်သူက ပိုမိုအာရုံစိုက်လာခဲ့ပါတယ်။
Video, Photo Crd# ဒေသခံ
