ဇူလိုင် ၁၁ – ၂၀၂၆
SN (VOM)
ခွင့်ပြန်လုပ်သားတွေ ပြည်ပ ပြန်လည် ထွက်ခွာခွင့်နဲ့ ပတ်သက်လို့ အလုပ်သမားဝန်ကြီးဌာနက ကန့်သတ်မှုတွေ လုပ်ဆောင်နေတာကြောင့် အခက်ကြုံနေရတဲ့ အလုပ်သမားဦးရေ ရာနဲ့ချီ ရှိနေတယ်လို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်တွေက ပြောပါတယ်။
လက်ရှိမှာ ခွင့်တလနဲ့အထက်ယူပြီး ပြန်လာသူတွေအပြင် အထောက်အထား ပြည့်စုံသူတွေလည်း ပြည်ပပြန်ထွက်နိုင်ဖို့အတွက် ခက်ခဲနေကြပြီး ဧပြီလကနေ ဇွန်လအထိ သုံးလတာကာလအတွင်း ပြည်ပထွက်ခွာခွင့် ပယ်ချခံရတဲ့ အလုပ်သမားဦးရေ ၁၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။
ဧပြီလမှာ ပြည်ပပြန်ထွက်ခွင့် ပယ်ချခံရတဲ့ ခွင့်ပြန်အလုပ်သမား ၆၀၈ ယောက်၊ မေလမှာ ၃၀၁ ယောက်၊ ဇွန်လမှာ အယောက် ၂၀၀ ဝန်းကျင်၊ စုစုပေါင်း ၁၁၀၉ ယောက် ရှိခဲ့တာဖြစ်ပြီး ပြည်ပကနေ ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေဟာ စာရွက်စာတမ်း မစုံလင်ခြင်း၊ လေဆိပ်အဝင်တုံး၊ သက်တမ်းရှိ အလုပ် လုပ်ကိုင်ခွင့်လက်မှတ် (Workpermit) နဲ့ သံရုံးထောက်ခံစာ လိုအပ်ခြင်းတွေ ရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ တရားဝင် တယ်လီဂရမ်ဖြစ်တဲ့ Safe Migration က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒါအပြင် အလုပ်ရှင်ထံ ဆက်သွယ်ရမယ့် အီးမေးလ်လိပ်စာနဲ့ ဖုန်းနံပါတ် မပါရှိခြင်း၊ ပြည်ပအလုပ်သမား သက်သေခံကတ် (OWIC) ပါ အလုပ်အကိုင်နဲ့ အမှန်တကယ် လုပ်ကိုင်နေတဲ့ အလုပ်အကိုင်အမျိုးအစား တူညီမှုမရှိခြင်း၊ OWIC ကတ် ရှိပေမယ့်လည်း ပြည်ပအလုပ်ရှင်ထံ ဆက်သွယ်လို့မရခြင်း၊ ရောက်ရှိကြောင်း သတင်းပို့ပုံစံ (ဆိုက်ရောက်စာ) မပါရှိခြင်း စတဲ့ အချက်တွေကြောင့်လည်း ပြည်ပထွက်ခွာခွင့် လျှောက်ထားမှုတွေ ပယ်ချခံနေရတယ်လို့ သိရပါတယ်။
“အကြောင်းပြချက်တွေ၊ ကန့်သတ်ချက်တွေ မျိုးစုံနဲ့ကို ပယ်ချခံနေကြရတာပါ။ တချို့ကျတော့လည်း လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း နိုင်ငံတော်ကို အခွန်ဆောင်ထားတာ မရှိလို့ ပြန်ထွက်ခွင့်မရဘူး။ မြန်မာပြည်ထဲ ပြန်လာပြီးရင် ပြည်ပကို အလွယ်တကူ ပြန်ထွက်နိုင်ဖို့က ဒီအချိန်မှာ လုံးဝ မလွယ်ပါဘူး” လို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်တယောက်က ပြောပါတယ်။
ဒါကြောင့် လတ်တလော ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အခွန်ဆောင်ထားတဲ့ အလုပ်သမားတွေ အလွယ်တကူ ဝင်/ထွက်နိုင်ဖို့ စီစဉ်ပေးသင့်သလို OWIC ကတ် အသစ်ပြုလုပ်တာ၊ သက်တမ်းတိုးတာတွေကိုလည်း သက်ဆိုင်ရာသံရုံး (ဒါမှမဟုတ်) အွန်လိုင်းကနေတဆင့် ဆောင်ရွက်ခွင့်ပြုသင့်တယ်လို့ သူက ပြောပါတယ်။
“အလုပ်သမားဝန်ကြီးဌာနက ကန့်သတ်ချက်တွေ၊ မူဝါဒတွေ တခုပြီးတခု ထုတ်နေတယ်။ တချို့ ကန့်သတ်ချက်တွေဆို ကြိုတင်အသိပေး ထုတ်ပြန်တာ၊ တရားဝင်ထုတ်ပြန်တာမျိုး မရှိဘူး။ ဒီလို ကန့်သတ်နေတာတွေကြောင့် ကျွန်တော်တို့ အလုပ်သမားတွေ လုပ်ငန်းခွင်ထဲ အချိန်မီ ပြန်မဝင်နိုင်တာတွေ ဖြစ်လာတယ်။ အလုပ်ရှင်ဘက်ကနေ စာချုပ် ဖျက်သိမ်းတာတွေ ရှိလာတော့ အလုပ်အကိုင် ဆုံးရှုံးတာတွေ ဖြစ်လာတယ်” လို့ ခွင့်ပြန် အလုပ်သမားတယောက်က ပြောပါတယ်။
ပြည်ပရောက် မြန်မာလုပ်သမားတွေအနေနဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေ မလွှဲရင် ပြည်ပထွက်ခွာဖို့အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမှာ မဟုတ်သလို OWIC ကတ်လည်း ထုတ်ပေးမှာ မဟုတ်ဘူးလို့ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ နေ့ကတည်းက သတင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အခုလို အကြောင်းအမျိုးမျိုးနဲ့ ကန့်သတ်ခံနေရတဲ့ကြားက ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပထွက်ခွာဖို့ ကြိုးပမ်းနေသူ လူငယ်တွေ နေ့စဥ်နဲ့အမျှ ရှိနေပြီး ပြီးခဲ့တဲ့ ဇွန်လက ဂျပန်အရည်ချင်းစစ် စာမေးပွဲ (JLPT) ဖြေဆိုသူ ကိုးသောင်းကျော်အထိ စံချိန်တင် တိုးလာတယ်လို့ သိရသည်။
ဒါဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြေဆိုသူဦးရေ တဟုန်ထိုး မြင့်တက်လာခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ်မတိုင်မီက တကြိမ်ကို ဖြေဆိုသူ ပျမ်းမျှ နှစ်သောင်းဝန်းကျင်သာ ရှိခဲ့တာဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ JLPT ဖြေဆိုသူဦးရေ စံချိန်တင် မြင့်တက်လာပေမယ့်လည်း အလုပ်အကိုင် အေဂျင်စီတွေအနေနဲ့ ဂျပန်နိုင်ငံကို အလုပ်သမား ပို့ဆောင်ရာမှာ တလ ၁၅ ယောက်သာ ခွင့်ပြုချက် ရရှိထားတဲ့အတွက် ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
