ဟားခါးမြို့လမ်းပေါ်မှာ အမှတ်(၁၄) ရဲတပ်ရင်းမှူး ဒုရဲမှူးကြီးနဲ့ ရဲတပ်သားတို့ ပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့

ဇူလိုင် ၁၇ ၊ ၂၀၂၆
GG (VOM)
ချင်းပြည်နယ် မြောက်ပိုင်း ၊ ဟားခါးမြို့ပေါ်မှာ ဆိုင်ကယ်နဲ့သွားလာတဲ့ ရဲတပ်ရင်းမှူးနဲ့ ရဲတပ်သားကို ချင်းလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။
မနေ့က ဇူလိုင် ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပြည်တော်သာရပ်ကွက် ၊ ဂန့်ဂေါလမ်းပေါ် မှာ ရဲတပ်ရင်းမှူးနဲ့ ရဲတပ်သားတို့ကို ချင်းလက်နက်ကိုင်အဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
အဲဒီ တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့သူတွေက အမှတ်(၁၄) ရဲတပ်ရင်းမှူး ဒုရဲမှူးကြီးဇော်ဇော်အောင်နဲ့ ကိုယ်ရေးအရာရှိဖြစ်သူ ရဲတပ်ဖွဲ့ဝင်တို့ ဖြစ််တယ်လို့ သိရပါတယ်။
” ဆိုင်ကယ်နှစ်စီးနဲ့ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်ခံရပြီး နေရာမှာပဲဆုံးသွားခဲ့တယ်။ သူ့တပည့်တွေလည်း ယူကျုံးမရဖြစ်နေကြတယ်။ မနက် ၉ နာရီလောက်မှာ ပစ်ခတ်ခံရတာပါ ။ လုံခြုံရေးပေါ့ဆလို့ ဖြစ်တာလို့ပဲ မြင်တယ်။ ” လို့ လုံခြုံရေး တပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို CDF-Hakha အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရှိရပြီး ပစ်ခတ်မှုအတွင်းမှာ ပစ္စတိုတလက် နဲ့ မိုဘိုင်းဖုန်း သုံးလုံးကို သိမ်းဆည်းရမိခဲ့ကြောင်း CDF – Hakha အဖွဲ့ ဥက္ကဋ္ဌက မီဒီယာတချို့ကို ပြောဆိုထားတာ တွေ့ရပါတယ်။
လက်ရှိမှာ ဟားခါးမြို့ကို အစိုးရတပ်တွေက ထိန်းချုပ်ထားပြီး ကျေးရွာတွေဘက်မှာတော့ ချင်းလက်နက်ကိုင်အဖွဲ့တွေက သွားလာလှုပ်ရှားမှုရှိပြီး နယ်မြေစိုးမိုးမှုတွေ ရှိနေတယ်လို့ သိရပါတယ် ။
ဇူလိုင် ၁ ရက်နေ့ကလည်း မကွေးတိုင်း ၊ ပြည် – မကွေးကားလမ်း ၊ အောင်လံမြို့ နဲ့ ဆင်ပေါင်ဝဲမြို့အကြားမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ကား နဲ့ အိမ်စီးကား တို့ပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ကြပ်ကျော်လွင် နဲ့ ဆင်ပေါင်ဝဲ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇေယျ တို့သေဆုံးခဲ့ပါတယ်။
ဒါအပြင် အဲဒီဖြစ်စဥ်မှာ ရဲအုပ်အောင်သန်းဇော် ညာတင်ပါး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒုရဲမှူးကြီးဝင်းလှိုင်မှာ ညာလက်ကောက်ဝတ် ကျည်ထိမှန်ဒဏ်ရာတို့ ရရှိခဲ့သလို နောက်ထပ်အသက်ကြီးပိုင်း အမျိုးသမီးနဲ့ အမျိုးသားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW