ဇွန် ၅ ၊ ၂၀၂၆
GG (VOM)
ပြည်ပရောက်နေတဲ့ CDM ဝန်ထမ်းတွေ မြန်မာပြည်ကို ပြန်လည်ဝင်ရောက်လာပါက လေဆိပ်မှာတင် အဖွဲ့စုံနဲ့ ခေါ်ယူစစ်ဆေးတာမျိုး ပြုလုပ်ပြီး စစ်ဆေးနေချိန်မှာ ရက်အနည်းငယ်ထိန်းသိမ်းခံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ CDM တယောက်က ပြောပါတယ် ။
မေ ၂၉ ရက်နေ့မှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိခဲ့ပြီး ဇွန် ၂ ရက်နေ့မှာမှ ခံဝန်ကတိလက်မှတ်ရေးထိုးပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်ကြောင်း ၊ ထိန်းသိမ်းခံရတဲ့ ရက်ကြာချိန် ကတော့ တယောက်နဲ့ မတူနိုင်ဘူးလို့ သိရပါတယ်။
” မေ ၂၉ ရက်မှာ စင်္ကာပူကနေ ပြန်လာတယ်။ ၃ နာရီ ၂၀ မှာ လေယာဥ်ဆိုက်တယ်။ Immigration မှာ Passport Scan ဖတ်တော့ Blacklist ထွက်နေလို့ သေချာပြန်စစ်တယ် ။စစ်ဆေးမေးမြန်းစရာလေးတွေ ရှိလို့ပါဆိုပြီး အဖွဲ့စုံစစ်ဆေးတဲ့နေရာကို ခေါ်သွားတယ်။ ဖုန်းသုံးခွင့်မရှိတော့ဘူးဆိုပြီး ဖုန်းကိုတစ်ခါတည်း သိမ်းသွားပါတယ်။ Personal Details အကုန်စစ်တယ်၊ မေးတယ်။ဝန်ထမ်းချေးငွေ နှစ်လစာ ဆပ်ပြီး/မပြီး မေးပါတယ်။ရှေ့/ဘယ်/ညာ ဓာတ်ပုံရိုက်ပါတယ်အကုန်လုံး စစ်ဆေးမေးမြန်းပြီးတော့ အချုပ်ချမဲ့နေရာကို ခေါ်သွားပါတယ် ။ အဲဒီကိုရောက်တော့ နာရီ Tablet Laptop ဆက်သွယ်လို့ရတဲ့ပစ္စည်းမှန်သမျှ အကုန်သိမ်းတယ်။ Password ကစ အကုန်မေးပြီး ယူထားတယ် ။ဘာမှ သုံးခွင့် / ကိုင်ခွင့်မရှိဘူး ။ထမင်းက နှစ်နပ် ကျွေးတယ် ။” လို့ ပြည်တွင်းပြန်ဝင်လာစဥ် ကိုယ်တိုင်ကြုံခဲ့ရတဲ့ CDM တယောက်ကပြောပါတယ်။
CDM Blacklist စာရင်းဝင်နေတာကြောင့် ပတ်စ်ပို့သက်တမ်းတိုးမရတဲ့အတွက် CDM Blacklist ကနေ ပယ်ဖျက်ပေးဖို့ စင်ကာပူမှာရှိတဲ့ မြန်မာသံရုံးတာဝန်ရှိသူတွေဆီကို လိုအပ်တဲ့စာရွက်စာတမ်း အကုန်တင်ထားပြီးတောင်းခံခဲ့ပေမယ့် အဆင်မပြေတာကြောင့် မြန်မာနိုင်ငံကို ပြန်ဝင်လာရခြင်းဖြစ်တယ်လို့ သူကဆိုပါတယ်။
မြန်မာနိုင်ငံ ပြန်ရောက်ချိန်မှာ စစ်ဆေးမေးမြန်းပြီးနောက်မှာ ခံဝန်နဲ့ပြန်လွှတ်ပေးပေမယ့် ပတ်စ်ပို့စာအုပ်ကို သိမ်းထားလိုက်တဲ့အတွက် ပြည်ပကို ထွက်ခွင့် ပိတ်သွားတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
” Passport က သက်တမ်းကုန်ဖို့ နီးနေပြီမို့တိုးလို့ရမယ့် နည်းမှန်သမျှ အကုန်လိုက်စုံစမ်းပြီးပြီ။ဘယ်လိုမှ အဆင်မပြေလို့ နိုင်ငံပြန်ဝင်မယ့်လမ်းကို ရွေးချယ်လိုက်ရခြင်းပါ ။ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေကိုလည်း စုံစမ်းပြီးသားပါ။အထဲမှာ ၄ ညအိပ် ၅ ရက် နေခဲ့ရတယ်။ ပြန်ထွက်တဲ့ရက်ကျရင် သိမ်းထားတဲ့ပစ္စည်းအကုန်ပြန်ပေးတယ်။Passportကတော့ ပြန်မပေးဘူးအပြီးသိမ်းလိုက်တယ်။ပြန်လာမယ့် သူတွေထဲ ချေးငွေ ၂လစာ မဆပ်ရသေးရင်ခုတည်းက ကြိုဆပ်ထားကြပါ။မဆပ်ရသေးရင် အထဲမှာနေရတဲ့ရက်က ပိုကြာပါလိမ့်မယ်။အထဲမှာ နေစဥ်တလျှောက်လုံးနှိပ်စက်တာ ဘာညာ ဘာမှမရှိပါဘူး။ ” လို့ သူက တဆက်တည်း ပြောပြထားပါတယ်။
ပြည်ပရောက် CDM Blacklist စာရင်းဝင် မြန်မာလုပ်သားတွေကို သံရုံးတွေက ပတ်စ်ပို့သက်တမ်းတိုးမပေးတဲ့ကိစ္စဟာ ယခုနောက်ပိုင်းကာလမှာမှ ကြုံတွေ့လာရတာဖြစ်ကြောင်း ၊ သံရုံးတွေဆီကို CDM Black List စာရင်းတွေ ပေးပို့ထားတာကြောင့် သံရုံးတွေက တင်းကြပ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ပတ်စပို့သက်တမ်းတိုးမရသဖြင့် CDM.Blacklist ကနေ ပယ်ဖျက်ပေးဖို့အတွက် ပြည်တွင်းပြန်ဝင်လာသူတွေကို လေဆိပ်မှာ ထိန်းသိမ်းပြီး စစ်ဆေးတယ်ဆိုတာကြောင့် ပြည်တွင်းပြန်ဝင်ရောက်မယ့် CDM တွေ စိုးရိမ်ပြီး မပြန်ရဲကြဘူးလို့ သိရပါတယ် ။
” CDM တွေပြန်ဝင်ရင် ဖမ်းပြီး စစ်တယ်ဆိုတာ သိရတော့ မပြန်ရဲဘူး ။ မပြန်ရဲလို့ အပြစ်လုပ်ထားလားဆို ဘာမှလည်း လုပ်မထားပါဘူး ။ ကျွန်တော်တို့ CDM လုပ်ရုံသက်သက်ပါ။ CDM လုပ်ပြီး နိုင်ငံခြား အလုပ်လာလုပ်တာပါ ။ ပြန်ဝင်လို့ စစ်တာကို လက်ခံလို့ရပါတယ်။ လေး ရက်၊ငါးရက် လောက်ကြီးဖမ်းထားပြီး မိသားစုနဲ့အဆက်အသွယ် မလုပ်ခိုင်းတာမျိုးကတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ဘာလို့ဆို သူတို့လည်း တရားဝင်ခေါ်ထားတာပဲလေ ။ပြန်ဝင်လာတယ်ဆိုကတည်းက အပြစ်လုပ်မထားလို့ ဝင်ရဲတာပါ ။ ” လို့ ပြည်ပရောက် CDM တယောက်က ပြောပါတယ်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ လုပ်ငန်းခွင်ကိုစွန့်ပြီး CDM လုပ်သွားတဲ့ ဝန်ထမ်းတွေအနေနဲ့ ပြစ်မှုကျူးလွန်ထားခြင်းမရှိပါက အမည်မည်းစာရင်း Black Lists ကနေပယ်ဖျယ်ပေးမှာဖြစ်လို့ တာဝန်ထမ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာဌာနကို သတင်းပေးပို့ ဆက်သွယ်ကြဖို့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထပ်မံအသိပေးထားပါတယ်။
ပြည်ပရောက်နေတဲ့ CDM ဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး နဲ့ ကောင်စစ် ဝန်ချုပ်ရုံးတွေကို ဖြစ်စေ ပြန်လည်သတင်းပေးပို့ ဆက်သွယ်ကြဖို့နဲ့ ပြည်တွင်းက CDM တွေအနေနဲ့ ယခင်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဌာနရဲ့ ရုံးတွေကို လည်းကောင်း၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို ဆက်သွယ်သတင်းပို့ဖို့ အသိပေးထားပါတယ်။
ဓာတ်ပုံ – CJ
