MT(VOM)
လွန်ခဲ့တဲ့ရက်ပိုင်းက မိတ်ဆွေတစ်ယောက်ကကျနော့်ကို လာမေးပါတယ်။
“ဆရာ… တရုတ်ပြည်က တက္ကသိုလ်တွေမှာ ဝိဇ္ဇာဘာသာရပ်တွေကို လုံးဝမသင်တော့ဘူးဆိုတာ ဟုတ်သလား၊ စာပေတို့၊ သမိုင်းတို့၊ အတွေးအခေါ်တို့ဆိုတာ လူသားတွေရဲ့ နှလုံးသားကို ပုံဖော်ပေးတဲ့အရာတွေပဲ၊ ဒါတွေကို ဖျက်ဆီးပစ်လိုက်ပြီဆိုရင်တော့ မတွေးဝံ့စရာပဲ ဆရာရယ်” တဲ့။
ဒီစကားကို ကြားရတဲ့အခါ ကျနော်ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းမိပါတယ်။ ဒီနေ့ခေတ် ကမ္ဘာကြီးဟာ သတင်းအချက်အလက်တွေ အလွန်မြန်ဆန်လွန်းလှပါတယ်။ ဒါပေမဲ့ အဲဒီမြန်ဆန်မှုရဲ့ နောက်ကွယ်မှာ အမှန်တရားဟာ တစ်ဝက်တစ်ပျက်နဲ့ ပုံပျက်ပန်းပျက် ဖြစ်သွားတတ်တာကိုလည်း ကျနော်သတိထားရပါလိမ့်မယ်။ တရုတ်ပြည်က တက္ကသိုလ်တွေမှာ ဝိဇ္ဇာသင်ရိုးတွေကို လုံးဝမသင်တော့ဘူးဆိုတဲ့ သတင်းဟာ တစ်လောကလုံးကို ခြောက်လှန့်နေတဲ့ သတင်းမှားသက်သက်သာ ဖြစ်ပါတယ်။
ဒီအခြေအနေရဲ့ မြစ်ဖျားခံရာ အမှန်တရားကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ဖို့အတွက် ကျနော်
တို့ဟာ ခေတ်သစ်တရုတ်နိုင်ငံတော်ကြီး ဖြတ်သန်းခဲ့ရတဲ့ ပညာရေးသမိုင်းအလှည့်အပြောင်းကြီး သုံးခေတ်နဲ့အတူ၊ ခေတ်သစ်ဝိဇ္ဇာ-သိပ္ပံ ပေါင်းစပ်မှုတွေကိုပါ စိတ်ရှည်လက်ရှည်နဲ့ အသေးစိတ် ခြေရာကောက်ကြည့်ကြရပါလိမ့်မယ်။
ပညာရေးသည် တော်လှန်ရေးနှင့် ကုန်ထုတ်လုပ်မှုအတွက် (၁၉၄၉ – ၁၉၇၆)
၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးစ ကွန်မြူနစ်ပညာရေးစနစ်ရဲ့ အဓိကဦးတည်ချက်က “လူတန်းစားတိုက်ပွဲ” နှင့် “ဆိုရှယ်လစ်နိုင်ငံတော် တည်ဆောက်ရေး” ဖြစ်ပါတယ်။ မော်စီတုန်းခေတ် ပညာရေးဟာ ဝါဒဖြန့်ချိရေးနဲ့ လက်တွေ့ကုန်ထုတ်လုပ်မှုအပေါ်မှာပဲ အခြေခံခဲ့တယ်။ ပညာရေးဟာ အရင်းရှင်လူတန်းစားတွေရဲ့ အခွင့်ထူးခံမဖြစ်စေရဘူးဆိုတဲ့ မူဝါဒကြောင့် ကျောင်းသားတွေကို စာသင်ခန်းထဲမှာထက် လယ်ကွင်းတွေ၊ စက်ရုံတွေထဲမှာပဲ အချိန်ကုန်စေခဲ့ပါတယ်။
အဆိုးဝါးဆုံးကတော့ ၁၉၆၆ ကနေ ၁၉၇၆ ခုနှစ်အထိ ၁၀ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ “မဟာယဉ်ကျေးမှုတော်လှန်ရေး” (Cultural Revolution) ကာလပါပဲ။ အဲဒီခေတ်မှာ တရုတ်ပြည်ရဲ့ ပညာရေးစနစ်ဟာ အမှောင်ဆုံးချောက်ကမ်းပါးထဲကို ကျဆင်းသွားခဲ့ရတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (Gaokao) တွေကို လုံးဝဖျက်သိမ်းလိုက်ပြီး တက္ကသိုလ်တွေကို နှစ်နဲ့ချီ ပိတ်ပစ်ခဲ့ပါတယ်။
ပညာတတ်တွေ၊ ဆရာကြီးတွေကို “နဝမမြောက်အညစ်ပတ်ဆုံးလူတန်းစား” (The Stinking Ninth) လို့ သတ်မှတ်ပြီး လူထုအလယ်မှာ အရှက်ခွဲတာ၊ ကျေးလက်တောရွာတွေဆီ ပို့ပြီး လယ်စိုက်ခိုင်းတာတွေ လုပ်ခဲ့တယ်။ အဲဒီခေတ်က ဝိဇ္ဇာပညာရပ် (စာပေ၊ သမိုင်း၊ အတွေးအခေါ်) ဆိုတာ ‘ဖျက်ဆီးပစ်ရမယ့် အရင်းရှင်စနစ်ရဲ့ အကြွင်းအကျန်’ သာ ဖြစ်ခဲ့ပြီး၊ တရုတ်ရဲ့ ရှေးဟောင်းအနုပညာနဲ့ စာပေမြောက်မြားစွာ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ပညာရေးသည် စီးပွားရေးနှင့် နိုးထမှုအတွက် (၁၉၇၈ – ၁၉၉၀ ပြည့်လွန်နှစ်များ)
၁၉၇၆ ခုနှစ်မှာ မော်စီတုန်း ကွယ်လွန်ပြီးနောက် တိန့်ရှောင်ဖိန် တက်လာတဲ့အခါ တရုတ်ပြည်ဟာ မျက်မှောက်ကမ္ဘာကို ရင်ဆိုင်ဖို့ မျက်လုံးပွင့်လာခဲ့ပါတယ်။ တိန့်ရှောင်ဖိန်ဟာ တံခါးဖွင့်ဝါဒ (Open Door Policy) နဲ့အတူ “လေးရပ်ခေတ်မီဆန်းသစ်ရေး” (Four Modernizations) ကို ကြေညာခဲ့တယ်။ အဲဒီအထဲမှာ သိပ္ပံနဲ့ နည်းပညာ ခေတ်မီဆန်းသစ်ရေးဟာ နိုင်ငံတော်ရဲ့ အသက်သွေးကြော ဖြစ်လာပါတယ်။
တိန့်ရှောင်ဖိန်ဟာ ပထမဆုံးခြေလှမ်းအနေနဲ့ ဖျက်သိမ်းထားတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (Gaokao) ကို ၁၉၇၇ မှာ ချက်ချင်းပြန်စည်ပင်စေခဲ့တယ်။ အဲဒီအချိန်က စာမေးပွဲပြန်ဖြေခွင့်ရတဲ့ လူငယ်တွေဟာ ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့ကြရပါတယ်။ တိန့်ရှောင်ဖိန်ရဲ့ နာမည်ကျော်စကား ရှိပါတယ်။ “ကြောင်ဖြူဖြစ်ဖြစ် ကြောင်မည်းဖြစ်ဖြစ် ကြွက်မိဖို့ပဲ လိုတယ်” ဆိုသလိုပါပဲ၊ ပညာရေးဟာ နိုင်ငံရေးအရောင်အသွေးထက် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဖြစ်ရမယ်လို့ လမ်းညွှန်ခဲ့ပါတယ်။
အဲဒီခေတ်မှာ တရုတ်ကျောင်းသား ထောင်ပေါင်းများစွာကို အနောက်နိုင်ငံတွေဆီ ပညာတော်သင် စေလွှတ်ခဲ့ပြီး အင်ဂျင်နီယာ၊ စီးပွားရေးနဲ့ နည်းပညာရပ်တွေကို အရှိန်အဟုန်နဲ့ သင်ယူစေခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဝိဇ္ဇာဘာသာရပ်တွေလည်း လွတ်လပ်ခွင့် ပြန်ရလာပြီး အနောက်တိုင်းစာပေနဲ့ အတွေးအခေါ်တွေကို တရားဝင် ပြန်လည်ဘာသာပြန် သင်ကြားခွင့် ရလာခဲ့ပါတယ်။
၂၁ ရာစု ပညာရေး – ကမ္ဘာ့စူပါပါဝါ အဖြစ်ယှဉ်ပြိုင်ခြင်း
ယနေ့ခေတ် တရုတ်ပြည်ရဲ့ ပညာရေးကတော့ တိန့်ရှောင်ဖိန်ခေတ်ကထက် ပိုမိုကျယ်ပြန့်နက်ရှိုင်းလာပြီး ကမ္ဘာ့ထိပ်တန်းဖြစ်ရေးကို ဦးတည်လာပါတယ်။ အထူးသဖြင့် STEM (Science, Technology, Engineering, Math) ဘာသာရပ်တွေဖြစ်တဲ့ AI၊ ကွန်ပျူတာသိပ္ပံ၊ ကွမ်တမ်နည်းပညာ၊ အာကာသသိပ္ပံ စတာတွေကို ကမ္ဘာ့အဆင့်မီဖြစ်အောင် ဘတ်ဂျက်တွေ ဘီလီယံနဲ့ချီ ပုံအောပေးနေတာ ဖြစ်ပါတယ်။
ဒီနေရာမှာပဲ “ဝိဇ္ဇာဘာသာရပ်တွေ မသင်တော့ဘူး” ဆိုတဲ့ ကောလာဟလက စတင်တာ ဖြစ်ပါတယ်။ တရုတ်ပညာရေးဝန်ကြီးဌာနဟာ ဘွဲ့ရပြီးရင် အလုပ်အကိုင်ရရှိမှုနှုန်း အလွန်နည်းပါးတဲ့၊ သို့မဟုတ် ခေတ်မမှီတော့တဲ့ မေဂျာအချို့ကို တက္ကသိုလ်အချို့မှာ ပိတ်သိမ်းခိုင်းတာ သို့မဟုတ် လျှော့ချခိုင်းတာမျိုး ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
တကယ်တော့ ပိတ်သိမ်းလိုက်တဲ့အထဲမှာ ခေတ်နောက်ကျနေတဲ့ ဝိဇ္ဇာမေဂျာအချို့ ပါသလို၊ တစ်ဖက်မှာလည်း ခေတ်မမှီတော့တဲ့ ကွန်ပျူတာပရိုဂရမ်အဟောင်းတွေ၊ အင်ဂျင်နီယာဘာသာရပ်ဟောင်းတွေလည်း အများကြီး ပါဝင်ပါတယ်။ ဒါဟာ ဝိဇ္ဇာကို မုန်းလို့မဟုတ်ဘဲ၊ အပြောင်းအလဲမြန်တဲ့ ၂၁ ရာစု အလုပ်အကိုင်ဈေးကွက်နဲ့ ကိုက်ညီအောင် “ပြုပြင်ပြောင်းလဲမှု” (Restructuring) လုပ်နေတာ ဖြစ်ပါတယ်။
ဝိဇ္ဇာပညာရပ်နှင့် သိပ္ပံပညာရပ်တို့ ဖက်လဲတကင်း ပေါင်းစပ်ကြပုံ (The Digital Humanities)
ကျနော့်မိတ်ဆွေက ကျွန်တော် ရှင်းပြတာကို နားထောင်ပြီး သက်ပြင်းတချက် ချပါတယ်။ ဒါပေမဲ့ သူ့မျက်နှာက သံသယတိမ်တိုက်တွေကတော့ အကုန်လုံး လွင့်စင်မသွားသေးပါဘူး။ “ဆရာ ပြောတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဝိဇ္ဇာနဲ့ သိပ္ပံဆိုတာ ဆီနဲ့ရေလိုပဲ မဟုတ်လား။ ဒါတွေကို ဘယ်လိုလုပ် ပေါင်းစပ်လို့ ရမှာလဲ ဆရာ” တဲ့။
ဟုတ်ပါတယ်။ ကျနော်တို့ အစဉ်အလာအရ တွေးခဲ့ကြတာက ဝိဇ္ဇာသမားဟာ စာအုပ်ပုံကြီးထဲမှာပဲ နစ်မြုပ်နေရမယ်၊ သိပ္ပံသမားဟာ ဓာတ်ခွဲခန်းထဲမှာပဲ ထိုင်နေရမယ်လို့ ထင်ခဲ့ကြတာကိုး။ ဒါပေမဲ့ ဒီနေ့ခေတ် တရုတ်ပြည်ရဲ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေဖြစ်တဲ့ ပေကျင်းတက္ကသိုလ် (Peking University) နဲ့ တဆင်းဟွာတက္ကသိုလ် (Tsinghua University) တို့လို နေရာမျိုးမှာတော့ ဒီတံတိုင်းကြီးဟာ ပြိုပျက်သွားခဲ့ပါပြီ။ သူတို့က ဝိဇ္ဇာဘာသာရပ်တွေကို ဖျက်ဆီးတာမဟုတ်ဘဲ သိပ္ပံနည်းပညာရဲ့ ‘ဓားသွေး ကျောက်”ကို အသုံးပြုပြီး ဝဇ္ဇာဘာသာရပ်တွေကို သွေးပေးလိုက်တာ ဖြစ်ပါတယ်။သူတို့ ဘယ်လိုအသေးစိတ် ပေါင်းစပ်လိုက်ကြသလဲဆိုတာ ကြည့်ကြစို့—
ဘာသာဗေဒ (Linguistics) နှင့် ဉာဏ်ရည်တု (AI) မိတ်ဖွဲ့ကြခြင်း
အတိတ်ကာလက သဒ္ဒါစည်းမျဉ်းတွေကို စာအုပ်ကြီးအတိုင်း အလွတ်ကျက်ခဲ့ရတဲ့ ဘာသာဗေဒဟာ ယခုအခါ Computational Linguistics (ကွန်ပျူတာသုံး ဘာသာဗေဒ) အဖြစ် ပြောင်းလဲသွားပါတယ်။ ကျောင်းသားတွေဟာ လူသားတွေရဲ့ ဘာသာစကား သဘာဝကို လေ့လာရုံတင်မကဘဲ၊ အဲဒီဘာသာစကားကို ကွန်ပျူတာတွေ၊ စက်ရုပ်တွေ နားလည်အောင် ဘယ်လို “ကုဒ်” (Code) ရေးပြီး ထည့်သွင်းရမလဲဆိုတဲ့ Natural Language Processing (NLP) နည်းပညာကိုပါ တွဲဖက်သင်ယူကြရပါတယ် ။ ကျွန်တော်တို့ သုံးနေတဲ့ ဘာသာပြန် Application တွေ၊ စကားပြောစက်ရုပ် (Chatbots) တွေဟာ ဒီပေါင်းစပ်မှုရဲ့ လက်တွေ့ကျကျ ရလဒ်တွေပဲ ဖြစ်ပါတယ်။
သမိုင်း၊ ရှေးဟောင်းသုတေသနနှင့် အချက်အလက်သိပ္ပံ (Big Data & 3D Mapping)
သမိုင်းသင်ရိုးတွေကို သိပ္ပံနည်းကျ Big Data (အချက်အလက်အစုအဝုံကြီး) တွေနဲ့ ပေါင်းစပ်လိုက်ပါပြီ။ ဥပမာ- တရုတ်ပြည်ရဲ့ ရှေးဟောင်း ‘ပိုးလမ်းမကြီး’ (Silk Road) ကြောင်းကို လေ့လာတဲ့အခါ ကျောင်းသားတွေဟာ Geographic Information Systems (GIS) နည်းပညာတွေ၊ 3D Laser Scanning တွေနဲ့ ရှေးဟောင်းနေရာတွေကို ဒီဂျစ်တယ်စနစ်နဲ့ ပြန်လည်ပုံဖော်ကြရတယ် ။ ဒါ့အပြင် ရာစုနှစ်ပေါင်းများစွာက ကုန်သွယ်မှုမှတ်တမ်းတွေကို ကွန်ပျူတာ Algorithm တွေ သုံးပြီး ခွဲခြမ်းစိတ်ဖြာကာ သမိုင်းရဲ့ လမ်းကြောင်းကို သိပ္ပံနည်းကျ တွက်ချက်ဖော်ထုတ်လာကြပါတယ်။
အတွေးအခေါ်ပညာ (Philosophy) နှင့် နည်းပညာဆိုင်ရာ ကျင့်ဝတ် (Tech Ethics)
AI နည်းပညာတွေ၊ မျိုးဗီဇပြုပြင်တဲ့ သိပ္ပံနည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့အခါ တရုတ်ပြည်ရဲ့ တက္ကသိုလ်တွေမှာ အတွေးအခေါ် မေဂျာတွေကို သီးသန့် ကွန်ူးဖူးရှပ်ဝါဒလောက်ပဲ သင်တော့တာ မဟုတ်ဘဲ သိပ္ပံမေဂျာတွေနဲ့ ပေါင်းစပ်ပြီး Bioethics (ဇီဝကျင့်ဝတ်) နှင့် AI Ethics (ဉာဏ်ရည်တုဆိုင်ရာ ကျင့်ဝတ်) ဘာသာရပ်တွေကို မဖြစ်မနေ သင်ကြားစေပါတယ်။ ကွန်ပျူတာသိပ္ပံပညာရှင်တစ်ယောက်ဟာ ကုဒ်တွေ ဘယ်လောက်ပဲ ကောင်းကောင်း ရေးတတ်ပါစေ၊ လူသားမျိုးနွယ်အပေါ် ထားရှိရမယ့် အတွေးအခေါ်နဲ့ ကျင့်ဝတ် (Philosophy) မရှိရင် အန္တရာယ်ရှိတာမို့ ဝိဇ္ဇာအခြေခံကို သိပ္ပံပညာရပ်ထဲကို မဖြစ်မနေ သွေးနှောထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။
စာပေနှင့် အနုပညာကို ဒီဂျစ်တယ်စနစ်ဖြင့် ဖန်တီးခြင်း (Digital Arts)
အနုပညာနဲ့ စာပေမေဂျာတွေမှာလည်း ပန်းချီဆွဲတာ၊ ဝတ္ထုရေးတာ သက်သက်တင် မဟုတ်တော့ပါဘူး။ Virtual Reality (VR)၊ Augmented Reality (AR) စတဲ့ နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ဒီဂျစ်တယ်အနုပညာ ဖန်တီးမှု သင်ရိုးတွေကို အစားထိုးလာပါတယ်။ ကျောင်းသားတွေဟာ ဂန္ထဝင်စာပေတွေကို လေ့လာပြီးရင် အဲဒီစာပေရဲ့ အနှစ်သာရကို ကွန်ပျူတာဂိမ်းတွေ၊ VR ကမ္ဘာတွေအဖြစ် ပုံဖော်ဖန်တီးနိုင်တဲ့အထိ ဝိဇ္ဇာဉာဏ်နဲ့ သိပ္ပံလက်ရာကို ပေါင်းစပ်ရပါတယ် ။
မော်စီတုန်းခေတ်က ပညာရေးဟာ “နိုင်ငံရေးဝါဒ” အတွက် ဖြစ်ခဲ့ပြီး၊ တိန့်ရှောင်ဖိန်ခေတ်မှာ “စီးပွားရေးဖွံ့ဖွိုးမှု” အတွက် ဖြစ်ခဲ့ကာ၊ ယနေ့ခေတ်မှာတော့ “လက်တွေ့ကျမှုနှင့် နည်းပညာစိုးမိုးမှု” အတွက် ဖြစ်လာပါတယ်။
ကျနော့် မိတ်ဆွေရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်ပါတယ်။ “ ဟေ့လူရေ … ဝိဇ္ဇာနဲ့ သိပ္ပံဆိုတာ တကယ်တော့ အတောင်ပံနှစ်ဖက်လိုပါပဲ။ ဝိဇ္ဇာမပါတဲ့ သိပ္ပံဟာ နှလုံးသားမရှိတဲ့ စက်ရုပ်ကြီးလို ခြောက်ကပ်ကပ်နိုင်လှပြီး၊ သိပ္ပံမပါတဲ့ ဝိဇ္ဇာကတော့ ခေတ်သစ်ကမ္ဘာမှာ လက်တွေ့အသုံးမကျဘဲ လေထဲမှာ တိမ်တိုက်ဖမ်းနေသလို ဖြစ်နေတတ်တယ်။ တရုတ်ပြည်က အခုလုပ်နေတာက အဲဒီအတောင်ပံနှစ်ဖက်စလုံးကို တစ်ပြိုင်နက်တည်း ခတ်ပြီး ပျံသန်းနိုင်အောင် သင်ရိုးတွေကို ပေါင်းစပ်ပေးလိုက်တာပါပဲ။”
စာပေ၊ သမိုင်းနဲ့ အတွေးအခေါ်ဆိုတာ လူသားမျိုးနွယ် ရှိနေသရွေ့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ တရုတ်ပြည်ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုဟာ ဝိဇ္ဇာကို နှင်ထုတ်တာ မဟုတ်ဘဲ၊ ဝိဇ္ဇာနဲ့ သိပ္ပံကို ‘မိတ်ဖွဲ့” ပေးလိုက်တဲ့ ခေတ်သစ် ပညာရေးတော်လှန်ရေးတခု သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
MT(VOM)
Ref:
[၁] Spence, Jonathan D. (1990): The Search for Modern China.
[၂] Vogel, Ezra F. (2011): Deng Xiaoping and the Transformation of China.
[၃] CGTN သတင်းဆောင်းပါးများ
