KKA (VOM)
မန္တလေးမြို့တော်ကြီးမှာ အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်တဲ့ လူငယ်အုပ်စုအချို့ မူးယစ်ဆေးဝါးကို ဗြောင်ကျကျ ရောင်းချ၊ သုံးစွဲနေကြတဲ့ဗီဒီယိုဖိုင်တခု ပျံ့နှံ့လာပါတယ်။
အဲဒီမြင်ကွင်းဟာ သာမန်ဖြစ်ရပ်တခုမဟုတ်ဘဲ မန္တလေးမြို့ပြလုံခြုံရေးနဲ့ လူငယ်ထုရဲ့ အနာဂတ်ဘယ်လောက်အထိ ရင်လေးဖွယ်ရာ အခြေအနေကို ဆိုက်ရောက်နေပြီလဲဆိုတာ ပြသနေတဲ့ သတိပေး ခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။
အရင်က မူးယစ်ဆေးဝါးဆိုတာ ကွယ်ရာဝှက်ရာ၊ လျှို့ဝှက်ရာနေရာတွေမှာပဲ ရှိတတ်တယ်လို့ ထင်မှတ်ခဲ့ကြေပမယ့်လည်း အခုလိုအချိန်မျိုးမှာ ဆေးခြောက်၊ စိတ်ကြွဆေးပြား (WY) မှအစ ပြင်းထန်တဲ့ မူးယစ်ဆေးဝါးေတွအထိ လက်တကမ်းမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်လောက်အောင် ကျယ်ပြန့်လာတာကို မြင်ကြားနေရပါတယ်။
မြို့ခံများနှင့် နီးစပ်ရာ သတင်းရင်းမြစ်များရဲ့ အဆိုအရ မြို့သစ်ဘက်က ရပ်ကွက်အချို့၊ ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ် အစွန်အဖျားဒေသများအပြင် ယခုအခါ မန္တလေးမြို့တွင်း အထိပါ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ “မူးယစ်ဘိ”တွေရှိနေတာကို သိရပါတယ်။ အဲဒီလို ဘိတွေမှာ ဝယ်ယူသုံးစွဲခွင့်ရနေတာကြောင့် လူငယ်တွေ မူးယစ်နွံထဲကို အလွယ်တကူ သက်ဆင်းသွားစေနိုင်တဲ့ အဓိကတွန်းအား ဖြစ်နေပါတယ်။
မူးယစ်ဆေးဝါးအလွယ်တကူ ရောင်းဝယ်သုံးစွဲခွင့်ရနေတာနဲ့ဆက်နွယ်ပြီး ဒုစရိုက်မှုတွေလည်း ပုံစံအမျိုးမျိုးနဲ့ဖြစ်လာတာတွေ့ရပါတယ်။ လူငယ်လေးတွေ မူးယစ်ဆေးဝါးသုံးစွဲချင်လာတဲ့အခါ လက်ထဲမှာ ပိုက်ဆံမရှိတဲ့အချိန်ဟာ ရာဇဝတ်မှုလမ်းကြောင်းပေါ်ကို ဦးတည်ဖို့ဖြစ်လာပါတယ်။
မန္တလေးမြို့မှာ နေ့စဉ်နဲ့အမျှ ကြားသိနေရတဲ့ ဆိုင်ကယ်လုယက်မှု၊ ဖုန်းလုယက်မှု၊ လမ်းသွားလမ်းလာများကို ဓားဖြင့်ခြိမ်းခြောက် ပစ္စည်းလုယူမှု၊ အိမ်တွင်းဖောက်ထွင်းမှုနဲ့ဓားပြမှုေတွမှာ မူးယစ်ဆေးဝါးနဲ့ တိုက်ရိုက်ဆက်နွယ်နေတာက များတာတွေ့ရပါတယ် ။
ပိုဆိုးဝါးတာက ဆေးရှိန်ကြောင့်ဖြစ်စေ၊ ဆေးဝယ်ရန် ငွေလို၍ဖြစ်စေ လူ့အသက်ကိုပါ ရန်ရှာသတ်ဖြတ်ရန် ဝန်မလေးကြတော့တဲ့ အခြေအနေအထိ ကြီးထွားလာပါတယ်။ ယနေ့ မန္တလေးသူ မန္တလေးသားတွေ နေ့ခင်းကြောင်တောင် လူပြတ်တဲ့လမ်းကို လမ်းလျှောက်ဖို့ မဝံ့တော့ဘဲ စိုးရိမ်စိတ်အပြည့်နဲ့ နေထိုင်နေကြရပါတယ်။
မူးယစ်ဘိတွေကို စုံစမ်းဖော်ထုတ် အမြစ်ပြတ်နှိမ်နင်းမှုအားနည်းတာတွေကြောင့် မူးယစ်သားကောင်များ၊ ရာဇဝတ်ကောင်များနဲ့မူးယစ်ကုန်သည်ေတွ ပိုမိုရဲတင်းလာစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ကလည်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေတဲ့နေရာတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ် နှိမ်နင်းပေးနိုင်ရင်တော့ လူငယ်တွေအတွက်လည်း အနာဂတ်လှ၊စိုးရိမ်ပူပန်ကြောက်လန့်ပြီး သွားလာနေရတဲ့ ပြည်သူတွေလည်း စိတ်အေး လက်အေး သွားလာနိုင်မှာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးဟာ လူငယ်တစ်ဦးချင်းစီရဲ့ ဘဝကိုသာမက၊ မိသားစုတစ်ခုလုံးနဲ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ပျက်စီးစေတဲ့ သေမင်းတမန် လက်နက်တစ်ခုဖြစ်နေပါတယ်။
အားကိုးအားထားပြုရမယ့် လူငယ်ထုကြီးတရပ်လုံး မူးယစ်သားကောင်ဖြစ်ပြီး ရာဇဝတ်မှုနွံထဲ နစ်မွန်းမသွားစေဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တင်းကျပ်စွာ ကိုင်တွယ်ဖို့အချိန်ရောက်နေပါပြီ။
မန္တလေးမြို့ကြီး အေးချမ်းသာယာပြီး လုံခြုံစိတ်ချရသည့် မြို့အဖြစ် ပြန်လည်ရောက်ရှိစေရေးအတွက် လူမှုကွန်ရက်ပေါ်က ဗီဒီယိုဖိုင်ကတစ်ဆင့် သတိပြုကာ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုေတွကို အမြစ်ပြတ် ထိထိရောက်ရောက် နှိမ်နင်းဖမ်းဆီးပေးဖို့ အချိန်ရောက်ပါပြီ။ဒါကြောင့် ပြည်သူ့ဘဝလုံခြုံအေးချမ်းရေးနဲ့တန်ဖိုးရှိလူငယ်တွေရဲ့ အနာဂတ် လှပဖို့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲခွင့်ရနေတဲ့နေရာတွေကို နှိမ်နင်းဖမ်းဆီးမှ ရပါလိမ့်မယ်။
