သူတို့အိမ် အခန်း (၁၆၆)

ဆူးငှက်

အင်းကြီး တောင်သမန်
—————————-

“အင်းအိုင်ဝိုက်လည်၊ မြို့ ကြီးတည်ပြန်
၁၁၄၄ ခုနှစ်က၊ အမရပူရရွှေနိုင်ငံ …
ရေချိုတွင်းနဲ့ ပျံ့နန်းလှန် …
ရွှေဘိုမင်းဆက် မှန်နန်းစံ …
မြတ်ဘိုးတော် သူစီမံ ၊ အင်းကြီးတောင်သမန် …” တဲ့ လေ …။

နန်းတော်ရှေ့ဆရာတင်က တောင်သမန်ကို ဖွဲ့ခဲ့သည်။ တကယ်တော့ တောင်သမန်က နန်းတော်ရှေ့ ဆရာတင်မှသာ မဟုတ်။ ရှေးရှေးကတည်းက စာဆိုများ မျက်စိကျစရာနေရာ ဖြစ်ခဲ့ပါ၏။ စာဆိုအနုပညာရှင်များက တောင်သမန်ကို ရင်သပ်ရှုမောခဲ့ကြသည်။ မြန်မာပြည်အပူပိုင်းဒေသတွင်းမှ လယ်ယာဥယျာဉ်၊ ချောင်းမြောင်း၊ အင်းအိုင်၊ သစ်ရိပ်ဝါးရိပ်၊ ကျေးငှက် သာရကာ၊ ရေပျော်ငါး။ သာသနိကဆိုင်ရာ ဗိသုကာ ၊ ထို့်နောက် ကျွန်းသစ်တံတားကြီး။

ထို့ကြောင့် မင်းသားမောင်ကုတ်တေးက “ဇမ္ဗူခွန်ယူ ဝှန်ဆူဖြန့်မိုး၊ အုန်းပင် အုန်းခြိမ့် စိုးပါလို့လေး၊ သာမျိုး သာမျိုး ခြံရံ၊ တောင်တည့် တောင်သမန်” ဟု ဖွဲ့ဆိုခဲ့သည်။ ဗျသီဆယ်ရွာစား ဦးလွန်းပြေကမူ “ကဆုန် နယုန်ချိန်ခါ၊ ပြည်ကြီးတောင်လက်ျာ၊ သောင်းယူဇနာကျယ်ဝင်း၊ တောင်သမန်တည့်အင်း” ဟု ဖွဲ့နွဲ့ ခဲ့ပြန်၏။ ပြင်စည် မင်းသားကြီးကလည်း “တောင်ဂန္ဓမာနန္ဒမူချာ၊ မဉ္ဇူမာလာ၊ သင်း ပျံ့မွှေး၊ နတ်ကယ်ဖန် ကန်မင်းကဖွေး၊ ငါးမည်ရွှေကြာ၊ လေသာ ပျံ့သွေး …” ဟု သီ ကုံးခဲ့ပြန်သည်။ ကိုင်း ထားပါတော့။ ပြင်စည် မင်းသားကြီးအစ နန်းတော်ရှေ့ ဆရာတင်အလယ် ကဗျာဆရာ မောင်သင်းပန်အဆုံး တောင်သမန်အင်းနှင့် တောင်သမန် ဝန်းကျင်က စာသီဖွဲ့လို့ မဆုံးနိုင်တော့။

တောင်သမန်နှင့် တောင်လေးလုံး
————————————

တကယ်တော့ သဘာဝပတ်ဝန်းကျင်အလှများကို စာဆိုအနုပညာ သမားများက ဘဝနှင့်ထပ်ပြီး ချစ်ခင် မြတ်နိုးခဲ့ကြသည်။ သည်နေရာများနှင့် ထိတွေ့ဆက်စပ်ပြီး အနုပညာဉာဏ်တု့ိ ကွန့်မြူးရှင်သန်ခဲ့ကြ၏။ အခု တောင်သမန် ဝန်းကျင်နေရာမှာ နွေအခါ ယာတောကိုင်းတော စမ်းရေ၊ တောင်လေသွေး နှင့် တံတားဦးပိန်အပေါ် လမ်းလျှောက်ဖို့.။ မိုးအခါ ကမ်းစပ်မယ်ဇယ်တန်းအခြေ၊ အင်းရေပုတ်ခတ်ပြီး ရှစ်မျက်နှာရေပြင်ထက် အုံ့မှိုင်းမိုးသား၊ စွေဖွဲမိုးစက်ကြား၊ ဦးပိန်တံတား ချစ်သူလက်နွေး ကိုယ့်လက်နွေးစေဖို့။ ဆောင်းအခါ ပိန်းပိတ်နှင်းထုထဲ၊ လယ်တဲ မီးခိုးငွေ့လူ၊ တောင်သူ ယာအသွား၊ နွားငေါက်သံ ခြူသံများ ယိမ်းနွဲ့တံတားအိုပေါ်က သဲ့သဲ့ကြားစေဖို့။

ဒါကတော့ သာမန်ခံစားတတ် သူတွေအတွက်သာပေါ့။ ဒါပေမယ့် မန္တလေးသား ရသစာပေ ထိတွေ့ခံစားသူများ ကတော့ ထိုထို တောင်သမန် အလှများထက် ဦးပိန်တံတားထိပ် တောင်သမန်အင်းစောင်းက တောင်လေးလုံး ကျောင်းတိုက်၊ စာရေးဆရာ ကိုပညာ (အမရပူရ)၊ ဝက်သားဟင်းလေးချက် တို့၏ အဝန်းအဝိုင်းကို ပိုမိုမက်မောကြသည်။

ကျွန်တော်တု့ိစာပေနှင့် စတင်ထိတွေ့ ကြစဉ်က ဘာရှိဦးမှာလဲ ။ ၁၉၇၀ ကျော်ဝန်းကျင်ကာလပေါ့။ ၁၉၇၅ ဆိုပါမှ လူပျိုပေါက်အရွယ်သာသာ။ ကျွန်တော်တို့မျိုးဆက်က “လူထု” အရိပ်ကို မမှီခဲ့။ “ဟံသာဝတီ” စနေစာပေဝိုင်း၊ တနင်္ဂနွေနေ့ စာပေယဉ်ကျေးမှုအချပ်ပို အရိပ်ခိုခဲ့ရသည်။ ၁၉၇၂ နိုင်ငံတကာ စာအုပ်နှစ် အထိမ်းအမှတ် ဓမ္မဗိမာန် စာတမ်းဖတ်ပွဲ နောက်ဆုံးထားပြီး အထက် ဗမာနိုင်ငံစာရေးဆရာအသင်း၏ နတ်တော်လဆန်း ၁ ရက် စာဆိုတော်နေ့အခမ်းအနားများ၏ လက်ဆင့်ကမ်း အမွေဟုလည်း ဆိုရမည်။

ထိုစဉ်ကာလ မန္တလေးစာပေအရပ်အဝန်းမှာက “ဆင်ကြီး” များချည်းဖြစ်သည်။ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ပါမောက္ခချုပ် ဦးကျော်ရင်၊ ဦးဆန်းထွန်း (မန်းတက္ကသိုလ်)၊ ဦးချမ်းမြ (မြကေတု)၊ ကြည်မြ၊ ရွှေသွေး၊ ဒေါက်တာထွန်းရွှေ၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ သိန်းသန်းထွန်း၊ မောင်မိုးသူ၊ တက္ကသိုလ်မောင်စောလွင်၊ မောင်သစ်လွင်(လူထု)၊မောင်သိန်းနိုင်၊ တက္ကသိုလ်မောင်ထွန်းေ၀ စသည် စသည်။ လူကြီးပိုင်းအနေနှင့်က ကျောက်စာဝန်ဦးမြ၊ စစ်ကိုင်းဦးဘိုးသင်း၊ ရွှေဥဒေါင်း၊မြမျိုးလွင်၊ ရွှေကိုင်းသား စသည် စသည် ။ ကိုင်း … နည်းတဲ့ အင်အားလားလေ။

 

ဝက်သားဟင်းလေး၊ ကိုပညာနှင့် တောင်လေးလုံး
—————————————————-

ထိုသို့သော ပုဂ္ဂိုလ်ကျော်ကြီးများနှင့် ဆက်စပ် ပတ်သက်နေလေသော မန္တလေးစာပေအဝန်းအဝိုင်း အရိပ်အောက် ကြီးပြင်းရသည်ဟူသော ဒုလ္လဘတရား နှင့် ဂုဏ်ပုဒ်က အလွန်ကြီးမားလှသည်။ ထို့ကြောင့် စာကလေး၊ ပေကလေး လက်လှမ်းမီသလောက် ဖတ်ရှုလေ့လာဖြစ်သောအခါ “တရားမင်” လေသောကြောင့် “ပုဂ္ဂိုလ်ခင်” ချင်လာမိသည်ကလည်း လူ့ဓမ္မတာဖြစ်ပါ၏။ ထို့ကြောင့် မန္တလေးစာပေအဝန်းအဝိုင်းအနား တိုးကပ်သထက် တိုးကပ်၊ နားစွင့်မိလေသောအခါ ထိုစဉ် (၁၉၇၅ ဝန်းကျင်) အခါသမယက “ဦးဇင်း ကိုပညာကျောင်း”၊ “တောင်လေးလုံးကျောင်း” “ဝက်သားဟင်းလေးချက်” ဆိုသည့် စကားသံတွေ ခပ်စိပ်စိပ်ကြားလာရ၏။ ထိုစဉ်က တောင်သမန်အင်းစောင်း ကျောက်ခေတ်သစ်ယဉ်ကျေးမှုအသစ် တူးဖော်တွေ့ရှိမှုများအရ မန္တလေးတက္ကသိုလ် သမိုင်းပညာရှင်များအကြားလည်း ထိုစကားသံတွေ ကြားရသည်။

ထို့ပြင် ရှေးဟောင်း ပေစာပုရပိုက်များနှင့် ပတ်သက်၍ ဆရာတော်ရွှေကိုင်းသားပြီးနောက် ထိတွေ့ နှံ့စပ်နိုင်သည့် နေရာအဖြစ်လည်း တက္ကသိုလ်မြန်မာစာဌာန အဝန်းအဝိုင်းကြားမှာ ထိုအသံတွေကြားရပြန်သည်။ ကျွန်တော်က ရှေးဟောင်းသုတေသနကို ဝါသနာထုံသည့်အပြင် မြန်မာမှုပန်းချီပန်းပုများကိုလည်း မြတ်နိုးလေတော့ ဆရာ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)တို့၊ ကိုဝင်းမောင်(တမ္ပဝတီ)တို့နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုရယူ ချဉ်းကပ်လေသောအခါ ထိုထိုဆရာများထံမှလည်း ဝက်သားဟင်းလေး၊ တောင်လေးလုံးကျောင်း၊ ကိုပညာ(အမရပူရ)ဟူသည့် စကားလုံးများ ကိုသာ အခါမလပ် ကြားသိလာရသည်။ နာမည်ကျော်စာရေးဆရာ သတင်းစာဆရာကြီး အိုးဝေဦးညိုမြကလည်း ဝါခေါင်လဆန်း တောင်ပြုန်းပွဲအခါသမယကို အကြောင်းပြုပြီး အမရပူရတောင်သမန်အင်းစောင်း၊ တောင်လေးလုံးကျောင်း မှာ ရက်ရှည်လများ ကျောက်ချနေထိုင်သည့်သကာလ မန္တလေးစာပေအဝန်းအဝိုင်းနှင့် တောင်လေးလုံးကျောင်းတိုက်ကြား လွန်းထိုးထိစပ်မှုတွေ များပြားနေသည့်သဘောလည်း ဖြစ်ပါ၏။

ဒီတော့ စာရူးပေရူး ကျွန်တော့်အဖို့ တောင်သမန်တောင်လေး လုံးကျောင်းသို့ ခြေချချင်လာ၏။ ဆရာတော် ကိုပညာ(အမရပူရ)ကို တွေ့ဖူးချင်လာ၏။ ဝက်သားဟင်းလေးအိုးချက်ကို မြည်းစမ်းချင်လာ၏။ စာရေးဆရာများနှင့် မယ်ဇယ်ပင်ရိပ်မှာ ဝိုင်းဖွဲ့ကာ စာပေစကားကြားနာချင်လာ၏။ စာရေးဆရာများနှင့် ဦးပိန်တံတားတစ်လျှောက် လမ်းလျှောက်ကာ ကဗျာသံ စာသံတွင် ရင်ခုန်ချင်လာ၏။ သို့သော် ထိုအာသီသများက ရင်ထဲမှာပဲ သိမ်းထားရသည့် “အုံ့ပုန်း”များပဲ ဖြစ်ပါသည်။ နှုတ်မှ မထုတ်ဖော်ဝံ့။ ဘယ့်နှယ် မလောက်လေး မလောက်စားက ရာရာစစဟု မျက်မှောင်ကျုံ့ ကြချေမည်။ သို့သော် ထိုအာသီသများကား လျော့ပါးသွားခြင်း မရှိလေပဲ တိုး၍တိုး၍သာ ဖြစ်ပေါ်လာလေပြီ။

တကယ်တော့ တောင်သမန်အင်းနှင့် ဦးပိန်တံတားဆီသို့ မရောက်ဖြစ်ဖူးဆိုလျှင်ပင် တစ်နှစ် နှစ်ခေါက်တော့ ရောက်ဖြစ်သည်။ မန္တလေးသားတွေဆိုတော့လည်း သည် လေး ငါး ဆယ်မိုင်ခရီးကို စက်ဘီးကိုယ်စီနှင့် သွားရခြင်းက အရသာထူးလည်း ဖြစ်သည်။ ဤသို့ဖြင့် ၁၉၇၅ နှင့် ၁၉၈၀ ကျော်ကာလ တောင်သမန်အပျော်ခရီးတွေ မတူလေတော့တာ သေချာသည်။ ၁၉၈၀ ကျော်ကာလမှာ မယ်ဇယ် ပင်တွေအောက် စားဖို့သောက်ဖို့ ဝိုင်းဖွဲ့ဖို့၊ တံတားပေါ်လျှောက်ဖို့ အပျော်ငှက်လှေ စီးဖို့ ဆိုတာတွေထက် တောင်လေးလုံးကျောင်းဆိုတာ၊ ကိုပညာ(အမရပူရ)ဆိုတာ ကိုပဲ အာရုံရောက်နေသည်။ ဘယ်နေရာဆိုတာသည်ပင်လျှင်မသိ။ ရောက်ဖူး၊ ဝင်ဖူး၊ တွေ့ဖူး၊ ကြုံဖူးချင်သော်လည်း အကြိမ်ကြိမ် မျိုသိပ်ချုပ်တည်း ရသည့် ဆန္ဒများပဲ ဖြစ်ခဲ့သည်။

 

စာရေးဆရာကြီးများနှင့် တောင်လေးလုံး
——————————————–

ဤသို့ဖြင့် ထိုထိုဆန္ဒတွေက ၁၉၈၅ ခုနှစ် ဝန်းကျင်မှပဲ ပြည့်တော့ သည်။ ၁၉၈၄ ခုနှစ် မန္တလေးဦးကျားကြီးဝင်း မီးကြီးလောင်အပြီး မန္တလေးအရှေ့ မြောက်မြို့နယ် စာပေလုပ်သားအဖွဲ့ အစီအစဉ်အဖြစ် မြို့လယ်ဓမ္မသာလာခန်းမ မှာ စာပေဟောပြောပွဲကျင်းပသည်။ ဆရာမြသန်းတင့်၊ ဆရာမခင်ဆွေဦး၊ ဆရာတင်မိုး၊ ဆရာဝင်းခက်တို့ ဖြစ်သည်။ သည်ဟောပြောပွဲ အခမ်းအနားမှာ ကျွန်တော့်အစ်မဖြစ်သူ ဒေါ်ခင်ဝင်းနွယ်က မန္တလေးရိုးရာယဉ်ကျေးမှုအစဉ်အလာအရ တပင်တိုင်အကဖြင့် ဖွင့်လှစ်ရန် တာဝန်ယူခဲ့သည်။ ဆိုပါတော့ ဤစိန်နားကပ်အရောင်ဖြင့် ကျွန်တော်သည် အစ်မနောက်က လိုက်ပါရင်း စာရေးဆရာကြီးများနှင့် နီးကပ်ခဲ့ရသည်။

နောက်နေ့ စာရေးဆရာကြီးတွေကို တောင်လေးလုံး ကျောင်းတိုက်နှင့် တောင်သမန်အင်း၊ ဦးပိန်တံတားများသို့ လိုက်ပို့ရာတွင် “အမြှောင်” လိုက်ခွင့်ရပါ၏။ တောင်လေးလုံး ကျောင်းတိုက်သို့ ရောက်ပါ၏။ ကိုပညာ(အမရပူရ)ကို ဖူးတွေ့ရပါ၏။ နာမည်ကျော် ဝက်သား ဟင်းလေးချက်၊ ငရုပ်သီးကြော်၊ ပဲနှပ်၊ မှန်ရောင်ဟင်းချိုများနှင့် ထမင်းလက်ဆုံ စားကြရပါ၏။ အောင်ခြင်းရှစ်ပါးဓမ္မာရုံထဲ နှီးချောဖျာကြီးတွေပေါ် စာရေးဆရာ၊ ဆရာမကြီးများနှင့် နီးကပ်စွာထိုင်ရင်း စာစကား၊ ကဗျာစကားတွေကြားနာရပါ၏။ ဦးပိန်တံတားတစ်လျှောက် ကျောက်တော်ကြီးဘုရားအထိ အသွားအပြန် လမ်းလျှောက်ရင်း ဆရာ၊ ဆရာမများနှင့် နီးကပ်ခဲ့ရပါ၏။ ကျွန်တော် တောင်လေးလုံးကျောင်းတိုက် နှင့် ကိုပညာ(အမရပူရ)တို့၏ အံ့မခန်းအေးမြသော စာရိပ်ပေရိပ်ကို အဲဒီကတည်းက စွဲလမ်းခဲ့ပါလေတော့သည်။ အေးမြ အဖိုးတန်ပါလေဘိ။

ကျွန်တော်ကား ကုန်လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝန်းကျင် ကာလအတွင်း တောင်လေးလုံးကျောင်းတိုက်သို့ အကြိမ်ကြိမ်ရောက်လေတိုင်း ၁၉၈၅ခုနှစ်က ပထမဆုံးရောက်ခဲ့ဖူးသော “တောင်လေးလုံးပီတိ” ကို သတိတရ လွမ်းဆွတ်မှုက အသစ်အသစ်ဖြစ်နေရဆဲ။

 

ဆရာကြီး ဆရာမကြီးများနှင့် တစ်နေ့တာ
———————————————-

၁၉၈၅ခုနှစ် ဒီဇင်ဘာလတွင် အရှေ့မြောက်မြို့နယ် စာပေလုပ်သားအဖွဲ့က ကြီးမှူးကျင်းပသည့် စာပေ ဟောပြောပွဲသို့ ကြွရောက် ဟောပြောကြသည့် ဆရာတင်မိုး၊ ဆရာမြသန်းတင့်၊ ဆရာ ဝင်းခက်၊ ဆရာမ ခင်ဆွေဦးတို့နှင့်အတူ တောင်သမန် တောင်လေးလုံးကျောင်းတိုက်သို့ ပထမဆုံးရောက်ဖူးခြင်းသည် ကျွန်တော့်အတွက် အလွန်အဖိုးတန်သည့် အတွေ့အကြုံကို ရရှိခဲ့သည်။ တောင်လေးလုံးကျောင်းတိုက်တွင် ဒေါ်ဒေါ်လူထုဒေါ်အမာ၏ မွေးနေ့ပွဲများကို နိုဝင်ဘာလ ၂၉ရက်နေ့တိုင်း ကျင်းပရာ ထိုပွဲများသို့ ဆရာညီပုလေးက ဖိတ်ကြားသော်လည်း ကျွန်တော် မတက်ရောက်ဝံ့ခဲ့ပါ။ အခြားပွဲများကိုလည်း ဆရာညီပုလေးက ဆရာရဲသျှမ်းကတဆင့် ဖိတ်စာများဖြင့် ဖိတ်ကြားသော်လည်း ကျွန်တော် မတက်ရောက်ရဲခဲ့ပါ။ ယခုမှသာ ကျွန်တော့် အစ်မနောက်က လိုက်ပါ ရောက်ဖူးခဲ့ခြင်း ဖြစ်ပါသည်။

 

စာရေးဆရာနှင့် သူ့အမြင်ကိုယ့်အမြင်
—————————————–

ထိုနေ့က ဆရာတော်ဦးပညာ ကျွေးမွေးသော ဝက်သား ဟင်းလေးနှင့် ထမင်းစားကြပြီးနောက် ကျောင်းဝင်းအတွင်းက အောင်ခြင်းရှစ်ပါး ဓမ္မာရုံတွင် ဆရာတော်နှင့် စကားဝိုင်း ဖွဲ့ကြသည်။ စကားဝိုင်းဖွဲ့ အပြီး ဆရာမခင်ဆွေဦးက နန်းတော်ရှေ့ဆရာတင်၏ မြနန္ဒာ သီချင်းကို သီဆိုပြီး မမခင်ဝင်း က ကပြသည်။ ထို့နောက် ဧည့်သည် ဆရာဆရာမများနှင့် အတူ တောင်သမန်ဦးပိန်တံတားပေါ် လမ်းလျှောက်ကြ၏။ ထိုအခါ ကျွန်တော်က ဆရာများ ပြောသည့် စကားများကို နားထောင်ချင်လို့ မသိမသာ အနားကပ်ခါ လိုက်သည်။ တံတား၏ အလယ်ဇရပ်ရောက်တော့ ခေတ္တနားကြရင်း စကားပြောကြတော့ မြို့နယ်စာပေလုပ်သား ကော်မီတီဝင် ဆရာမတစ်ဦးက ဆရာမြသန်းတင့်ကို မေးသည်။ ထိုစဉ်က ဆရာသည် ရှုမဝမဂ္ဂဇင်းတွင် ပုံတောင်ပုံညာသွား တောလား အခန်းဆက်ခရီးသွားဆောင်းပါးကို ရေးပြီးပြီ။ ထိုကြောင့် ဆရာမက ထိုဆောင်းပါးများကို တစ်စုတစ်စည်းတည်း ဖတ်ချင်ကြောင်း ပြော၏။

ထိုအခါ ဆရာမြသန်းတင့်က ဆရာမက ဘာ့လို့ ဖတ်ချင်တာလဲ ဟုမေးသောအခါ ဆရာမက သူလည်း ယောဒေသတွင် တွဲဖက် ကျောင်းဆရာမ အဖြစ် နှစ်အတော်ကြာ တာဝန် ထမ်းဆောင်ဖူးသဖြင့် ထိုအတွေ့အကြုံများကို ရေးလိုသဖြင့် ဆရာ့ဆောင်းပါးများ ဖတ်ချင်တာပါဟု ဖြေသည်။ ထိုအခါ ဆရာမြသန်းတင့်က ဆရာမက ရေးမယ်ဆိုရင် ကျွန်တော့်ဆောင်းပါးတွေ မပေးတော့ပါဘူး။ ဘာ့လို့လဲဆိုတော့ ဆရာမက ယောမှာ နှစ်အကြကြီးနေခဲ့တော့ ရေးစရာတွေ အများကြီးရှိမှာပေါ့။ ဆရာမ မြင်တွေ့သလို လွတ်လွတ်လပ်လပ်ရေးပါ၊ ကျွန်တော့်ဆောင်းပါးတွေကြောင့် ဆရာမရေးမယ့် အကြောင်းအရာတွေ အပေါ် ထိခိုက်မှာ လွှမ်းမိုးမှာ ချန်ရစ်မှာမျိုးတွေ မဖြစ်စေချင်ပါဘူး ဒါကြောင့် ကျွန်တော့်ဆောင်းပါးတွေကို မပေးနိုင်ပါဘူးဟု ပြတ်သားစွာ ပြောသည်။ ဆရာမက ဆရာက ယောမှာ ဘယ်နှလ နေခဲ့တာလဲဆရာ ဆိုတော့ ဆရာမြသန်းတင့်က ကျွန်တော်က ယောကို ၃ညအိပ်လောက်ပဲ ဖြစ်မှာပါဟု အေးဆေးစွာ ပြောလိုက်သည်။ ကျွန်တော်က ဆရာမြသန်းတင့်၏ အဖြေများကို သဘောကျရင်း စာပေ၏ အတိမ်အနက် အထူအပါးကို သင်ကြားနာယူလိုက်ရသည်။

နေက ညိုလုပြီ။ ကျွန်တော်တို့လည်း တောင်သမန် ဦးပိန်တံတား အရှေ့ထိပ်အထိ လမ်းလျှောက်ကြဖို့ တိုင်ပင်ဖြစ်သည်။ ထိုစဉ်က တံတားအရှေ့ထိပ်မှာ တောင်သမန်ရွာ ဆီမီးထွန်းရွာနှင့် ထန်းတောရွာလေးပဲရှိသည်။ ထို့နောက် တောင်သမန် ကျောက်တော်ကြီးဘုရားရှိသည်။ မေဃဝတီတောင်သမန်တိုက်၏ ကျောင်းတော် နေရာဟောင်းကြီးရှိသည်။ ဆရာမြသန်းတင့် ဆရာဝင်းခက်နှင့် ဆရာတင်မိုးတို့က မြို့ဝန်ဘိုင်ဆတ်နှင့် မြို့စာရေး မောင်ပိန်အကြောင်း ပြောဆိုနေကြသည်။ ထို့နောက် ပုဂံမင်း လက်ထက် က အကျင့်ပျက် ခြစားမှုများအကြောင်း။ ဆရာမြသန်းတင့်က ဘကြီးတော် ဘုရားလက်ထက် အမရပူရသို့ ကုန်သည်အသွယ်နှင့် ရောက်ရှိလာသောအင်္ဂလိပ်လူမျိုးဟင်နရီဂူဂျာ၏ မှတ်တမ်းအကြောင်းကို ပြောပြသည်။

တစ်ချိန်က ရွှေမြို့တော်
——————————

သူ့မှတ်တမ်းတွင် ”အမရပူရမြို့တော်သည် လမ်းမတော်များမှသာ အုတ်ကြွပ်မိုးသော အိမ်များရှိသည်။ ကျန်အိမ်များကား သစ်သား၊ သက်ငယ်တို့ဖြင့်သာ ဆောက်လုပ်သောအိမ်များ ဖြစ်ကြသည်။ ထိုအိမ်များသည် မပျက်စီးခင်က ရှုချင့်စဖွယ် ဖြစ်လိမ့်မည်။ မြန်မာတို့ထုံးစံအတိုင်း အိမ်များကို ကျွန်းတိုင်စိုက်၍ ဆောက်ကြသည်။ လမ်းဘက် မျက်နှာစာတွင် မြေမှ သုံးပေမြင့်သော အောက်ဆင့် ကြမ်းပြင်ရှိသည်။ ကြမ်းပြင်၏ အနောက်ဖက်တွင် လှေကားရှိသည်။ လှေကားကို တက်၍ အိမ်ခန်းတွင်းသို့ ရောက်နိုင်သည်။ အိမ်ခန်းသည် မြေပြင်နှင့် အလွန်ကွာသဖြင့် အိမ်အောက်တွင် ကျယ်လည်းကျယ်၊ မြင့်လည်းမြင့်၍ ပစ္စည်းသိုလှောင်ရန်နှင့် အခြားကိစ္စများအတွက် အသုံးချသည်။” ဟုပါရှိကြောင်း ဆရာက ပြောပြသည်။

ထို့ပြင် ဟင်နရီဂူဂျာက ”အမရပူရ လမ်းမတော်များသည် ကျယ်၍ သာယာသည်။ လမ်းဘေးဝယ် မန်ကျည်းပင်များ ပေါက်ရောက်လျက် ရှိသဖြင့် အရိပ်ကောင်းများ ရရှိသည်။ အမရပူရ နန်းမြို့တော်သည် အုတ်မြို့ရိုးအတွင်း၌ရှိသည်။ မြို့ရိုးသည် ပြာသာဒ်၊ တန်ဆောင်းတို့ဖြင့် တင့်တယ်၏။ မြို့ရိုးကို ကျုံးဖြင့် ပတ်ရံထားပေ၏။ မြို့တော်သည် ဧရာဝတီမြစ်မှ မိုင်ဝက်ခန့်သာ ကွာဝေး၏။ များစွာသောကုန်သည်၊ ဆင်းရဲသား၊ မြို့သူမြို့သားတို့သည် မြို့တော်နှင့် ဧရာဝတီမြစ်ကြားတွင် နေထိုင်ကြသည်” ဟုလည်း မှတ်တမ်းတင်ထားသည်ဟု သိရ၏။

အမရပူရရွှေမြို့တော်သို့ ရောက်ဖူးကြသော နိုင်ငံခြားသားတိုင်းက မြို့တော်သူမြို့တော်သားတို့၏ အဓိက လက်မှုလုပ်ငန်း ဖြစ်သော ရက်ကန်းလုပ်ငန်းကို သတိပြုမိကြသတဲ့။ ပိုးယက်ကန်းလုပ်ငန်း၏ ဗဟိုဌာနဟုလည်း ဆိုကြသတဲ့။ အိမ်တိုင်းမှာ ယက်ကန်းစင် ရှိကြသတဲ့။ အမရပူရ၏ မြေလမ်းမကြီးဘေးမှာ မျက်စိကိန်းလောက်သော ပိုးထည်မျိုးစုံ၏ ရောင်စုံများကဝင်းလက် နေကြသတဲ့။ နေ့မှာလည်း ရက်ကန်းသံတညံညံ ကြားရသည့်နည်းတူ ညအခါ လသာသာအချိန်တွင် အိမ်တိုင်းစေ့၌ ရက်ကန်းသံ ကြားနေရဦးမှာ ဖြစ်သလို အိမ်ရှေ့ကွပ်ပျစ်ပေါ် ကျရောက်နေသော လရောင်တွင် ဟင်္သပဒါးရောင် ရစ်လုံးနှင့် ပိုးချနေသည့် မြင်ကွင်းများကလည်း ကြည်နူးစရာတဲ့။ ဆရာမြသန်းတင့်၏ စကားကို ဆရာတင်မိုးကလည်း ဖြည့်စွက်သည်။

ထူးခြားသည်က အမရပူရမှာ နိုင်ငံခြားသံတမန်၊ သာသနာပြုနှင့် ကုန်သည်တို့ စိတ်ချမ်းသာစွာ နေထိုင်ကြရာ၌ အီတလီ သာသနာပြုတစ်ဦး မျိုးစေ့ချခဲ့သော စပျစ်စိုက်ပျိုးရေး လုပ်ငန်းက တွင်ကျယ်လာသောကြောင့် အိမ်တိုင်းစေ့ အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ စပျစ်ရွက်၊ စပျစ်စင်များရှိတာမို့ ကွပ်ပျစ်ပေါ် ကျရောက်သော လရောင်က စပျစ်သီးများနှင့် ဇာပန်းရက်ထားသလို စပျစ်ဇာလွှာကို ဖောက်ကျလာတာမို့ ပြောက်တိပြောက်ကျားတဲ့။ ထိုသို့ ဆရာမြသန်းတင့် ပြောပြပြီးနောက် ဆရာဝင်းခက်က အမရပူရဟူသည် အတိတ်က ကြီးကျယ် ခမ်းနားသော မင်းနေပြည်တော် ဟူသည် ထက် အခုတော့ ဦးပိန်တံတားနှင့် ဝါခေါင်လ၏ ရတနာ့ဂူနတ်ပွဲကပဲ ထင်ရှားနေသည်က ဝမ်းနည်းဖွယ် ဖြစ်လှသည်ဟု ထောက်ပြသည်။

တံတား၏ အရှေ့ဘက်မှ မြေလမ်းလေးသည် မေဃဝတီတောင်သမန်တိုက်ဟောင်း၏ မုခ်အိုကြီးများ ကြားကနေ ကျောက်တော်ကြီးဘုရားဝင်ပေါက်ဆီ ဦးခိုက်သည်။ လမ်းလေးဘေးက ဝါးကပ်ရက်လုပ်သည့် တဲလေးမှာ အိမ်မိုးကပ်ရက်နေသူက နေဝင်မိုးချုပ် တကုပ်ကုပ်၊ မန်ကျည်းပင်ကြီးတွေအောက်က မူလတန်းကျောင်းလေးက ကျောင်းဆင်းသွားလို့ တံခါးသော့ချိတ်ကာ တိတ်ဆိတ်နေပါပြီ။

 

အုန်းမှုတ်ခွက်နှင့် အရသာရှိသော ရေ
—————————————–

တောင်သမန်ကျောက်တော်ကြီး ဘုရားအဝင်မှာ ကျွန်တော်တို့ ချွေးစို့နေကြပြီ။ အဝင်စ ထနောင်းပင်အို ကြီးများ၏ အရိပ်အောက်က သောက်ရေအိုးကြီးများက အမောပြေစေမှာသေချာသည်။ ထို့ကြောင့် ရေအိုးပေါ်က သတ္တုပန်းကန် အဖုံးပေါ် တင်ထားသည့် အုန်းမှုတ်ခွက်ကြီးများ၏ လက်ကိုင်ရိုးကိုကိုင်ကာ အခြေမှာ စပါးပင်စိမ်းလေးတွေပေါက်နေသော သဲမြေနှင့် စိမ့်နေအောင် အေးသော ရေအိုးကြီးထဲက ရေကို ခပ်သောက်လိုက်ရသော အရသာက ဘာနှင့်မှ မလဲနိုင်ခဲ့ချေ။ အတော်အတန်ကြီးသော အုန်းမှုတ်ခွက်နှင့် တစ်မှုတ်စာသာမက ၂မှုတ်ထိ သောက်လိုက်မှ အာသာပြေတော့သည်။ ကောင်းလိုက်သည့်ရေ၊ အေးမြလိုက်သည့် ရေ။ သည်လိုနှင့် ကျောက်တော်ကြီးဘုရားကို ဝတ်ပြုကြပြီး အမရပူရခေတ် နံရံပန်းချီများကို ကြည့်ကြသည်။ အဖိုးတန်လှသည့် အမရပူရခေတ် နံရံပန်းချီများအတွက် ထိန်းသိမ်းမှု စံချိန်ကို အားမလိုအားမရ ဖြစ်နေကြ၏။

ကျွန်တော်တို့လည်း မကြာမီ နေဝင်တော့မည်မို့ ဘုရားပုရိဝုဏ်က သုတ်သုတ် ထွက်ခဲ့ကြသည်။ လာလမ်းလေးပေါ် နေခြည်ပြောက်တို့ အားလျော့ပေါ့။ ထန်းတောရွာဘက်က လာပုံရသည့် စက်ဘီးတစ်စီးကို ခေါင်းပေါင်းနှင့် ရွာသားတစ်ဦးက ဘဲလ်သံတင်တင်ပေးရင်း ကျွန်တော်တို့ကို ကျော်သွားသည်။ ထို့နောက် သူက တံတားထိပ် မန်ကျည်းပင်ရိပ်က ဆိုင်လေးရှေ့ စက်ဘီးရပ်ကာ ဆင်းသည်။ ဆိုင်လေးထဲက ခုံရှည်မှာ ရွာသားတွေ ၄ဦးလောက် မျက်နှာချင်းဆိုင်ထိုင်က ဆေးလိပ်တဖွာဖွာနှင့် စကားတွေ ပြောနေကြသည်။ အလယ်မှာ သောက်လက်စ လက်ဖက်ရည် ပန်းကန်များနှင့် မည်းညစ်ညစ် ဒန်ရေနွေးခရားရှိသည်။ လက်ဖက်ရည်ချိုးတက်နေသော စဉ့် အကြမ်းပန်းကန်နှုတ်ခမ်းပဲ့ ၄လုံး ၅လုံးလောက်ရှိသည်။ ထိုင်နေသူတို့က ချည်၂နံစပ်ပုဆိုးကို ဒူးထိ တင်ကာ ခြေပလ္လင်ချိတ်ထိုင်ရင်း ဲငင်းခုန်နေကြ၏။ ဆိုင်ရှင်ဖြစ်ဟန်တူသူက အင်္ကျီကိုယ်တုံးလုံးချွတ်နှင့် ထန်းလက်များ ခုတ်ကာ ထင်းဆိုက်နေသည်။ မီးခိုးတအူအူတွင် ဆိုင်ရှင်ကတော်က ကလေး ခါးထစ်ခွင်ချီရင်း အဖန်ရည်အိုး နှပ်နေ၏။ အဖန်ရည်အိုးက အိုးသားပင်မပေါ်တော့ မီးခိုးမှိုင်းချေးများဖြင့် ထူနေသည်။

စာရေးဆရာ လိပ်ပြာ
—————————

ကျွန်တော်တို့သည် ထိုလက်ဖက်ရည်ဆိုင်လေးရှေ့ရောက်တော့ ခြေလှမ်းများတုံ့ကာ ဆိုင်ထဲကို လှမ်းကြည့်ကြသလို ဆိုင်ထဲကလည်း ဧည့်သည်များဆီ အကဲခတ် ကြည့်နေကြသည်။ တခဏအတွင်း ရှေ့ဆက်ရန် ခြေလှမ်းပြင်တော့ ဆေးပေါ့လိပ်ဖွာရန် လက်ဝါးနှင့် ကာ၍ မီးခြစ်နေသော ဆရာတင်မိုးက “ကိုမြသန်း.. ခင်ဗျားတို့ ပြန်နှင့်ကြတော့ဗျာ၊ ကျွန်တော် ဒီလက်ဖက်ရည်ဆိုင်လေးမှာ နေရစ်ခဲ့တော့မယ်။ အခုလို မီးခိုးတအူအူနဲ့ ချိုရဲရဲ တောလက်ဖက်ရည်လေးကို မသောက်ရတာကြာပြီဗျ၊ ခင်ဗျားတို့ ပြန်လိုက်ကြတော့၊ ကျွန်တော်တော့ ဒီနေ့ည ဦးဇင်းကျောင်းမှာပဲ ညအိပ်တော့မယ်၊ ကိုချစ်တိုးတို့ ကိုစိုးနိုင်တို့လည်း ပြောလိုက်ပါဗျာ၊ မနက်စောစောမှာ တည်းခိုတဲ့ အလုပ်သမားရိပ်သာကို အမီပြန်ခဲ့ပါမယ်လို့” တဲ့။ ပြောရင်း ဆရာတင်မိုးက ဆေးလိပ်ဖွာကာ ဆိုင်လေးထဲ ဝင်သွားသည်။
ဆရာမြသန်းတင့်က “ ဟာ.. ကိုဗဂျမ်း.. ခင်ဗျားကတော့ လုပ်ပြီဗျာ၊ ဟိုက ဆရာတွေက စိတ်ပူနေတော့မှာပဲ၊ ခင်ဗျားတစ်ယောက်တည်း ဖြစ်ပါ့မလားဗျ” ဟု စိုးရိမ်စွာ ပြန်ခေါ်သော်လည်း ဆရာတင်မိုးက လက်တခါခါနှင့် သွားကြပါတော့ဟု ပြရင်း ဆိုင်လေးထဲ ခုံရှည်ပေါ်ထိုင်နေရစ်ခဲ့ပြီ။ ကျွန်တော်သည် စာရေးဆရာကြီးများနှင့် တောင်သမန်ကို ရောက်ခဲ့ရခြင်းကား စာရေးဆရာဟူသည်ဆိုသော လိပ်ပြာကို ဖမ်းစားမိခြင်း မည်ပါ၏။

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW