မန္တလေး၊ ဇူလိုင် ၁၈
KKA(VOM )
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံဆိုက်ဘာစီးတီး ဧကတသောင်းစီမံကိန်းမြေနဲ့ သုံးတောင်ကျေးရွာအကြားမှာ မြေပြင်ကွင်းဆင်း တိုင်းတာတာတွေ ထပ်မံပြုလုပ်နေအတွက် အဲဒီသတ်မှတ်ဧရိယာဝန်းကျင်မှာ နေထိုင်သူတွေအနေနဲ့ ဖယ်ရှားခံရမှာကို စိုးရိမ်နေကြတယ်လို့ သုံးထောင်ကျေးရွာ ဒေသခံ ကိုဝင်းမြင့်ကျော်က VOMကိုပြောပါတယ်။
“လယ်ယာမြေ၊ သစ်တောနဲ့ စီမံကိန်းမြေတွေဆိုတာက သတ်မှတ်သလောက်ရှိတာပေါ့။ ကျွန်တော်တို့ ဝယ်ယူတုန်းကလည်း လောဘဇောတိုက်ပြီး အရမ်းကာရော ဝယ်ခဲ့တာမဟုတ်ဘူး။ အခုလိုချိန်မှာ ဘယ်သူ့မှ ပြန်ပြီး လက်ညှိုးမထိုးချင်ပါဘူး။ ဆုံးရှုံးတော့ ကျွန်တော်တို့ပဲ။ အခုဆို ကျနော်တို့ဖြစ်နေတာက ဘယ်အချိန်ဖျက်ခိုင်း ဖယ်ခိုင်းမလဲ စိုးရိမ်ပူပန်နေရတယ်။”လို့ ကိုဝင်းမြင့်ကျော်ကပြောပါတယ်။
သုံးထောင်းအဆင်းလမ်းဘက်ခြမ်းနဲ့စီမံကိန်းဘက်အကွေ့ခြမ်းမှာရှိတဲ့ လူနေအိမ်တွေနဲ့ဆိုင်ခန်းတွေကို ပြီးခဲ့တဲ့ ဇွန် ၁၀ရက်ကလည်း ရှင်းလင်းဖယ်ရှားတာတွေခံထားရပြီး အခုကျန်တဲ့နေရာတွေပါ ထပ်မံဖယ်ရှားရှင်းလင်းခံရမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့လက ရှေ့ကအိမ်တွေ အဖျက်ခံရတုန်းကလည်း ဘာမှလုပ်မရဘဲ ငိုကြည့်နေခဲ့ရတယ်။ အခု ကျန်တဲ့နေရာတွေကိုပါ ထပ်ပြီး အကွက်ရိုက် တိုင်းတာနေပြန်ပြီဆိုတော့ ကျမတို့အိမ်နဲ့ စိုက်ခင်းတွေပါ မချန်ဘဲ ဆက်ဖျက်တော့မှာ သေချာသလောက်ပဲ။ ဘယ်ပြေးလို့ ပြေးရမှန်း၊ ဘာလုပ်ရမှန်း မသိတော့ဘဲ ရင်တထိတ်ထိတ်နဲ့ နေ့တိုင်း မျက်ရည်ကျနေရတယ်။”လို့ အဖျက်ခံရမယ့်အရေးတွေးပူနေတဲ့ ဒေသခံတဦးက VOMကိုပြောပါတယ်။
ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းဧရိယာအတွင်းပါဝင်နေတဲ့ စီမံကိန်းကျူး၊သစ်တောကျူးနဲ့လယ်ယာမြေအကွက်ရိုက် ရောင်းချထားတာတွေကို ရှင်းလင်းဖယ်ရှားသွားမှာဖြစ်ပြီး လတ်တလောမှာ စီမံကိန်းဧရိယာအတွင်းက မြေတွေကို လွှဲပြောင်းတာ၊ရောင်းတာ ဝယ်ဝာာ မပြုလုပ်ကြဖို့နဲ့ ဘယ်လိုမြေအမျိုးအစားမှာမဆို ခြံစည်းရိုးကာရံတာ၊အဆောက်အဦးဆောက်လုပ်တာတွေ မလုပ်ကြဖို့ ဇူလိုင်လ ၆ရက်က ကြောငြာချက်ဗီနိုင်းစိုက်ထူးပြီး သတိပေးထားပါတယ်။ထပ်မံတိုင်းတာတွေလုပ်တာကတော့ ဇူလိုင် ၁၀ရက်နေ့က စတင်လုပ်ကိုင်နေတာလို့သိရပါတယ်။
ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်း ကြီးကြပ် ထိန်းသိမ်းရေးလုပ်ငန်းကော်မတီနဲ့ နီးစပ်သူတစ်ဦးက”အခုထပ်တိုင်းတာ စီမံကိန်းဧရိယာအပြည့် ပြန်တိုင်းတာပေါ့။ ဒီဧရိယာက အရင်ကတည်းက သတ်မှတ် ရှိပြီးသားပါ။မလွတ်တဲ့နေရာတွေကတော့ ဖယ်ရမယ့်သဘောပေါ့။ဒါက ကျွန်တော်သိသလောက်ပေါ့။သိသလောက် အကုန်ပြောလို့လည်း မဖြစ်ဘူးပေါ့။”လို့ VOMကိုပြောပါတယ်။
ဥပဒေကြောင်းအရ ရှင်းလင်းဖယ်ရှားတာဆိုပေမယ့် မြေပြင်မှာ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေတဲ့ တောင်သူတွေနဲ့မိရိုးဖလာ နေထိုင်သူတွကို အစိုးရအနေနဲ့ အစားထိုးနေရာချထားပေးတာ ဒါမှမဟုတ် လျော်ကြေးတစ်စုံတရာပေးဖို့ စီမံခန့်ခွဲသင့်တယ်လို့ စီမံကိန်းဧရိယာထဲပါဝင်နေတဲ့ ဒေသခံ အငြိမ်းစား တဦးက VOMကနေ အကြုံပြုတောင်းဆိုပါတယ်။
အဲဒီ ရတနာပုံဆိုက်ဘာစီးတီး ဧကတသောင်းစီမံကိန်းကို လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး၊ နှစ်အတော်ကြာ ရပ်နားထားခဲ့ရာကနေ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ စီမံကိန်းလုပ်ငန်းတွေကို ပြန်လည်စတင်ခဲ့တာလည်းဖြစ်ပါတယ်။
