သံဖြူဇရပ်မှာ လေပြင်းတိုက်လို့ ထိုင်တော်မူဘုရား အဆောက်အဦးအပါ အိမ် ၄၀ နီးပါး အမိုးလန် ၊ ပြိုကျ ပျက်စီးပြီး သစ်ပင်တွေလဲကျခဲ့

ဇူလိုင် ၁၁ ၊ ၂၀၂၆
GG (VOM)
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ညက လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းစာကြည့်တိုက်နဲ့ ထိုင်တော်မူဘုရား အပါအဝင် လူနေအိမ် ၄၀ နီးပါး အမိုးလန်ထိခိုက် ပြိုကျပျက်စီးတာ သစ်ပင်တွေလဲကျတာတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။
f
မနေ့က ဇူလိုင် ၁၀ ရက်နေ့ ၊ ည ၇ နာရီလောက်မှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အောင်ဇေယျရပ်ကွက် နဲ့ အောင်ကုသိုလ်ရပ်ကွက်တွေမှာ နေအိမ်တွေပြိုကျတာ ၊ အမိုးလန်ပျက်စီးတာ ၊ သစ်ပင်တွေ လဲကျခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” လူနေအိမ် ၃၅ လုံး ထိခိုက်ပျက်စီးတယ်။ အမိုးလန်ပျက်စီးတာများတယ်။ ပြိုကျတာက တဲအိမ်နှစ်အိမ်လောက်ရှိတယ်။ စာသင်ကျောင်း စာကြည့်တိုက် အမိုးလန်တာရှိတယ်။ ထိုင်တော်မူဘုရားက ပျက်စီးရှိတယ်။လမ်းပေါ်သစ်ပင်တွေလဲကျတာတော့ ညကတည်းက ရှင်းလင်းရေးလုပ်တယ်။ခုမနက်လည်း ရှင်းလင်းရေးဆက်လုပ်နေတုန်းပါ။ ” လို့ မြို့နယ်မီးသတ်ဦးစီးမှူးက ပြောပါတယ် ။
နေအိမ်ပျက်စီးမှုအနေနဲ့ဆိုရင် အောင်ဇေယျရပ်ကွက်မှာတင် ၃၃ အိမ် ၊ စာကြည့်တိုက် နဲ့ ထိုင်တော်မူဘုရားရဲ့ အမိုးအကာအ​ဆေက်အဦးပြိုကျပျက်စီးခဲ့ပြီး အောင်ကုသိုလ်ရပ်ကွက်မှာတော့ လူနေအိမ်နှစ်လုံးသာပျက်စီးခဲ့ကြောင်း သစ်ပင်ပြိုလဲကျမှု များတယ်လို့သိရပါတယ်။
ပျက်စီးဆုံးရှုံးမှုအနေနဲ့ဆိုရင် ထိုင်တော်မူဘုရားက သိန်း ၆၀၀ ဖိုး ပျက်စီးမှုရှိခဲ့ပြီး ကျန်တဲ့ နေအိမ်တွေနဲ့ စာကြည့်တိုက် ပျက်စီးမှုတန်ဖိုးကတော့ သိန်း၇၀ ကျော်ဖိုး ဆုံးရှုံးမှုရှိခဲ့တယ်လို့ မြို့နယ်မီးသတ်စာရင်းအရသိရပါတယ်။
” လေတိုက်နူန်းပြင်းလားမပြင်းလား သွပ်တွေ လေပေါ်မှာ ဝဲနေတာပဲ။ သစ်ပင်တွေလည်း လမ်းပေါ်လဲကျ တယ်။ ကံကောင်းလို့ လူတွေ ထိခိုက်ဒဏ်ရာ မရှိတာ ပြောရမယ်။ ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုအတွင်း နေအိမ် အမိုးလန် ပျက်စီးခဲ့တာတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာမှ အကူအညီ ထောက်ပံ့တွေ ပေးသွားဖို့ ရှိ တယ်လို့ သိရပါတယ်။
ဇူလိုင် ၅ ရက်နေ့ ကလည်း ပေါင်မြို့နယ် ၊ ကဒါမြို့သစ်ဘက်မှာတော့ ည ၇ နာရီခွဲလောက်မှာ လေဆင်နှာမောင်းတိုက်လို့ စာသင်ကျောင်းနှစ်ကျောင်း ၊ ဘုန်းကြီးကျောင်းတကျောင်း ၊ စိုက်ပျိုးရေးစခန်း အပါအဝင် အိမ်ခြေ ၉၀ ကျော်လောက် အမိုးလန်းခြင်း ၊ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူ နှစ်ယောက်နဲ့ သံဃာနှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မော်လမြိုင်မြို့မှာ ဆိုရင်လည်း လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားပြီး ညောင်ပင်ဆိပ်ဘုရားကုန်းကျေးရွာမှာ နေအိမ် ၁၅ လုံးလောက် အမိုးလန်ပျက်စီးပြီး သစ်ပင်တွေလဲကျမှု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – မီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW