တွန်းဇံမြို့ကို အစိုးရတပ်နဲ့ ZRA ပူးပေါင်းတပ်တွေ ​ထိန်းချုပ်

မေ ၂၀ ၊၂၀၂၆
GG (VOM)
ချင်းပြည်နယ်ထဲက ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေသိမ်းထားတဲ့ တွန်းဇံမြို့ကို အစိုးရတပ်နဲ့ ဇိုမီးတော်လှန်ရေး တပ်မတော် (ZRA-EC) ပူးပေါင်းအဖွဲ့က မေလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ် ။
တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်ဘက်က လေကြောင်းပစ်ကူ ဆက်တိုက်သုံးခဲ့သလို အင်အားအများအပြားနဲ့ မြေပြင်စစ်ကြောင်းထိုးပြီး ZRA-EC အဖွဲ့နဲ့ပါ ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက် ခဲ့တာကြောင့် ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တွန်းဇံမြို့ကို လက်လွှတ်ပြီး နောက်ဆုတ်ပေးလိုက်ရတာ ဖြစ်တယ်လို့သိရပါတယ် ။
” ဟုတ်ပါတယ် ။ မနေ့ညကတည်းက သတင်းရပါတယ်။ ။ ချင်းတပ်ဖွဲ့တွေ တွန်းဇံမြို့ကနေ ဆုတ်ပေးလိုက်ရတယ်။ မနေ့က ခုခံတိုက်ရင်းကပဲ အင်အားမမျှလို့ နောက်ဆုတ်ပေးလိုက်ရတယ် သိရတယ်။ စစ်တပ်က ခုနောက်ပိုင်းစစ်ကြောင်းထိုးတာ အင်အား အရမ်းများတယ်။ စစ်ကြောင်းကလည်း နေရာစုံကနေ ဖြန့်ကျက်ပြီး လာတာတွေ့ရတယ်။ ” လို့ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ် ။
အစိုးရတပ်စစ်ကြောင်းဟာ မေ ၁၁ ရက်နေ့လောက်ကစပြီး တီးတိန်မြို့ နဲ့ ဘက်လမ်းကြောင်းတွေကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ကြောင်း ၊ အဲဒီနောက်ကစလို့ အစိုးရတပ်ပူး ပေါင်းအဖွဲ့တွေနဲ့ ချင်းတိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မေ ၁၈ ရက်မှာလည်း.အစိုးရတပ် နဲ့ ZRAပူးပေါင်းတပ်တွေနဲ့ ချင်းလက်နက်ကိုင်တပ်တွေ အကြားတိုက်ပွဲဖြစ်ပွားခဲ့သလို ၁၉ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီးနောက် တပ်က တွန်းဇံမြို့ကို ပြန်လည်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
တွန်းဇံမြို့ကို အစိုးရတပ်က ပြန်သိမ်းလိုက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးသလို ချင်းလက်နက်ကိုင်တွေဘက်က သတင်းထုတ်ပြန်တာမျိုးတော့ မတွေ့ရှိရသေးပါဘူး ။
တွန်းဇံမြို့ နဲ့ ကျီခါးမြို့ကို ပြီးခဲတဲ့ ၂၀၂၄ခုနှစ် မေလထဲမှာ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး ထိန်းချုပ်ထားတာ နှစ်နှစ်နီးပါး အကြာမှာ အစိုးရတပ်က ပြန်လည်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
အရင်လ ဧပြီ ၂၅ ရက်ကလည်းချင်းညီနောင်ပူးပေါင်း တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ဖလမ်းမြို့ကို အစိုးရတပ်တွေက ပြန်လည်ထိန်းချုပ်ခဲ့ပါတယ် ။
ဧပြီ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့ကို အစိုးရတပ်တွေက ပြန်လည်ထိန်းချုပ် ခဲ့ပြီး ဒီလ မေပထမပတ်အတွင်းမှာလည်း အစိုးရတပ်တွေက မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဓာတ်ပုံ – TG

Related posts

Leave a Comment

VOM News

FREE
VIEW