ဇူလိုင်-၁၆-၂၀၂၆
KKA (VOM)
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းမှာ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်နေရပ်ပြန်တွေအနေနဲ့ စိုးရိမ်ထိတ်လန့်တာတွေ ဖြစ်နေကြတယ်လို့ စစ်ရှောင်နေရပ်ပြန်တွေကို ကူညီပေးနေတဲ့ ချောင်းကြီးပရဟိတအသင်း တာဝန်ခံ ကိုဝင်းမောင်က VOMကိုပြောပါတယ်။
“ပစ်သံတွေက ကြားနေရတော့ စစ်ရှောင်ပြီး ပြန်လာကြတဲ့သူတွေက ပိုကြောက်ကြတာပေါ့။ပြန်ရှောင်ဖို့ကြတော့လည်း ငွေကြေး ဘာညာ အဆင်မပြေသူကများတယ်။ ပြန်ရောက်တာလည်း မကြာကြသေးဘူး။ သူတို့ထူထောင်ရေးတောင် မနည်းရုန်းကန်နေကြရတာလေ။ဒါတောင် ကျွန်တော်တို့ ပရဟိတအသင်းတွေ ချိတ်ဆက်ကူညီပေးနေလို့။ မဖြစ်မနေဆိုရင်တော့ အသက်ထက် ဘာမှအရေးမကြီးဘူးဆိုတော့ သူတို့ရှောင်မယ်ဆို ရှောင်နိုင်ဖို့ ကျွန်တော်တို့တတွေ အတတ်နိုင်ဆုံး ကူညီပေးသွားမယ်။”လို့ ကိုဝင်းမောင်ကပြောပါတယ်။
တိုက်ပွဲတွေဟာ ဇူလိုင်လ ၁၁ရက်နေ့ကနေ့ ဒီနေ့ ဇူလိုင် ၁၆ရက်နေ့အထိ ပြန်လည် ဖြစ်နေတဲ့အတွက် ဒေသခံအများစုက စိုးရိမ်ထိတ်လန့်တာတွေ ဖြစ်နေတာလဲဖြစ်ပါတယ်။ တိုက်ပွဲကြီးတွေဖြစ်ပွာတာမဟုတ်ပေမဲ့ တိုက်ပွဲငယ်သဘောမျိုးက နေရာအနှံ့ဖြစ်နေတာလို့လည်း ဒေသခံတွေကပြောပါတယ်။
“ဒီဘက်တွေက အခုလ ၁၁ရက်နေ့ကနေ ဒီနေ့အထိ ဖြစ်နေတာပဲ။အခုဖုန်းပြောနေတာတောင် သေနတ်သံတွေကြားတယ်မို့လား။အဲလိုဆိုတော့ ဆက်နေရမလား။ခဏရှောင်ရမလား ဝေခွဲရခက်နေတာ။အရင်တစ်ခါလို ဝုန်းဒိုင်းမှ ဝရုန်းသုန်းကား ပြေးရပြန်ရင်လည်း အဆင်ပြေမှာမဟုတ်ဘူး။အမှန်တိုင်ပြောရရင် ကိုယ့်အိုးကိုယ့်အိမ် မစွန့်သွားချင်ကြပါဘူး။”လို့ စဉ့်ကူးဒေသခံတဦးက VOMကိုပြောပါတယ်။
တိုက်ပွဲငယ်လေးတွေဟာ စဉ့်ကူးမြို့နယ်အတွင်းက လက်ပံလှ၊ ကျဉ်တောက်ပေါက်၊ချောင်းကြီး၊နွယ်ရုံ စတဲ့ဘက်က အစွန်အဖျားကျေးရွားတွေဘက်မှာဖြစ်ပြီး အဲဒီဘက်က ဒေသခံတချို့လည်း ဘေးလွတ်ရာ ရှောင်တိမ်းနေကြတာ ရာချီရှိနေတယ်လို့ သူတို့ကို ကူညီပေးနေတဲ့ လူမှုကူညီရေးပရဟိတအသင်းတွေကဆိုပါတယ်။
စဉ့်ကူးမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့MDY-PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ MDY-PDF က စဉ့်ကူးမြို့ကို အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာအစိုးရတပ်မတော်က မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ပြန်လည် ထိုးစစ်တွေဆင်ခဲ့ရာ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့မှာ စဉ့်ကူးမြို့ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲဒီလိုတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေအများအပြား ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပြီး အခုအခါ နေရပ်ကို ပြန်လည်ရောက်ရှိ ထူထောင်ရေးတွေ လုပ်နေဆဲမှာပဲ စဉ့်ကူးမြို့နယ်အစွန်အဖျား ကျေးရွာတွေမှာ တကျော့ပြန် တိုက်ပွဲငယ်တွေ ပြန်လည်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
အလားတူ မတ္တရာမြို့နယ်အတွင်းရှိ နေရာတချို့မှာလည်း တိုက်ပွဲဖြစ်ပွားနေတာတွေရှိတယ်လို့ VOMရဲ့ သတင်းအရင်းအမြစ်တွေကဆိုပါတယ်။
