နေရပ်ပြန် မတ္တရာ စစ်ရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေး မန္တလေး ICRC ကူညီထောက်ပံ့မှုများပြုလုပ်နေ

ဇွန်-၂၉-၂၀၂၆
KKA (VOM )
မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်းရှိ နေရပ်ကိုပြန်လည်‌‌ေရာက်ရှိလာတဲ့ ‌စစ်ရှောင်ပြည်သူတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် မန္တလေး ICRCက ကူညီထောက်ပံ့ပေးတာတွေ လုပ်ဆောင်နေပါတယ်။
လပေါင်းများစွာ စစ်ဘေးရှောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာတဲ့ မတ္တရာမြို့နယ်အတွင်းက ထန်းပင်ကုန်းနဲ့ဘိုကုန်းကျေးရွာက အိမ်ထောင်စု ၇၉၅စုကို အရေးပေါ် အိမ်သုံးပစွည်းတွေ၊တစ်လစာ စားနပ်ရိကွာခွဲတမ်း၊မိုးကာ၊ကြိုး၊ရေစစ်အိုး စတာတွေ ထောက်ပံ့နေပြီး နှစ်ရွာလုံးကို ဆိုလာစနစ်သုံး လမ်းမီးတိုင်တွေကိုလည်း တပ်ဆင်ပေးခဲ့ပါတယ်။
“ဒီကြိုးပမ်းအားထုတ်မှုတွေက ရပ်ရွာလူထုတွေအတွက် သူတို့ရဲ့ဘဝကို ပြန်ပြီးတော့တည်ဆောက်ရာမှာ အစပြုနိုင်စေမယ့် ခြေလှမ်းသစ်တစ်ခုအနေနဲ့ ပံ့ပိုးပေးပါတယ်” လို့ ICRC ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မစုလှိုင်နှင်းက ပြောပါတယ်။
နေရပ် ပြန်လည်‌ေရာက်ရှိလာတဲ့ စစ်ရှောင်ပြည်သူ‌ေတွပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့‌ေနတာ ပြီးခဲ့တဲ့ မတ်လက စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါအပြင် မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းအတွင်းက စစ်ပွဲဖြစ်ပွားခဲ့တာတွေကြောင့် စိုက်ပျိုးရေးအခက်အခဲရှိတဲ့တောင်သူတွေကို စပါးမျိုးသန့်နဲ့မြေဆီအိတ်တွေ ကူညီထောက်ပံ့နေတာတွေလည်း လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။
“ပြန်လို့ရပြီဆိုတော့ ကိုယ့်ရပ်ကိုယ်ပြန်ကြတာပေါ့။အိမ်လည်းရောက်ရော ဘာမှမရှိတော့ဘူး။အခွံပဲကျန်တယ်။တချိုဆို အိမ်က ပျက်စီးသွားပြီ အဲဒီလိုတွေ အကုန်ခက်ကုန်တာပေါ့။အစက ပြန်စရတာပေါ့။ အခုလို အထောက်အပံ့ရတော့ အဆင်ပြေတာပေါ့။ သုံးနှစ်ကျော်စစ်ရှောင်ခဲ့ရတာ။”ဟု ဘိုကုန်းရွာသား ကိုခင်မောင်ဆွေကပြောပါတယ်။
မတ္တရာမြို့နယ်အတွင်းက စစ်ရှောင်ပြီး ပြန်လည်ရောက်ရှိလာသူအများစုမှာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေသလို သက်ကြီးရွယ်အိုများနဲ့ကလေးငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့သိရပါတယ်။
ဓါတ်ပုံ၊ICRC

Related posts

Leave a Comment

VOM News

FREE
VIEW