ဇူလိုင် ၁၂ – ၂၀၂၆
SN (VOM)
မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီး၊ မြေပြိုမှုတွေကြောင့် ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ (မီဇိုရမ်ပြည်နယ်) ကြားရှိ အဓိက ကုန်သွယ်ရေးလမ်းပိုင်းမှာ ကုန်တင်ကား အစီးရေ ရာနဲ့ချီ ပိတ်မိနေပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်နေတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှစတင်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ် (Lawngtlai) နဲ့ လန်ဂလိုအိ (Lunglei) မြို့အနီးမှာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ကုန်စည်စီးဆင်းရာ အဓိက လမ်းကြောင်းဖြစ်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက တက်ပုချေကျေးရွာမှာလည်း ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် မြန်မာကုန်သည် အများအပြားနဲ့ ကုန်တင်ကားအစီးရေ ၃၀၀ ဝန်းကျင်လောက်ဟာ အိန္ဒိယဘက်ခြမ်းမှာ ပိတ်မိနေတာဟာ လက်ရှိမှာ ငါးရက်ထက်မနည်း ကြာမြင့်လာပြီဖြစ်တဲ့အပြင် ချင်းပြည်နယ်၊ ရှင်းလက်ဝကျေးရွာမှာလည်း ရေကြီးမှုတွေကြောင့် ကုန်တင်စက်လှေတွေ သွားလာလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။
“အခုက ကုန်းလမ်းရော၊ ရေလမ်းရော သွားလို့လာလို့မရဘူး ဖြစ်နေတာ။ မိုးကလည်း အဆက်မပြတ် ရွာနေတယ်။ ချောင်းတွေမှာလည်း ရေစီးက ကြမ်းနေတယ်။ ရေဘေးသင့်နေတဲ့ ရွာတွေမှာ အိမ်တွေ၊ ပစ္စည်းတွေ မျောပါကုန်တာရှိသလို ကျွန်တော်တို့ ကုန်သည်တွေမှာလည်း ကုန်ပစ္စည်းတွေလည်း ရေနောက်ပါပြီး ဆုံးရှုံးကုန်တာတွေ ရှိနေတယ်။ မိုးကစို၊ လမ်းတွေကလည်း သွားမရဆိုတော့ တချို့ကုန်တွေဆို ပုပ်ပွ၊ ပျက်စီးလာနေပြီ” လို့ ကုန်သည်တယောက်က ပြောပါတယ်။
လမ်းပိတ်ဆို့မှုတွေကြောင့် လက်ရှိမှာ ရခိုင်ပြည်နယ်ထဲ ကုန်စည်ဝင်ရောက်မှု မရှိတော့တဲ့အတွက် ပြတ်လပ်မှုတွေ ဖြစ်ပေါ်ကာ နောက်ဆက်တွဲပြဿနာဖြစ်တဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင် – အိန္ဒိယ ကုန်သွယ်ရေးလမ်းပိုင်းဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကနေ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ကုန်းလမ်း၊ ရေလမ်းတွေကတဆင့် ကုန်စည်သယ်ယူပြီး အဲဒီကနေ ကုလားတန်မြစ်ကြောင်းအတိုင်း ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ရေလမ်းမှတဆင့် ပို့ဆောင်ကာ ရခိုင်ပြည်နယ်တခွင် ဖြန့်ဖြူးနေခြင်းဖြစ်ပြီး လက်ရှိမှာ ကျောက်တော် လမ်းကြောင်းမှာလည်း မိုးရွာသွန်းမှုနဲ့အတူ ရေစီးကြမ်းနေတာကြောင့် သွားလာလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းဟာ တရားဝင် နယ်စပ်ဂိတ် မဟုတ်ပေမယ့်လည်း နားလည်မှုနဲ့ ကုန်စည် စီးဆင်းလျက်ရှိတာကြောင့် လတ်တလော အခြေအနေအရ ရခိုင်ကို ကုန်ပစ္စည်းဝင်ရောက်ရတဲ့ အဓိက လမ်းကြောင်းဖြစ်ပြီး ပြည်တွင်းမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရချိန် ရခိုင်ပြည်နယ်အတွက် အစားအသောက်၊ ဆေးဝါးတွေနဲ့ လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေ တင်သွင်းနိုင်ဖို့ အလွန်အားထားရတဲ့ အသက်သွေးကြော လမ်းကြောင်းဆိုရင်လည်း မမှားဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
“ဒီလမ်းကြောင်း ပိတ်သွားတာနဲ့ အားလုံးသိတဲ့အတိုင်းပဲ၊ ရခိုင်ဘက်မှာ ကုန်စည်ပြတ်တောက်မယ်၊ ရှားပါးမယ်၊ ကုန်ဈေးနှုန်းတွေ အဆမတန်တက်မယ်။ အစကတည်းကိုက ဒီလမ်းကြောင်းမှာ စစ်တပ်ရဲ့ အထိုင်ချဂိတ်တွေ ရှိနေတာရယ်၊ AA ရဲ့ အဖမ်းအဆီးတွေ ရှိနေတာရယ်ကြောင့် သွားလို့လာလို့ မကောင်းတော့ ရခိုင်မှာ ကုန်စည်အဝင် လျော့နေတာက ရှိပြီးသား။ ကုန်ဈေးနှုန်းတွေကလည်း အရင်ကထက် နှစ်ဆလောက် တက်နှင့်ပြီးသား။ အခုလို သဘာဝဘေးပါ ထပ်ပေါင်းလိုက်မယ် ဆိုရင်တော့ အခြေအနေ ပိုပြီး ဆိုးသွားဖို့ပဲရှိတယ်” လို့ သူက ပြောပါတယ်။
အရင်က ရခိုင်ပြည်တွင်း ကုန်စည်စီးဆင်းမှုအတွက် ရန်ကုန်မြို့က ကုန်ပစ္စည်းတွေကို စစ်တွေ၊ ကျောက်ဖြူမြို့တွေဆီ ကုန်တင်သင်္ဘောကြီးတွေနဲ့ တိုက်ရိုက်သယ်ယူရတဲ့ ပင်လယ်ရေကြောင်းလမ်းနဲ့ ရန်ကုန် – မကွေး – အမ်းလမ်း စတဲ့ ကုန်းလမ်းကြောင်းတွေကို အဓိက အသုံးပြုခဲ့တာဖြစ်သလို နယ်စပ်ကုန်သွယ်ရေးအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း ကုန်သွယ်မှုတွေ အနည်းငယ် လုပ်ကိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီ လမ်းကြောင်းတွေမှာ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေ၊ လမ်းပိုင်း ပိတ်ဆို့မှုတွေကြောင့် ပြည်မနဲ့ ဆက်သွယ်ရတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံးနီးပါး ရပ်တန့်သွားခဲ့ရတာကြောင့် ရခိုင်ပြည်သူတွေဟာ အခုအခါမှာ အိန္ဒိယနယ်စပ်မှ ဝင်ရောက်လာတဲ့ ကုန်စည်တွေကိုသာ အဓိက မှီခိုအားထားနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
