ဇွန် ၂၁ – ၂၀၂၆
SS (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဥရုချောင်း ရေလျှံတက်လာပြီး အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့ပေါ်က အနိမ့်ပိုင်းဖြစ်တဲ့ ရပ်ကွက်တွေဖြစ်တဲ့ ကျောက်ဝိုင်း၊ နမ့်မှော်၊ မှော်ဝမ်း၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင်၊ အေးမြသာယာ အစရှိတဲ့ ရပ်ကွက်တွေမှာ နေအိမ်တွေထဲ ရေဝင်ရောက်နေသလို ဖားကန့် မနက်ဈေး (စည်ပင်သာယာဈေး) မှာလည်း ဈေးရှေ့ကလမ်းတွေ ရေလွှမ်းနေပြီး ဈေးဆိုင်ခန်းတွေအတွင်းကိုပါ ရေဝင်ရောက်နေတဲ့အတွက် ဈေးကို ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။
“မနေ့က တရက်လုံး မိုးရွာလိုက်တာ၊ ဒီနေ့ မနက် ၄ နာရီလောက်လည်းကျရော ရေတွေတဖြည်းဖြည်း များလာတာ၊ ရေတက်နှုန်းလည်း မြန်တယ်။ ဒီနေ့မနက် ၃ နာရီကျော်ကနေ ၅ နာရီအထိ ရွာတဲ့မိုးက ရေအရမ်းပါတာ။ ရပ်ကွက်ထဲရေဝင်တာ ဆိုင်ကယ်တွေလည်း သွားလို့မရတော့ဘူး။ လမ်းပေါ်ရပ်ထားတဲ့ ကားတွေလည်း မြုပ်။ အိမ်တွေထဲလည်း ရေတွေ ရောက်လာပြီ။ ရပ်ကွက်ထဲ သွားရေးလာရေးကိုအတွက်ကို လှေတွေသုံးနေရပြီ” လို့ ငှက်ပျောတောရပ်ကွက်က ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် မှော်ဝမ်းရပ်ကွက်ဘက်မှာလည်း အောက်လမ်းက ရေကြီးနေတဲ့အပြင် အပေါ်လမ်းမှာလည်း မြေပြိုကျမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ ဂရုစိုက် သွားလာကြဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
“နမ့်မှော်ရွာလည်း တရွာလုံး ရေမြုပ်နေတာ။ မရှီကထောင် လမ်းဆုံဘက်လည်း ရေရောက်နေပြီ။ ဒီနှစ်က ပြီးခဲ့တဲ့နှစ်တွေထက် ရေတက်တာ ပိုများမယ်ထင်တယ်။ မိုးကလည်း အရမ်းများတယ်။ ဟိုတခေါက် ရေကြီးတာ အခုလိုမဟုတ်ဘူး။ အခုက ရေတိုးတာ တအားမြန်နေတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ဖားကန့်ဒေသမှာ ရေဘေးသင့် အိမ်ထောင်စု ၈၀ ဝန်းကျင် ရှိနေပြီဖြစ်တယ်လို့ သိရပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ ကုန်းမြင့်ပိုင်း ရေလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေကလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ဥရုချောင်းရေ လျှံတက်မှုကြောင့် ကျောက်ဝိုင်း၊ ငှက်ပျောတော၊ မရှီကထောင် စတဲ့ ရပ်ကွက်တွေအပြင် လုံးခင်းကျေးရွာဘက်မှာပါ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒါအပြင် ကချင်ပြည်နယ်အတွင်းက မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာလည်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ချောင်းတွေ ရေလျှံလာပြီး လယ်ယာစိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့သလို အနိမ့်ပိုင်းကျေးရွာတွေနဲ့ လမ်းပိုင်းတချို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“ဟိုပင်မြို့၊ အင်းတော်ကြီးဒေသမှာ ရေကြီးမှု စတင်နေပြီဖြစ်ပါတယ်။ ညောင်ပင်ဘက်မှာလည်း ရေတက်တာ အရမ်းမြန်နေတယ်။ ဒေသခံတွေ ဘေးလွတ်ရာ ခေတ္တ ရွှေ့ပြောင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါပြီ။ အရေးပေါ်ပစ္စည်းတွေကိုလည်း သေချာ ထုပ်ပိုး ပြင်ဆင်ထားစေချင်ပါတယ်” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဇွန် ၂၁ ရက်၊ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်တဲ့ မနက်ဖြန်မနက်အထိ မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်အရ ကချင်ပြည်နယ် အပါအဝင် စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း) နဲ့ ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပြီး နောက် နှစ်ရက်အတွက် ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးပိုနေနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုကြဖို့ မိုး/ဇလဌာနက အကြံပြုထားပါတယ်။
Photo – CJ
