သူတို့အိမ် အခန်း (၁၂၉)

ဆူးငှက်
ဖိနပ်အလုပ်သမားများ၏ စာကြည့်တိုက်
————————————————
ဖိနပ်ကုန်ထုတ် သ/မ သည် ၁၉၆၄ ခုနှစ်လောက် ကတည်းက ၂၆ဘီလမ်းက ရှပ်ရှင်းခြေနင်းဆိုင် အပါအဝင် တရုတ်ခြေနင်းဆိုင်ကြီးများက လျော်ကြေးဖြင့် ထွက်လာကြသော အလုပ်သမား ၅ဦးက ကိုယ်ပိုင်ငွေ ကျပ်(၅၀)စီ စုပေါင်းကာ ကိုယ်ပိုင်ခြေ နင်းလုပ်ငန်း၊ ဖိနပ်လုပ်ငန်းထူထောင်ခဲ့ကြခြင်း ဖြစ်သည်။ လုပ်ငန်း၏ နာမည်က “လုပ်အား စုပေါင်း ဖိနပ်ချုပ်လုပ်ငန်း” ပါတဲ့။ သူတို့က ဆိုရှယ်လစ်စံနစ်ဟူသော နိုင်ငံရေးစံနစ်အပေါ် ရိုးသားစွာ ယုံကြည်ကြသည်။ အများစုက ဘုန်းကြီးကျောင်း ပညာရေး အဆင့်လောက်သာ တတ်မြောက်ကြသော်လည်း စာဖတ်အားကောင်းသော ပညာတတ် အချို့၏ လမ်းညွှန်မှု သင်ကြားမှုကို တက်တက်ကြွကြွနာခံကြ၏။ ထို့ကြောင့် လုပ်သားဆိုင်တွင် စာကြည့်တိုက်ကို အစောကတည်းက ထူထောင်နိုင်ခဲ့သည်။ အလုပ်သမားများကလည်း အတတ်နိုင်ဆုံး ကြိုးစားကာ စာအုပ်တွေ ဖတ်ကြသည်။
မူလဆိုင်တည်ရှိရာ ပုလိုင်းရပ်ကွက်မှာ လုပ်အားတံဆိပ် ဖိနပ်ကုန်ထုတ် သမဝါယမ အသင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီးနောက် ယခု သင်္ဘောတန်းရပ်ကွက်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ ထု့ိကြောင့် စာကြည့်တိုက်ကလည်း အတူပါလာသည်။ သင်္ဘောတန်းအလုပ်ရုံရောက်တော့ စာအုပ်များကို အထပ်မြင့် မှန်ကောင်တာကြီးများနှင့်ပင် ထည့်ထားရသည်။ သို့သော် စာအုပ်များကို ပြန်လည် မစီစစ်ရသေးပေ။ ထို့ပြင် နောက်ထပ် အသစ်ဝယ်သည့် စာအုပ်များ ကိုလည်း စာရင်းမသွင်းရသေးပေ။ အသင်း၏ သက်သာဟူသော ခေါင်းစဉ်အောက်တွင် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ရှိသည်။ အဖွဲ့ဝင် ၉ဦးပါဝင်သော ထိုအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ကျွန်တော်က တာဝန်ယူရသည်။
ထို့ကြောင့် ကျွန်တော်က စာအုပ်များ ပြန်လည် စီစစ်ခြင်းနှင့် စာအုပ်အသစ်များစာရင်းသွင်းခြင်းနှင့်အတူ စာအုပ်စာရင်းကိုလည်း ဘာသာရပ်အလိုက် ခွဲ၍ စာအုပ်စာရင်းအသစ်ပြုစုခဲ့သည်။ သက်သာရန်ပုံငွေမှလည်း စာကြည့်တိုက် အတွက် လစဉ် ၁၀၀၀ိ/ ထောက်ပံ့ငွေ ရရှိသောကြောင့် စာအုပ်အသစ်များလည်း ဝယ်နိုင်ခဲ့သည်။ ထွက်ခဲ့သော ဂျာနယ်များဖြစ်သော အိုးဝေ၊ ရှုထောင့်၊ ရွှေတူ၊ ပြည်သူ့ကြယ်ဂျာနယ်များအပြင် တံခွန်စာစောင်၊ အင်အားစာစောင်များလည်း အပတ်စဉ် ဝယ်ယူခဲ့သည်။ လစဉ်ထုတ် မဂ္ဂဇင်းများအနက် မြဝတီ၊ ငွေတာရီ၊ မိုးဝေ နှင့် ရှုမဝ မဂ္ဂဇင်း (နောင်တွင် ပေဖူးလွှာ၊ စံပယ်ဖြူ၊ ကလျာ၊ အတွေးအမြင် မဂ္ဂဇင်းအထိ) တို့ကို ပုံမှန် ဝယ်ယူပြီး စာအုပ်အသစ်များ အနေနှင့် လုံးချင်းဝတ္ထုရှည်၊ ဘာသာပြန် ဝတ္ထုများ၊ နိုင်ငံရေးဆိုင်ရာ စာအုပ်များလည်း ဝယ်ယူ ဖြည့်တင်းနိုင်ခဲ့သည်။ သို့သော် စာအုပ်စာရင်းနှင့် စာအုပ်ထားသိုမှုမျာက အဆင်သင့် မဖြစ်သေးသောကြောင့် စာကြည့်တိုက်ကို ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။
နိုင်ငံဂုဏ်ရည်ဘွဲ့တဲ့
—————————-
ထိုသို့ စာကြည့်တ်ုက်ကို ပြင်ဆင်နေဆဲ ကာလမှာပင် ၁၉၈၀ ပြည့်နှစ်၊ ဇွန်လ ၇ ရက် ( ၁၃၄၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်) နေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် ကောင်စီသည် အမိန့်ကြော်ငြာစာ အမှတ် ( ၅၁ / ၈၀ ) ကို ထုတ်ပြန်ကာ အခြေခံ ဥပဒေ ပုဒ်မ ၇၃၊ ပုဒ်မခွဲ ( ဎ ) တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များအရ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ( ပထမဆင့် )နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ( ဒုတိယဆင့် ) တို့ အပ်နှင်းလိုက်သည့် ပုဂ္ဂိုလ်များစာရင်းကို ကြေညာလိုက်သည်။
ထိုကြေညာချက်အရ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပထမဆင့် ရရှိသူ ၁၃၃ယောက်တွင် လူသိများသော သခင်ဘသောင်း၊ သခင်လေးမောင်၊ သခင်ဗတင်၊ သခင်ခင်အောင်၊ သခင်သိန်းဖေ ( ဝါးခယ်မ )၊ သခင်ချစ်တင်၊ ဦးခန့် (ပန်းတနော်)၊ သခင်လွင်၊ ဦးဗဆွေ၊ ဗိုလ်တောက်ထိန်၊ ဗိုလ်မင်းရောင်၊ ဗိုလ်မင်းခေါင်၊ ဗိုလ်တာရာ၊ ဗိုလ်ဗလ၊ ဗိုလ်ဇင်ယော်၊ ဗိုလ်ရဲထွတ်၊ ဦးကျော်ငြိမ်း၊ သခင်တင်မြ၊ ဗိုလ်ခင်မောင်ကလေး၊ ဆရာသာထို၊ ဦးကြည်မြ၊ ဦးဘငြိမ်၊ ဦးချစ်လှိုင်၊ ဦးစောဦး၊ ဗိုလ်သိန်းတန်၊ ဆရာချယ်၊ သခင်ချန်ထွန်း၊ သခင်ခင်ဇော်၊ ဒေါ်စောမြ စသူတို့ ပါရှိသလို တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်သည့် စဝ်နွံ ( လဲချား )၊ စဝ်ထွန်းအေး ( သာမိုင်းခမ်း )၊ ဦးခွန်ကြီး၊ ဦးခွန်စော၊ ဦးတင်အေး၊ စဝ်ရစ်ဖ၊ ဦးဒိန်ရတန်၊ ဒူဝါဇော်ရစ်၊ ဒူဝါ ဇော်လွန်း၊ ဒူဝါခွန်ဖုန်း၊ ဦးလဘန်ဂရောင်၊ ဦးကီးယိုမန်း၊ ဦးဝမ်ကိုဟော၊ စဝ်ဝဏ္ဏ၊ မန်းသာမြိုင်၊ မဒိုဝေသော်၊ ဖဒိုဘထွန်း၊ စောအုန်းဖေ၊ မန်းဘဆိုင်၊ ဦးစောလုံ တို့လည်းပါရှိသည်။ ထို့ပြင် ဗိုလ်ဇော်မင်း ( ဦးမောင်မောင်ကျော်ဝင်း )၊ ဦးဖေခင်၊ သခင်ဝတင်၊ ဦးအောင်ဇံဝေ၊ ဦးခင်မောင်ဖြူ၊ ဦးချန်ထွန်းအောင်၊ ဦးကျော်ငြိမ်း၊ ဦးသီဟန်၊ သခင်သာခင်၊ သခင်စံမြင့်၊ သခင်ချစ်မောင်၊ ဦးဘငြိမ်း၊ ဦးထွန်းအောင်ကျော်၊ ဦးထွန်းဝင်း၊ ဗိုလ်ထွန်းလင်း၊ ဦးကျော်မြင့်လေး၊ ဦးညိုထွန်း၊ ဦးသာကျော်၊ ဦးသာထွန်း သခင်လှရွှေ တို့လည်းပါဝင်သည်။ ထိုမျှသာမက တပ်မတော် အရာရှိကြီးများဖြစ်သော အငြိမ်းစားဗိုလ်မှူးချုပ် လဇွန်တန်၊ အငြိမ်းစားဗိုလ်မှူးချုပ် အောင်ကြီး၊ အငြိမ်းစားဗိုလ်မှူးချုပ် တင်ဖေ၊ အငြိမ်းစားဗိုလ်မှူးချုပ် အောင်ရွှေ၊ အငြိမ်းစားဗိုလ်မှူးချုပ် မောင်မောင် တို့လည်း ပါဝင်သည်။
ထို့နောက် နိုင်ငံဂုဏ်ရည်ဘွဲ့ ဒုတိယအဆင့် ရရှိသူ၁၀၈ဦးကို ကြေညာရာ သခင်မ ဒေါ်သိန်းတင်၊ သခင်ကျွယ်၊ သခင်ထွန်းဖေ၊ သခင်မြသိန်း၊ သခင်အုန်းမြင့်၊ သခင်မ ဒေါ်ခင်လှ၊ သခင်ဖေသန်း (စာရေးဆရာ၊ ဒါရိုက်တာ သာဓု)၊ သခင်ကြီးမြင့်၊ သခင်စံရင်၊ သခင်ပန်းမြိုင်၊ သခင်သိန်းမောင်လေး၊ ဦးထွန်းလှ (တက္ကသိုလ်နေဝင်း)၊ အမ်အေ ဒေါ်အုန်း၊ ဒေါ်ရီကြိန်၊ ဦးသာထို (ပါမောက္ခ)၊ ဦးစံတင့်၊ သခင်လှထွန်း၊ ဦးဝင်းမောင် (ကျော်ဝင်းမောင်)၊ ဦးသာကျော် (ဘုံပေါက်)၊ ဦးထွန်းရင်၊ ဦးမောင်မောင် (ငသိုင်းချောင်း)၊ ဗိုလ်တင်မောင်ကြီး၊ ဦးထိန်လင်း၊ သခင်ကျော်စိန်၊ ဦးနန်းနွယ်၊ ဦးအုန်း၊ ဒေါက်တာသာလှ၊ ဦးထွန်းတင်၊ ဦးဘဆက်၊ ဦးထွန်းအုံ၊ ဦးညိုမြ၊ ဦးတင်အောင်ဟိန်း၊ ဦးဌေးမြိုင် (ဒဂုန်တာရာ)၊ ဦးမြစိန်၊ ဦးဗကလေး၊ ဦးသန်းမောင် (မဉ္ဇူသက)၊ ဦးမောင်မောင် (သံမဏိ)၊ ဦးသန်းမောင် (သူရိယ) တို့ ပါဝင်သည်။
ဘယ်သူလဲ၊ ဘာလဲ၊ ဘာ့ကြောင့်လဲ
——————————————–
ထိုသို့ နိုင်ငံဂုဏ်ရည်ဘွဲ့များကို ကြေညာလိုက်သောအခါ သာမန်ပြည်သူလူထုကြားတွင်မူ စာဝတ်နေရေး အရ လုံးပမ်းနေကြ ရသဖြင့် စိတ်ဝင်စားမှု မရှိသလောက် ဖြစ်သော်လည်း နိုင်ငံရေး အသိုင်းအဝန်းကြားတွင် လှုပ်ခတ်ခဲ့သည်။ အဆိုပါ နိုင်ငံ့ဂုဏ်ရည် ဘွဲ့များက ပထမအဆင့်အတွက် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေမှာ ၃၀၀၀၀ ကျပ် ဖြစ်ပြီး နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့် အတွက် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေမှာ ကျပ် ၁၅,၀၀၀ ဖြစ်သည်။ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်အတွက် လစဉ် ချီးမြှင့်ငွေမှာ ကျပ် ၆၀၀ နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဒုတိယအဆင့် ချီးမြှင့်ငွေမှာ ကျပ် ၃၀၀ ဖြစ်သည်။
လှုပ်ခတ်သည် ဆိုရာတွင် ထိုသို့ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေနှင့် လစဉ် ချီးမြှင့်ငွေကြောင့် မဟုတ်ပေ။ ဝါရင့် နိုင်ငံရေးသမားကြီးအချို့က လွတ်လပ်ရေးတိုက်ပွဲကာလတစ်လျှောက်လုံး ရှေ့တန်းမှ ပါဝင်ခဲ့ရသော်လည်း ယခုစာရင်းတွင် မည်သည့် အဆင့်တွင်မျှ ပါဝင်မှု မရှိခြင်း၊ ထိုစဉ်ကာလ နောက်ကွယ်မှ ဟန်ပြသာ ပါဝင်သူက ပထမအဆင့်တွင် ပါဝင်နေခြင်း၊ အနစ်နာခံ သက်စွန့်ကြိုးပမ်းသူက ဒုတိယအဆင့်တွင် ပါဝင်နေခြင်း၊ နာမည်တူ ရှိသူများအနေနှင့် ယခု ပါဝင်သူသည် ဘယ်သူဟု မသဲကွဲခြင်း၊ အချို့လူပုဂ္ဂိုလ်များကို မကြားဖုူးသဖြင့် သူ့သမိုင်းကို သိလိုခြင်း၊ ကိုယ့်မြို့ ကိုယ့်ဒေသက ဘယ်သူတွေ ပါသလဲဆိုသည်ကို သိလိုခြင်း နှင့် အထူးသဖြင့် တော်လှန်ရေးကောင်စီတွင် ပါဝင်ခဲ့ကြသော တပ်မတော်အရာရှိကြီးများကို နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်တွင် ထည့်သွင်းထားခြင်းကို မကျေလည်ခြင်း စသည်ဖြင့် နိုင်ငံရေးသမားဟောင်းကြီး များသာမက လမ်းစဉ်ပါတီ တာဝန်ရှိသူများပါ စိတ်ဝင်စားကြသည်။ အထူးသဖြင့် လမ်းစဉ်ပါတီ အတွင်း မြို့နယ်အဆင့် တာဝန်ရှိသူများမှ အစ ယခုကြေညာသူများ၏ သမိုင်းကို သိချင်ကြသည်။ သိချင်သည်ဆိုသည်မှာ ယခုရက်ပိုင်း ဤသတင်းက ခေတ်စားနေသောကြောင့် သူတို့အချင်းချင်း စကားဝိုင်းများတွင် ဘယ်သူကဖြင့် ဘယ်ပါတီ ဘယ် အဖွဲ့အစည်းက သူ့သမိုင်းက ဘယ်လိုဆိုတာ ဦးအောင် ပြောချင်ကြလို့ ဖြစ်သည်။
ဥပမာ ဒေါ်စောမြဆိုတာ ဘယ်သူလဲ သူကဘာလဲ ဆိုတာမျိုး မသိသူထက် သိသူက သူတို့ အသိုင်းအဝန်းတွင် မျက်နှာပိုပွင့်သည်။ ထို့ပြင် ဗိုလ်သိန်းတန် ဆိုသည်က ဂျပန်ခေတ်အတွင်း စစ်ကိုင်းတံတား ပေါ်တွင် ဂျပန်က ကွပ်မျက်ခဲ့သည့် စစ်ကိုင်းသားလား၊ သို့မဟုတ် ဟံသာဝတီသတင်းစာတွင် ဒုတိယ အယ်ဒီတာချုပ်တာဝန်ယူခဲ့သူ ဗိုလ်သိန်းတန်လား ဟူ၍လည်း ငြင်းခုန်ကြသည်။ နိုင်ငံရေးနှင့် ပတ်သက်၍ ထဲထဲဝင်ဝင်သိသူများက ဆရာရာဂျန်လို သခင်ဗမောင်လို ပုဂ္ဂိုလ်မျိုးကို ဘာဘွဲ့မှ မပေးသည့် အပေါ်လည်း ဝေဖန်ကြသည်။ ထို့ကြောင့် နိုင်ငံဂုဏ်ရည် ဘွဲ့ရသူများ အကြောင်း အပြိုင်အဆိုင် လေ့လာကြ တော့သည်။
ထိုအခါ ဖိနပ်ကုန်ထုတ်သ/မ က ပြန်လည်ဖွင့်ရန် ပြင်ဆင်နေဆဲ စာကြည့်တိုက်က မသိသူကျော်သွား သိသူဖော်စား ဘဏ္ဍာတိုက်ကြီးဖြစ်တော့၏။ ပါတီယူနစ်က၊ လမ်းစဉ်လူငယ်က၊ မြို့နယ်ကောင်စီက၊ မြို့နယ် အလုပ်သမား အစည်းအရုံးက စသည်ဖြင့် စာအုပ်လာရှာကြ ငှားကြတာ နေ့စဉ်နှင့် အမျှဖြစ်သည်။ အထူးသဖြင့် သခင်တင်မြ ၏ ဘုံဘဝမှာဖြင့်က လက်မလည်တော့။ အလားတူ သိန်းဖေမြင့်၏ စစ်အတွင်းခရီးသည် ကလည်း လက်မလည်တော့။
နိုင်ငံဂုဏ်ရည်ဘွဲ့တွေ ဆက်တိုက်ပေး
——————————————-
ဤသို့ဖြင့် ၁၉၈၀ ပြည့်နှစ်၊ဇွန်လ ၇ ရက်နေ့စွဲပါ အမိန့် အမှတ် ၃/၈၀ ဖြင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပထမဆင့်ရ ၁၃၃ ဦးနှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဒုတိယဆင့်ရ ၁၀၈ ဦး၊ စုစုပေါင်း ၂၄၃ ဦးကို နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းက နိုင်ငံ့ဂုဏ်ရည်ဘွဲ့၏ အဆောင်အယောင်တံဆိပ်များကို ပြည်နယ်နှင့် တိုင်းများရှိ နိုင်ငံ့ဂုဏ်ရည် ဘွဲ့ အပ်နှင်းခြင်း ခံရသော ပုဂ္ဂိုလ်များအား မိမိကိုယ်စား အပ်နှင်းရန် ပြည်နယ်နှင့်တိုင်း ပြည်သူ့ကောင်စီ ဥက္ကဋ္ဌများအား တာဝန်ပေးအပ်သည့် အခမ်းအနားကို ၁၉၈၀ ပြည့်နှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ အလုံလမ်း သမ္မတအိမ်တော် အတွင်းရှိ ဗဟိုအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ထို့နောက် နိုင်ငံတော်ကောင်စီ အမိန့်ကြော်ငြာ အမှတ် (၂ / ၈၁) အရ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) အပ်နှင်းခြင်းခံရသော ပုဂ္ဂိုလ် (၆၆) ဦး နှင့် ဒုတိယဆင့် အပ်နှင်းခြင်းခံရသော ပုဂ္ဂိုလ် (၇၇) ဦးတို့ကို ၁၉၈၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ၊ (၃၃) နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲနေ့တွင် ဆက်လက် ထုတ်ပြန်ကြေညာခဲ့ပြန်သည်။ ကြေညာချက်အရ ပထမဆင့် ၆၆ဦးတွင် သခင်သိန်းမောင်၊ ဦးနေဝင်း၊ ဦးဝင်း၊ ဦးထွန်းအုံ၊ ဦးသောင်းကြည်၊ဦးလွန်းတင်၊ ဦးစိန်ဝင်း၊ ဦးသံတိုင်၊ ဦးစန်းယု၊ ဦးချစ်မြိုင်၊ ဦးကြည်ဝင်း၊ ဦးရွှေ၊ ဦးချစ်ခိုင်၊ ဒေါက်တာလှဟန်၊ ဒေါက်တာ မောင်လွင်၊ ဦးခင်ညို၊ ဦးနု၊ သခင်စိုး၊ ဦးဘဆွေ၊ စောစံဘိုးသင်၊ စောကြာဒိုး၊ ဗိုလ်မှူးအောင်၊ ဗိုလ်ရန်နိုင် စသူတို့ပါဝင်ပြီး ဒုတိယဆင့် ၇၇ ဦးတွင် သခင်တင်ရွှေ၊ သခင်ဗထွန်း၊ သခင်သိန်းအောင်၊ ဦးထွန်းတင်၊ ဦးဘချမ်း၊ ဦးအောင်သန်း၊ ဦးညွှန့်၊ ဦးသိန်းဟန်၊ ဦးထွန်းရှိန်၊ ဦးသက်ဖေ၊ ဦးခင်မောင်ကြီး၊ ဦးလှဖေ၊ ဒေါက်တာဟန်ထွန်း၊ ဦးမောင်ထွန်းစိန်၊ ဦးမောင်ထွန်းစံ၊ ဒေါ်မြယဉ်၊ သခင်လူအေး၊ ဦးသံဗျင်၊ ဦးတင်ထွတ်၊ ဦးတင်ကြီး စသူတို့ ပါဝင်လာသည်။ ဒုတိယအကြိမ်ထုတ်ပြန်တော့လည်း ထုံစံအတိုင်း ပထမအကြိမ်ကဲ့သို့ပင် ဘယ်သူတွေလဲ၊ ဘာ့ကြောင့်လဲ၊ ဘာ့လို့လဲဟူသော ငြင်းခုန်စရာတွေက ပိုလို့ပင် များလာပြန်၏။
စာဖတ်ခဲ့ကြတဲ့ အသင်းသားကြီးတွေ
—————————————–
ဤသို့ ငြင်းခုန်ကြပြီဆိုရာ၌ ဘွဲ့ရပြီး ပါတီယူနစ်ကော်မီတီဝင် ဖြစ်ပါစေ၊ ဖိနပ်ကုန်ထုတ် သ/မက ဘုန်းကြီးကျောင်းထွက် များသာ ဖြစ်သော အသင်းသားကြီးများကို မော့ကြည့် ငေးကြည့်နေကြရသည်။ အဘယ့်ကြောင့် ဆိုသော် ဖိနပ် ကုန်ထုတ်သ/မ က လူကြီးများ၊ အချို့အသင်းသားများမှာ ယခင် လုပ်သားစုပေါင်းအသင်း ကာလ ကတည်းက ထိူစာအုပ်များကို နောကျေအောင် ဖတ်ပြီးကြလို့ဖြစ်သည်။ ထိုစဉ်ကတည်းက သူတို့၏ နိုင်ငံရေး လမ်းညွှန် ဆရာဖြစ်သူ ဆရာသိန်းက အလုပ်ဆင်းချိန်များတွင် သင်တန်းများပေးခြင်း၊ စာဖတ်ဝိုင်းများပြုလုပ်ကာ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း များဖြင့် စာဖတ်ဝါသနာကို ပျိုးတောင်ပေးခဲ့သည်။ ထို့ကြောင့် ဖိနပ်ကုန်ထုတ်သ/မက အသင်းသားကြီး တစ်ဦးဖြစ်သူ ဦးထွန်းရှင်က အလုပ်သမား အစည်းအရုံးနှင့် ပါတီဘက်တွင် အတော်ပြောနိုင်သူဖြစ်သည်။
ထို့ကြောင့် နိုင်ငံဂုဏ်ရည်ဘွဲ့နှင့် ပတ်သက်၍ ငြင်းခုန်ဆွေးနွေးကြဖို့ ငှားရမ်းသွားကြသော စာအုပ်များမှာ အချိန် အတော်ကြာသည် အထိ စာကြည့်တိုက်သို့ ပြန်မရောက်သောကြောင့် စာအုပ်စာရင်းပြန်လည်ပြုစုရခြင်းလည်း လက်စမသတ်နိုင်သေးတော့ ကျွန်တော်က စာပနှင့် ယဉ်ကျေးမှုကော်မီတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အထိ စာကြည့်တိုက်က ပြန်လည် မဖွင့်လှစ်နိုင်သေးပေ။ သို့သော် စာအုပ်စာရင်းတွေ ပြုစုနေရခိန်မို့ စာကြည့်တိုက်တွင်ရှိသော စာအုပ်များကို သိနေ၏။
စာရင်းစစ်အဖွဲ့နှင့် ကနဦး အတွေ့အကြုံ
—————————————————
ဤသို့ဖြင့် စာရင်းစစ်အဖွဲ့ အလုပ်ရုံသို့ ရောက်လာသည့်နေ့တွင် စာရင်းစစ်အဖွဲ့က စစ်ဆေးရန် လိုအပ်သော စာရင်းများနှင့် သက်ဆိုင်သည်များ မေးမြန်းခြင်း၊ ငွေစာရင်းစာအုပ် လယ်ဂျာစာအုပ်နှင့် ပြေစာများ စသည်တို့ကို နှစ်အလိုက် ခွဲကာ စာပွဲပေါ်နေရာချထားခြင်းတို့ ပြုလုပ်ပြီး အလုပ်ရုံရှိ အသင်းသား အလုပ်သမား အရေအတွက်နှင့် အလုပ်ရုံ၏ ဖိနပ်ထုတ်လုပ်ပုံ အဆင့်တို့ကို အလွတ်သဘော မေးမြန်းသောအခါ ကျွန်တော်က စာပွဲရှေ့နံရံတွင် ချိတ်ထားသော ကားချပ်ကို ညွှန်ပြပြီး အလုပ်သမားစာရင်းနှင့် အတူ ဖိနပ်တစ်ရံထုတ်လုပ်မှု အဆင့်ဆင့်အား ရေးဆွဲထားသော စကက်ရှ်ပုံလေးများကို တစ်ပုံချင်းထောက်ပြပြီး ရှင်းပြသည်။ ထိုအခါ ထိုပုံလေးများကိုကြည့်၍ စာရင်းစစ်ခေါင်းဆောင် အစ်မက ကျန်တစ်ယောက်ကို ဟံသာဝတီသတင်းစာ မျက်နှာဖုံးမှာ ပါတတ်တဲ့ ပန်းချီပုံလေးတွေနဲ့ တူတယ်နော်၊ ဘယ်ဆရာ့လက်ရာလဲမသိဘူး၊ ဆရာကံချွန်လား၊ ဆရာ ဝင်းမောင်လားပဲဟု တိုးတိုးပြောလိုက်သံကို ကြားလိုက်ရသည်။ ထိုအခါ ကျွန်တော်က ဒီပုံလေးတွေက ကျွန်တော်ဆွဲတာပါဗျ ဟု မဆိုင်းမတွ ဝင်ပြောလိုက်သည်။ သြော် မင်းက ပန်းချီလည်း ဆွဲတတ်တာကိုးဟု ဆိုကာ စာရင်းစစ်ခေါင်းဆောင် အစ်မက အံ့အားသင့်နေသည်။ ထို့နောက် စာရင်းစစ်အဖွဲ့က သူတို့အလုပ်ကို ဆက်လက်လုပ်ကိုင်ကြသည်။ ထမင်းကိုလည်း သူတို့ ထမင်းချိုင့်လေးတွေ ဖွင့်၍ပဲစားကြသည်။
နေ့လယ်ခင်း ၃နာရီလောက်မှ သက်သာဆိုင်မှ လက်ဖက်ရည်၂ခွက် မှာသောက်၍ စကားပြောဖြစ် ကြတော့ စာရင်းစစ်ခေါင်ဆောင်အစ်မက ကျွန်တော့ ကိုယ်ရေးမှတ်တမ်းကို ဖွင့်ကြည့်ပြီး မင်းက ဘီအက်စီပဲ။ ပန်းချီက ဝါသနာပါလို့လားဟု မေးတော့ ဟုတ်ကဲ့ ကျွန်တော်က ဝါသနာပါရုံပါဗျ၊ စာပေဖက်လည်း ဝါသနာပါပါတယ်ဟု ဖြေလိုက်သည်။ ဟုတ်လား ဘာစာအုပ်တွေ ဖတ်ဖြစ်လဲဟု မေးစဉ် ကျွန်တော်က မဖြေသေးဘဲ ပြုံးနေမိသည်။ ဘာသာပြန်တွေ မဖတ်ဘူးလားဟု ဆိုတော့ ကျွန်တော်က ဖတ်ဖြစ်ပါတယ်ဗျ ဟုဖြေလိုက်သည်။ ဘာစာအုပ်တွေ ဖတ်တာလဲ ဟု အမေးတွင် ကျွန်တော်က သံမဏိသူရဲကောင်း၊ နှလုံးလှဆရာဝန်၊ တရုတ်ပြည်သူ့ သူရဲကောင်းများ၊ ဘဝချင်းမတူသည့် တရုတ်ပြည်၊ ဒီရေမြင့်သစ်၊ အိုယမ်ဟိုင်တေးသံ၊ ဘဝတက္ကသိုလ်၊ မီးလောင်မြေ၊ အောက်ဆုံးအလွှာ ဟု ပြောတော့ အစ်မကြီးက မျက်မှောင်ကြုံ့ကြည့်သည်။ ထို့နောက် အထောက်တော်လှအောင် မဖတ်ဘူးလားဟု မေးတော့ ကျွန်တော်က ခေါင်းခါပြသည်။ ထိုစဉ်က ကျွန်တော်သည် အရင်းရှင်နယ်ချဲ့နိုင်ငံက အပစ်အခတ် အညှစ်အသတ် အညစ်အပတ် စာပေများကို အဆိပ်အတောက်ဟု ယုံကြည်နေသည်။ ထို့ကြောင့် ဘာသာပြန်ဟုဆိုလျှင် ရုရှား၊ တရုတ်၊ ဗီယက်နမ် စာအုပ်များပဲ ဖတ်နေချိန်ဖြစ်သည်။ သို့သော် ကျွန်တော်က ဘာမှမပြောဘဲ ရယ်နေသည်။
အရှေ့ကမ္ဘာ အနောက်ကမ္ဘာ
——————————-
တကယ်တော့ ထိုစဉ်ကာလ ကျွန်တော် စာဖတ်သည် ဆိုသည်က ဇီဇာကြောင်လှသည်။ ထို့ကြောင့် စာရင်းစစ် အစ်မမေးသည့်အခါ ကျွန်တော့်အဖြေက ကို့လိုကန့်လန့်ဖြစ်နေသည်။ ထိုစဉ်ကာလ ရုရှမှ တရုတ်မှ ဗီယက်နမ် နှင့် ကျူးဘားမှ စိတ်ဝင်စား လက်ခံသည့် အတွေးမျိုးဖြစ်နေကာ ဘောင်ကျဉ်းလွန်းနေသည်။ စာရင်းစစ်အစ်မ က အထောက်တော်လှအောင် ဘာသာပြန်တွေ မဖတ်ဘူးလား ဟူသောမေးခွန်းကို ကျွန်တော်က ရယ်ကျဲကျဲနှင့်သာ တုန့်ပြန်နေတော့ အစ်မက စကားဆက်သည်။ အစ်မ အခု အထောက်တော်လှအောင်ရဲ့ ရှစ်စပ်က ဂျင်ခြေလည်သူ ကိုဖတ်နေတယ်။ ဟာရိုးရော်ဘင် ဝတ္ထုလေဟု ဆက်ပြောသည်။ စာရင်းစစ်အစ်မက ထိုသို့ပြောစဉ်မှာပင် ကျွန်တော်၏ နဂိုက စာရင်းစစ်ဟူသော ခေါင်းစည်းကြောင့် ကြောက်ရွံ့နေမှုမှာ စာဖတ်သည်ဟူသော စာရင်းအစ်မ၏ စကားကြောင့် မကြောက်တော့ဘဲ ရင်းနှီးသွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် ကျွန်တော်က ရဲတင်းသွားပြီး အစ်မက မြသန်းတင့် ဘာသာပြန်တွေကျ မဖတ်ဘူးလားဟု မေးလိုက်မိသည်။
ထိုအခါ အစ်မက မြသန်းတင့်ကို ပင်ကိုရေးပဲ ဖတ်ဖူးတာ ၊ ဘာသာပြန်တော့ မဖတ်ဖူးဘူး။ ဘယ်စာအုပ် က ကောင်းလဲ ဟု မေးသည်။ ကျွန်တော်က ဘဝတက္ကသိုလ် ဆိုတဲ့ စာအုပ်ကောင်းတယ် အစ်မ ရုရှားစာရေးဆရာ ဂေါ်ကီရေးတာလေ ဟု ဖြေသည်။ စာရင်းစစ်အစ်မက ဂေါ်ကီတော့ သိတယ် မြသန်းတင့် ဘာသာပြန်တဲ့ စာအုပ်တော့ မတွေ့ဖူးဘူး ဟု ပြောသည်။ ကျွန်တော်က ချက်ချင်းပင် အလုပ်ရုံနောက်ခန်းက စာကြည့်တိုက် ကောင်တာဗီရိုထဲက ဘဝတက္ကသိုလ် ဟူသော စာအုပ်ထူကြီးကို ယူ၍ ပြတော့ အံ့အားသင့်ကာ သြော် မင်းစာအုပ်လားဟု မေးတော့ အလုပ်ရုံမှာ စာကြည့်တိုက်ရှိတယ် အစ်မဆိုတော့ အတော်အံ့အားသင့် သွာားသည်။ ကျွန်တော်ကလည်း အသစ်ပြုစုထားသည့် စာအုပ်စာရင်း စာအုပ်များကို ယူ၍ပြသောအခါ ပို၍ပင် အံ့သြသွားသည်။ မဂ္ဂဇင်းတွေ မပါဘဲပင် စာအုပ်တွေက ထောင်ဂဏန်း ရှိနေသည်ကိုလည်း အံ့အားသင့်နေသည်။ တကယ်တော့ ထိုစာရင်းထဲမှာပင် အထောက်တော်လှအောင်၏ ဘာသာပြန်စာအုပ်တွေ အတော် စုံအောင်ရှိပါသည်။ ဘာသာပြန် စာအုပ်များသာမက မက်ဟောတန်၏ မြန်မာ တောတွင်းမှာ ရက် ၁၀၀၊ မိုရှေဒါယန်၏ အာရပ်အစ္စရေး စစ်ပွဲမှတ်တမ်း၊ အာရပ် အစ္စရေးလ်၆ ရက်စစ်ပွဲ စသည့် စာအုပ်များလည်း ရှိသည်။
မြသန်းတင့်၏ ဘဝတက္ကသိုလ်
————————————
စာအုပ်စာရင်းတွေကို စာရင်းစစ် အစ်မက ကြည့်ပြီး သဘောတွေကျကာ စာကြည့်တိုက်အကြောင်း ပြောပြတော့ အတော်စိတ်ဝင်တစား ဖြစ်သွားသည်။ သူက ကျွန်တော်ပေးထားသော မြသန်းတင့် ၏ ဘဝတက္ကသိုလ်စာအုပ်ကို ငှားသည်။ ထို့နောက် သူစစ်ဆေးရမည့် စာရင်းတွေ ဆက်စစ်သည်။ ထိုကတည်းက ကျွန်တော်က မကြောက်တော့။ စာရင်းစစ်အဖွဲ့ကို ကိုယ့်မိသားစု ကိုယ့်မောင်နှမတွေလို ခံစားရတော့သည်။ စာဖတ်ဝါသနာကို ခေါင်းဆောင် အစ်မက ပို၍ အားသန်သည်။ ကျန်လက်ထောက်ကတော့ မဂ္ဂဇင်းလောက်ပဲ ဖတ်ပုံရ သည်။ ဤသို့ဖြင့် နောက်ရက်ကစပြီး နေ့လယ် ၃နာရီ လက်ဖက်ရည်သောက်ချိန်တွင် စာရင်းစစ်အဖွဲ့နှင့် ကျွန်တော်တို့ ၃ဦးသားက ပြား၆၀တန် လက်ဖက်ရည် တစ်ခွက်စီနှင့် စာပေစကားဝိုင်း ဖွဲ့ဖြစ်ကြတော့၏။
ဘဝတက္ကသိုလ်စာအုပ်ကို ဖတ်ပြီးတော့ စာရင်းစစ်ခေါင်ဆောင် အစ်မက စာအုပ်ကို ပြန်ပေးရင်း ကျွန်တော့်ကို မင်းက ဒီစာအုပ်ကို ဘာ့လို့ ကြိုက်တာလဲ ဟု မေးသည်။ ကျွန်တော်က ရုရှားက အောက်ခြေလူတန်းစားရဲ့ ငယ်စဉ်ဘဝမှသည် အရွယ်ရောက်တဲ့အထိ ဖြတ်သန်းရုန်းကန်မှုကို နိုင်ငံရေးစံနစ်နောက်ခံနဲ့ သရုပ်ပေါ်အောင် ဂေါ်ကီက ရေးတယ်၊ ဒါကို ဆရာမြသန်းတင့်က ရုရှားရနံ့သင်အောင် ပီပီပြင်ပြင် ဘာသာပြန်နိုင်လို့ပါ ဟု ဖြေမိသည်။ အစ်မက ပြုံးပြီး သြော် မင်းက အောက်ခြေလူတန်းစားဘဝ ပီပြင်မှုကို သူတို့ရနံ့သင်းအောင် ဘာသာပြန်နိုင်လို့ ကြုက်တာပေါ့။ အောက်ခြေလူတန်းစား ဘဝမဟုတ်ရင် မကြိုက်ဘူးပေါ့ ဟု ပြန်မေးရင်း ရယ်နေသည်။ ထို့နောက် ကဲ မြသန်းတင့်ရဲ့ နောက်ထပ် ဘာသာပြန်တစ်အုပ်လောက် ပေးပါဦးဆိုတော့ ကျွန်တော်က လေရူးသုန်သုန် ၂အုပ်တွဲကို ပေးလိုက်သည်။
လေရူးသုန်သုန် ဖတ်ချင်နေတာ
————————————-
လေရူးသုန်သုန်ကို တွေ့တော့ စာရင်းစစ်အစ်မက ဝမ်းသာနေသည်။ ဒီစာအုပ်ကို ဖတ်ချင်နေတာ ကြာပြီ၊ စာအုပ်က ရှာမရလို့ မဖတ်ရတာ၊ အခုရတော့ ဖတ်ချင်နေတာနဲ့ အတော်ပဲဟုဆိုသည်။ လေရူးသုန်သုန် ၂အုပ်တွဲကို ဖတ်အပြီး အစ်မက စာအုပ်ကို အလွန်နှစ်သက်ကြောင်း ပြောသည်။ ထို့နောက် အစ်မက အထောက်တော်လှအောင်၏ ရှစ်စပ်က ဂျင်ခြေလည်သူ က မိတဆိုးဖြစ်နေသော သားဖြစ်သူကို ငုံထားမတတ်ချစ်သည့် လက်နက်စက်ရုံပိုင်ရှင် မစ္စတာ ကော့၊ အသက်လေးဆယ်ကျော်ကာမှ လွတ်လပ်မှုကို ရှာဖွေရင်း ဟောလီးဝုဒ် ရုပ်ရှင်မင်းသားဖြစ်လာသူ နီးဒဗားဒါးစမစ်၊ ဘဝလွတ်မြောက်မှုအတွက် သက်ကျားအိုကြီးကို လက်ထပ်ပြီးနောက် ဘဝ၏ပျော်ရွှင်မှုများ ပျောက်ဆုံးခဲ့ရသူ ရီနာမာလိုး လူငယ်သဘာဝဆိုသည့်စကားထက်ပို၍ ငယ်စဉ်က ဆိုးသွမ်းခဲ့သော်လည်း စီးပွားရေးလောကသို့ ဝင်ရောက်လာချိန်တွင် ကျားရဲတစ်ကောင်ကဲ့သို့ဖြစ်လာသော ဂျိုနက်စ်ကော့တို့ဖြင့် ဇာတ်အိမ်ဖွဲ့ထားပြီး ၂၀ရာစုအစပိုင်း အမေရိကန်နိုင်ငံ စီးပွားရေးနှင့် လူနေမှုစနစ်အရှုပ်တော်ပုံကို အခြေခံကာ ရေးဖွဲ့ထားသည့် ဟာရိုးရော်ဘင်၏ ဝတ္ထုက ဇာတ်ကောင်စရိုက် ပေါ်လှပြီ ထင်တာ အခု လေရူးသုန်သုန်က ခေတ်တွေလည်း အပြောင်းအလဲများ၊ ဇာတ်ကောင်တွေလည်း များပေမယ့် ဇာတ်ကောင်စရိုက်တွေ ပေါ်လှကြောင်း ချီးကျူးသည်။
အထူးသဖြင့် မြသန်းတင့်၏ ဘာသာပြန်အရေးအသား ညက်ညောလှပုံကို ပြောမဆုံးဖြစ်ကာ လေရူးသုန်သုန် ဖတ်ခွင့် ရလိုက်လို့ ကျေးဇူးတင် မဆုံးဖြစ်တော့သည်။ ထို့နောက် ကျွန်တော့်ကိုလည်း အတောက်တော် လှအောင်၏ အုတ်ကြားမြက် အပါအဝင် ဘာသာပြန်စာအုပ်များလည်း ဖတ်ဖို့ တိုက်တွန်းသည်။ ထိုသို့သော တီးတိုင်းမ် စကားဝိုင်းက ရက်ကြာလေ ရင်းနှီးလာတော့ ကျွန်တော့်ကို စာမရေးဘူးလားဟု မေးတော့ ကျွန်တော်က ရေးပါကြောင်း သို့သော် မဂ္ဂဇင်းတွေတော့ မပို့ဖူးကြောင်း စာပေပြိုင်ပွဲများတွင် ဆုရဖူးကြောင်း ပြောဖြစ်သည်။ ထိုစဉ်ကာလ ကျွန်တော်က စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ များတွင် မုံရွာက ၁၉၇၈ နှင့် ၁၉၈၁ ခုနှစ်များတွင် ဆောင်းပါးနှင့် ဝတ္ထုများအတွက် ဆုများရရှိထားပါပြီ။ (၁၉၈၂ခုနှစ် စာဆိုတော်နေ့မှာလည်း မုံရွာက ၂ဆုနှင့် မန္တလေး အနောက်တောင် မြို့နယ်က ဆောင်းပါး ပထမဆု ရရှိခဲ့ရာ မုံရွာသို့ ဆုသွားယူသဖြင့် တစ်ရက်တည်းကျင်းပသော အနောက်တောင် မြို့နယ်က ပွဲကို ကိုယ်စားတက်၍ ယူစေခဲ့သည်)။
လုပ်ငန်း အစီရင်ခံစာ ရေးတော့
———————————–
ထိုအကြောင်းတွေ စာရင်းစစ်အစ်မက သိသောအခါ မဂ္ဂဇင်းများလည်း ပို့ဖို့ တိုက်တွန်းပြီး သူ့ ခင်ပွန်းက မန္တလေးသို့ သူတို့မပြောင်းမီ ရန်ကုန်မှာ မဂ္ဂဇင်းအယ်ဒီတာများနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်ကာ ကဗျာဆရာလည်း ဖြစ်ကြောင်း ပြောပြတော့ ကျွန်တော်လည်း အံ့သြ သွားသည်။ သူ့ခင်ပွန်းက ရန်ကုန်တက္ကသိုလ်တွင် ဆရာချစ်ဦးညိုတို့ ဆရာဟိန်းလတ်တို့နှင့် ခင်မင်ကာ သတင်းစာဆရာကြီး ဦးချစ်မောင်နှင့် ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ သားဖြစ်သူ ဆရာမိုးဟိန်းနှင့်လည်း ညီအစ်ကို တမျှ ရင်းနှီးကြောင်း၊ ကဗျာဆရာ မောင်ခိုင်မာ၊ ညွန့်သစ်၊ ကြည်တင်ဦး၊ အောင်ချိမ့်၊ အောင်ခက် စသူတို့နှင့်လည်း ရင်းနှီးကြောင်း ပြောပြသည်။ နောက်တော့ စာရင်းစစ်နေစဉ်မှာပင် အတော်ရင်းနှီးသွားပြီး သူ့ခင်ပွန်းနှင့်ပါ မိတ်ဆက် တွေ့ဆုံပေးသည်။
ဤသို့ဖြင့် စာရင်းစစ်အပြီး တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အစီရင်ခံစာရေးသောအခါ စာရင်းအင်းတွင် လိုအပ်ချက် အားနည်းချက် များပင် မတွေ့ခဲ့၊ သို့သော် လုပ်ငန်းခွင်အတွက် လိုအပ်ချက်တချို့ကို ထောက်ပြရန် ရှိသောအခါ မဖြစ်မနေ ရေးရမည့်အကြောင်း ကျွန်တော့်ကို ရှင်းပြသည်။ ထောက်ပြသည့် လိုအပ်ချက်များက မှန်ပါသည်။ လုပ်ငန်းခွင် အတွင်း လုပ်သားများ၏ ကျန်းမာရေး၊ လုပ်ငန်းခွင်အတွင်း ထိခိုက်နီုင်မှု အန္တရာယ်နှင့် သောက်ရေသန့်ရှင်းမှု လိုအပ်ချက် များပဲ ဖြစ်ပါသည်။
နောက်တော့ ထိုစာရင်းစစ်အစ်မတို့ ဇနီးမောင်နှံနှင့် ကျွန်တော့် မိသားစုသာမက ကျွန်တော့်အစ်မ မမခင်ဝင်း နှင့်ပါ ရင်းနှီးခဲ့သည်။ ထိုစဉ်က သူတို့နေထိုင်သော ရွှေလှံအိမ်တွင် ကျွန်တော်က စားအိမ်သောက်အိမ်ဖြစ်ခဲ့ပြီး သူတို့ဆီ လာသမျှ စာရေးဆရာ ကဗျာဆရာများနှင့်လည်း ရင်းနှီးခဲ့ရသည်။ ထို့ပြင် ကိုထိန်လင်းက ဘူတာကြီး အနောက်ဘက် ၇၉လမ်းမှာ နွေဒေသ (နောက်တော့ ရွှေဒေသ) ဟူသော စာအုပ်ဆိုင်ဖွင့်တော့ ထိုဆိုင်ကို အခြေတည်၍ စာရေးဆရာများနှင့် တွေ့ဆုံခဲ့ရသည်။ သူ့ခင်ပွန်းကွယ်လွန်ပြီးနောက် ထိုစာရင်းစစ် ခေါင်းဆောင် အစ်မနှင့် ယခုအထိ အဆက်အသွယ် မပျက် မောင်ရင်း နှမသဖွယ် ရင်းနှီးဆဲ ဖြစ်ပါ၏။ ထိုစာရင်းစစ် ခေါင်းဆောင် အစ်မအမည်က ဒေါ်မြင့်မြင့်ဦး ဖြစ်ပြီး သူ့ခင်ပွန်းက ကိုထိန်လင်းခေါ် ကဗျာဆရာ လင်းသူ ဖြစ်သည်။ စာရင်းစစ်အဖွဲ့ဝင် အစ်မက ဒေါ်အုန်းရွှေတဲ့။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW