တောင်ငူ – လိပ်သိုလမ်းမှာ လူနာခေါ်ပြီး ပြန်လာတဲ့ ပရဟိတကားတစီး မိုင်းဆွဲခံရလို့ တယောက်သေ ငါးယောက်ဒဏ်ရာရ

မေ ၂၀ ၊ ၂၀၂၆
CC (VOM)
ကရင်ပြည်နယ် လိပ်သိုမြို့နယ်နဲ့ တောင်ငူမြို့ အကြားရှိ ကျေးရွာတခုက လူနာကို သယ်ဆောင်ပြီး ပြန်လာတဲ့ တောင်ငူမြို့က ပရဟိတကားတစီး မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် တယောက်သေဆုံးကာ ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က မေ ၁၉ ရက်နေ့ည ၉ နာရီလောက်မှာ ပရဟိတကားဟာ လူနာကို သွားရောက်ခေါ်ပြီး တောင်ငူကိုပြန်လာချိန် လမ်းမှာ မိုင်းဆွဲခံခဲ့ရတာ ဖြစ်ကြောင်း ၊ သေဆုံးသူက လူနာစောင့်အဖြစ်လိုက်ပါလာသူတွေထဲက တယောက် ဖြစ်တယ်လို့ သိရပါတယ် ။
” ယာဥ်မောင်း ၊ ယာဥ်အကူ နဲ့ လူနာစောင့်လေး​ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲဲ့တယ်။ အဲဒီထဲက လူနာစောင့်တယောက်သေသွားတယ်။ကားကလည်း တော်တော်ပျက်စီးသွားတယ်။ ဖြစ်တာကတောင်ငူနဲ့ သိပ်မဝေးဘူး ။ ခြောက်မိုင်အကွာလောက်မှာဖြစ်တာ ။ မွန်ကုန်း ရွာဆိုတာရှိတယ်။အဲဒီရွာကလူနာကို ဆေးရုံတက်ဖို့သွားခေါ်ပြန်လာတာမှာ မိုင်းဆွဲခံရတာ။ သူတို့က စစ်ကြောင်းတွေဆင်းလာတာရှိတယ်ဆိုတဲ့ သတင်းကြားထားတယ်။ ပြီးတော့ မဆင်ခြင် မစူးစမ်းပဲ ပွိုင့်ကားထင်ပြီး ရမ်းသမ်းမိုင်းဆွဲလိုက်တာ ။ ” လို့ ဖြစ်စဥ်သိတဲ့ တောင်ငူအခြေစိုက် ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲက ဒဏ်ရာပြင်းထန် တဲ့တယောက်ကိုတော့ နေပြည်တော် ကုတင် ၁၀၀၀ ကိုပို့ပြီး ကုသမှုခံယူနိုင်ဖို့စီစဥ်နေပြီး ကျန်လူနာတွေကတော့ တောင်ငူဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။
လူနာတင်ယာဥ်ကား မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အပေါ် လူမှုကူညီရေး အဖွဲ့ဝင်တယောက်က ” လူနာတင်ကားမှန်းသိအောင် မီးတွေရော အသံရောဖွင့်မောင်းပါလျက်နဲ့ မိုင်းဆွဲခံရတယ်ဆိုတာ မဖြစ်သင့်ဘူး ။ လူမှုကူညီရေး အသင်းတွေဆိုတာ လစာလည်းမရဘူး ။ ပြည်သူတွေအခက်အခဲကို ကူညီနေကြတာပါ ။ ခုလို ကူညီရင်းမိုင်းဆွဲခံရတော့ အားလုံးဒုက္ခရောက်ပါတယ်။ ခုဆိုလူတယောက်​သေရတယ်။ ဘယ်သူတာဝန်ယူမှာလဲ ။ အသက်ပြန်ရှင်အောင်ဘယ်သူလုပ်ပေးလို့ရလဲ ။ ကြားထဲကပြည်သူပဲအသက်ဆုံးရှုံးရတယ်။ စစ်ရေးအရဆိုလည်း ပြည်သူတွေမထိခိုက်ဖို့လိုပါတယ်။ ” လို့ ပြောပါတယ် ။
အဆိုပါ ပရဟိတကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဥ်ကြောင့် လူမှုကူညီရေး အသင်းကားတွေအနေနဲ့ တောင်ငူနဲ့ လိပ်သိုမြို့နယ်အကြား ဖြစ်ပွားတဲ့ ကူညီရေးလမ်းကြောင်းတွေကို ညဘက်အခါ သွားလာဖို့ ခက်ခဲသွားပြီး လိပ်သိုမြို့နယ်ရှိ စစ်ရှောင် ၁၆၀၀ ဝန်းကျင်ကို သွားရောက်ကူညီထောက်ပံ့မယ့် ကိစ္စတွေကိုလည်း ယာယီရပ်နားထားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ -MOI ( တောင်ငူ – လိပ်သိုလမ်းပိုင်းတနေရာ)

Related posts

Leave a Comment

VOM News

FREE
VIEW