နန့်ယင်းနဲ့ နန့်ကောင်းချောင်းရေ မိုးကောင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ကျော်လွန်နေ

ဇွန် ၂၀ – ၂၀၂၆
SN (VOM)
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းနဲ့ နန့်ကောင်းချောင်းရေတွေဟာ လက်ရှိမှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန် ရောက်ရှိနေပြီဖြစ်တာကြောင့် ချောင်းကမ်းအနီး၊ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ကြိုတင် သတိပြုကြဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“လက်ရှိက အဲဒီမြို့မှာ မိုးများနေလို့ စိုးရိမ်ရေမှတ် ကျော်သွားတာပါ။ ချောင်းအနီး နေထိုင်တဲ့သူတွေအနေနဲ့ ရုတ်တရက် ရေမြင့်တက်လာနိုင်တဲ့ အခြေအနေတွေကို သတိထားဖို့တယ်။ ရေလွတ်တဲ့နေရာ၊ အမြင့်ပိုင်းတွေကို ခေတ္တ ရှောင်ရှားကြစေချင်တယ်။ ဒါပေမယ့် ဒီချောင်းတွေကတော့ နှစ်စဉ်လည်း ဖြစ်နေကျ။ ရေတက်ရင်လည်း အကြာကြီးမဖြစ်ဘူး။ အထက်ပိုင်းမှာ ရေတက်တာဖြစ်တဲ့အတွက် ခဏပဲ။ တရက်၊ နှစ်ရက် ရေတက်ပြီးသွားရင် ပြန်ကျသွားတတ်တဲ့ အနေအထားမျိုးတော့ ရှိတယ်။ တက်လိုက်၊ ကျလိုက် ဖြစ်နေတတ်ပါတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလ ဌာနရဲ့ ဒီကနေ့ ဇွန် ၂၀ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ နန်းယင်းချောင်းရေဟာ လက်ရှိမှာ မိုးကောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ နန့်ကောင်းချောင်းရေဟာလည်း ဒီကနေ့မနက် တိုင်းထွာချက်အရ မိုးကောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ပေဝက်ခန့် ထပ်မံ မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒီကနေ့ ညနေပိုင်းအထိ မိုးရွာသွန်းမှု ခန့်မှန်းချက်တွေအရ ကချင်ပြည်နယ် အပါအဝင် စစ်ကိုင်းတိုင်း (အထက်ပိုင်း) နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ပြီး တခြားသော တိုင်းနဲ့ပြည်နယ်တွေဖြစ်တဲ့ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာတော့ နေရာကျဲကျဲ၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း) နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်လို့ သိရပါတယ်။
ဒါအပြင် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုဖို့ လိုအပ်တယ်လို့ သိရပါတယ်။
နောက်နှစ်ရက်အတွက် မိုးရွာသွန်းမှု ခန့်မှန်းချက်တွေအရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးပိုလာနိုင်တယ်လို့ သိရပါတယ်။
Photo – DMH

Related posts

Leave a Comment

VOM News

FREE
VIEW