ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်မယ့် ပြင်ဦးလွင်လေဆိပ် ဖွင့်လှစ်

မန္တလေး၊ ဇူလိုင်- ၁၁- ၂၀၂၆
VOM
ပြင်ဦးလွင်မြို့ရဲ့ ခရီးသွားလုပ်ငန်း၊ ဒေသစီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့တဲ့ ပြင်ဦးလွင်လေဆိပ်ကို ဒီကနေ့မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
လေဆိပ်ဖွင့်လှစ်ခြင်းဟာ အစိုးရရဲ့ ရက်(၁၀၀) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အထဲက အရေးပါတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်၊ ကျန်းမာ ရေးမြို့တော်၊ ပညာရေးမြို့တော်၊ IT မြို့တော်နဲ့ ကော်ဖီမြို့တော်အဖြစ် အဆင့်မြှင့်တင်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုလည်း ဖြစ်တယ်လို့ နိုင်ငံ တော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်ဒေသနဲ့ ရှမ်းရိုးမဒေသတွေကို ခရီးသွားလုပ်ငန်းကွန်ရက်နဲ့ ပိုမိုချိတ်ဆက်ပေးနိုင်မှာဖြစ်သလို ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက် သစ်သီးဝလံ၊ ပန်းမန်နဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ဒေသအသီးသီးအတွက်လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနဲ့ ဒေသစီးပွား ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း အထောက်အကူပြုဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အဆင့်မြှင့်တင်တည်ဆောက်ထားတဲ့ ပြင်ဦးလွင်လေဆိပ်မှာ တရက်အတွင်း ခရီးသွား (၁,၀၀၀) ခန့် ဝင်ရောက်ထွက်ခွာနိုင်တဲ့ စွမ်းရည်တွေနဲ့ တည်ဆောက်ထားပြီး ခရီးသည်တွေအတွက် နားနေဆောင်များ၊ ဝန်ဆောင်မှုအဆောက်အအုံများနှင့် လေ ယာဉ်ပြေးလမ်းတွေကိုလည်း သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ အညီ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဒေသတွင်း ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာဖို့နဲ့ ပြင်ဦးလွင် – ရှမ်းရိုးမဒေသတို့ အကြား ခရီးသွားကွန်ရက် ပိုမိုခိုင်မာလာကာ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့လာပြီး ဒေသစီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထော က် အကူပြုလာဖို့အတွက် ရည်ရွယ်ပြီး ပြင်ဦးလွင်လေဆိပ် ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW