သိန္နီမှာ MNDAA တပ်ဖွဲ့က ကားလိုင်စင်နဲ့ အခွန် စာရွက် လုပ်မထားတဲ့ကားတွေကို အဆ ရာချီ ဒဏ်ရိုက်

အောက်တိုဘာ ၁၇၊ ၂၀၂၆
Shy V(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ရာ သိန္နီမှာ အခုရက်ပိုင်းအတွင်း MNDAA တပ်ဖွဲ့က ကားလိုင်စင်နဲ့ အခွန် စာရွက်တွေကို စစ်ဆေးရေးတင်းကြပ်ပြီး လုပ်မထားတဲ့ကားတွေကို အဆ ရာချီ ဒဏ်ရိုက်နေကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။
“ခါတိုင်း ကတ် အဖြူ ခရီးသည်တင်ယာဉ် အဝင်/ အထွက် လက်မှတ် သိပ်မစစ်ဘူး။ ဒီရက်ပိုင်း အရမ်း စစ်တယ်။ မလုပ်ထားရင် ၁၀ သိန်း ဒဏ်ရိုက်တယ်” လို့ ဒဏ်ရိုက်ခံရတဲ့ ယာဉ်မောင်း တယောက်ကပြောပါတယ်။
အဲဒီ ကတ်အဖြူက နေ့တိုင်း ပြုလုပ်ရတာဖြစ်ပြီး သွားရောက်ပြုလုပ်ပါက ကျပ် တစ်သောင်း သာ ကျပေမယ့် လုပ်မထားပါက အဆ တရာ၊ ကျပ် ၁၀ သိန်း ဒဏ်ရိုက်တယ်လို့ သူက ပြောပါတယ်။
ကားတွေ အများအပြား ဒဏ်ရိုက် ခံရပြီး သိန္နီ ကနေ လားရှိုးဘက် အထွက် စစ်ဆေးရေးဂိတ်က မောင်းပြေးသွားတဲ့ ကားနှစ်စီးကိုလည်း လားရှိုး – သိန္နီ အစပ်မှာ ပြန်ဖမ်းမိထားတာတွေ့ရတယ်လို့ ဆိုပါတယ်။
“ထွက်ပြေးသွားရင် အဆ ပိုများတယ်။ ဒဏ်ကြေးလည်း နှစ်ဆ ဖြစ်ပြီ။ အစိမ်းကတ် မြို့တွင်း ယာယီ ယာဉ်မောင်းလိုင်စင်တွေလို သက်တမ်းလွန်ရင် သိမ်းလိုက်ပြီး ပြန်လုပ်ခိုင်းနေတယ်” လို့ နောက်ထပ်ယာဉ်မောင်း တယောက်က ပြောပါတယ်။
အရင်က အစိမ်းကတ် ယာယီ ယာဉ်မောင်းလိုင်စင် ပြုလုပ်ခ ၆၀၀၀၀ ကျပ် ရှိပေမယ့် လက်ရှိမှာတော့ ၃ လသက်တမ်းရှိ ယာယီ ယာဉ်မောင်းလိုင်စင် ပြုလုပ်ခ ၄၀၀၀၀ ကျပ် ပဲ ယူတော့တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် လတ်တလော ပြည်တွင်း ကုန်စည်တွေကိုလည်း MNDAA ဘက်က အခွန်တွေ ကောက်ခံနေတယ်လို့ ဆိုပါတယ်။
ကတ် အဖြူ ခရီးသည်တင်ယာဉ် အဝင်/ အထွက် လက်မှတ်ပြုလုပ်ပေးတဲ့ နေရာက သိန္နီကနေ ကွမ်းလုံ အထွက်ဘက် ဖြစ်တာကြောင့် မူဆယ် – မန္တလေး လမ်းမကြီးအတိုင်း သွားရတဲ့ ခရီးသည်တင်နဲ့ ကုန်စည်တင်ကားတွေ အတွက်တော့ လမ်းကြောမသင့်တဲ့အပြင် သွားရတာဝေးတာကြောင့် အခက်ကြုံနေကြရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
Photo: Shy V (VOM)

Related posts

✕
VOM News

FREE
VIEW