ရန်ကုန်မြို့ ငလျင်ဒဏ်ခံနိုင်ရည် စစ်ဆေးခြင်း အခုနှစ်ကုန် အပြီးဆောင်ရွက်မှာဖြစ်ပြီး ပဲခူးငလျင် တကျော့ပြန် အခြေအနေအတွက် သတိပြုရန်လို

ဇူလိုင် ၁၇ – ၂၀၂၆
SN (VOM)
လက်ရှိမှာ မြန်မာနိုင်ငံ ငလျင်ကော်မတီအနေနဲ့ ရန်ကုန်မြို့ရှိ အဆောက်အအုံတွေရဲ့ ငလျင်ဒဏ် ခံနိုင်ရည်ကို သိရှိလိုတဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်နည်းပညာတက္ကသိုလ်တို့နဲ့ ပူးပေါင်းကာ အကဲဖြတ် စစ်ဆေးခြင်းတွေကို ဆောင်ရွက်လျက်ရှိပြီး အခု ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ စီမံကိန်းပြီးစီးနိုင်ဖို့ ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။
စီမံကိန်းအရ ရန်ကုန်မြို့ရှိ လသာ၊ ကျောက်တံတားနဲ့ ပန်းဘဲတန်း စတဲ့ မြို့နယ် သုံးမြို့နယ်မှ ရပ်ကွက် သုံးရပ်ကွက်ကို ရွေးချယ်ကာ အဆောက်အအုံတွေရဲ့ ငလျင်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခံနိုင်ရည်ရှိမှု အခြေအနေတွေကို အခု ဇူလိုင်လ ပထမပတ်မှာ Pilot Project အဖြစ် ကွင်းဆင်းအကဲဖြတ် စစ်ဆေးခဲ့တယ်လို့ သူက ပြောပါတယ်။
ရည်ရွယ်ချက်အနေနဲ့ မန္တလေးမြို့မှာ လှုပ်သွားခဲ့တဲ့ ငလျင်ကြီးလိုမျိုး ရန်ကုန်မြို့မှာလည်း အလားတူ လှုပ်ခတ်မယ်ဆိုပါက မန္တလေးထက် ပျက်စီးဆုံးရှုံးမှု ပိုများနိုင်ခြေ ရှိနေတာကြောင့် ရန်ကုန်မြို့ရဲ့ ငလျင်ဒဏ်ခံရည် အခြေအနေကို သိရှိလိုတဲ့အတွက် အကဲဖြတ်မယ့် စီမံကိန်းကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခု ကျွန်တော်တို့လုပ်နေတဲ့ စီမံကိန်းအတွက် လျာထားတာကတော့ ဒီနှစ်ကုန်လောက်မှာ မြို့တွင်း ခြောက်မြို့နယ်ရယ်၊ မြို့နယ်ကြီး တမြို့၊ နှစ်မြို့လောက်ကို လုပ်သွားမယ်လို့တော့ မှန်းထားပါတယ်။ အဲဒီ အခြေအနေပေါ် ကြည့်ပြီးတော့မှ ရှေ့နှစ်လောက်မှာတော့ ကျွန်တော်တို့ တမြို့လုံး ခြုံမိနိုင်အောင် လုပ်သွားဖို့တော့ မှန်းထားပါတယ်” လို့ သူက ပြောပါတယ်။
အခုလို အချက်အလက်ကောက်ယူ စစ်ဆေးတာမှာ ၃ ရာခိုင်နှုန်းလောက်က ယိုယွင်းပျက်စီးနေတာ တွေ့ရပြီး ၃၈ ရာခိုင်နှုန်းလောက်က အခြေအနေကောင်းမွန်ကာ ၅၉ ရာခိုင်နှုန်းလောက်ကတော့ အသေးစိတ်ပြန်လည် အကဲဖြတ်စစ်ဆေးရမယ်လို့ သူက ပြောပါတယ်။
သဘာဝဘေးအန္တရာယ်အနေနဲ့ ပြောမယ်ဆိုပါက စစ်ကိုင်းပြတ်ရွေ့ကြောဟာ ကမ္ဘာပေါ်မှာ အထင်ကရ ပြတ်ရွေ့ကြီးဖြစ်ပြီး ဖျက်စီးနိုင်စွမ်းအားလည်း များတာကြောင့် မြန်မာပြည်အတွင်း မြို့တွေအနေနဲ့ ကြည့်ပါက ရန်ကုန်မြို့ဟာ မန္တလေး၊ နေပြည်တော်နဲ့ နှိုင်းယှဉ်ပါက ‌အဆောက်အအုံ ပိုများသလို လူနေထိုင်မှုလည်း ပိုပြီး သိပ်သည်းတဲ့အတွက် ထိခိုက်နိုင်ခြေ ပိုမြင့်နိုင်တယ်လို့ သူက ပြောပါတယ်။
“မန္တလေးလိုပဲ ရန်ကုန်မြို့ကလည်း စစ်ကိုင်းပြတ်ရွေ့နဲ့ သိပ်မဝေးဘူး၊ အဲဒီလို ကြီးမားတဲ့ ငလျင်မျိုး ရန်ကုန်နဲ့နီးတဲ့ ပဲခူးဘက်မှာသာ လှုပ်ခဲ့မယ်ဆိုရင် ဒါက ထိခိုက်နိုင်မှု များနိုင်တယ်။ ဒါကြောင့် ဒီစီမံကိန်းကို ဆောင်ရွက်ရတာပါ။ ကျွန်တော်တို့ အဆောက်အအုံတွေကို ဝင်ကြည့်ပြီး ဒေတာကောက်တာတော့ ပြီးသွားပြီ။ ဒါပေမယ့် တချို့ အချက်အလက်လေးတွေက ကျွန်တော် ပြန်မေးချင်တာတို့၊ စစ်ဆေးတာတို့က ဆက်ပြီး လုပ်မယ့်ဟာလေးတွေတော့ ကျန်သေးတယ်။ မြို့နယ်၊ ရပ်ကွက်တွေမှာရှိတဲ့ မိသားစုတွေ၊ အိမ်ထောင်စုတွေကိုလည်း စာရင်းကောက်ဖို့ ရှိပါတယ်။ အဲဒါတွေကတော့ ရှေ့တပတ်၊ နှစ်ပတ်မှာ ဆက်လုပ်သွားရမှာတွေပါ” လို့ ဦးစောထွေးဇော်က ပြောပါတယ်။
ဒီစီမံကိန်းဟာ အဆောက်အအုံတွေကိုပဲ အကဲဖြတ် စစ်ဆေးတာမျိုးမဟုတ်ဘဲ အဆောက်အအုံတွေ အပါအဝင် ရပ်ကွက်အနေအထား၊ လမ်းအနေအထားနဲ့ တခြား ထိခိုက်နိုင်ခြေ ရှိတာတွေကိုလည်း အကဲဖြတ် စစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် လက်ရှိမှာ ပဲခူးငလျင် လှုပ်ခတ်ခဲ့တဲ့သက်တမ်းဟာ နှစ်ပေါင်း ၉၆ နှစ်ကျော်ဝန်းကျင်ကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ငလျင်ကြီးတခု ထပ်မံလှုပ်ခတ်နိုင်ခြေ ရှိနေတာကြောင့် ရန်ကုန်မြို့နေပြည်သူတွေအနေနဲ့ သတိထားပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြေငလျင်ပညာရှင်တွေက ပြောပါတယ်။
ငလျင်ဟာ ကြိုတင် ခန့်မှန်းလို့မရနိုင်တဲ့ သဘာဝဘေးတမျိုး ဖြစ်ပေမယ့်လည်း လက််ရှိအချိန်မှာ ခေတ်မီဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ ငလျင်ကြောင့် အတိတ်ကာလက ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်လည်လေ့လာ တွက်ချက်တဲ့ နည်းပညာ (Paleoseismology) နဲ့ ငလျင်လှုပ်ရှားနိုင်တဲ့ အလားအလာတွေကို လေ့လာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ်မှာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံငလျင်ကော်မတီ၊ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တို့နဲ့ ပူးပေါင်းပြီး ၁၉၃၀ ပြည့်နှစ်က အင်အားပမာဏ ၇ ဒသမ ၃ အဆင့်နဲ့ လှုပ်ရှားခဲ့တဲ့ ပဲခူးငလျင်ဖြစ်စဉ်ကို သုတေသနပြု လေ့လာခဲ့ကြရာ နှစ်ပေါင်း ၁၆၀ အတွင်း တကျော့ပြန်လှုပ်ရှားနိုင်ခြေ ရှိနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“သူက နှစ် ၁၆၀ ပြည့်မှ လှုပ်မှာမဟုတ်ဘူး၊ နှစ် ၁၆၀ အတွင်း လှုပ်ခတ်နိုင်တယ်ဆိုတာမျိုး ရှိတယ်။ အခုဆိုလို့ရှိရင် နှစ်ပေါင်း ၉၆ ကျော်၊ သက်တမ်း ၁၀၀ နီးပါးလောက် ဖြစ်လာပြီဖြစ်တဲ့အတွက် သတိပြု နေထိုင်သင့်တယ်။ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်မှုမှာ သီအိုရီအရဆိုရင် နှစ် ၁၀၀ ဆို တကျော့ပြန် လှုပ်ရှားနိုင်တယ် ဆိုတာမျိုးရှိတယ်။ ဒါကြောင့် ရန်ကုန်နဲ့ ပတ်သက်လို့ ပဲခူးငလျင်ကို မမေ့လျော့သင့်ဘူး” လို့ မိုး/ဇလဌာန၊ မြေငလျင်ဌာနခွဲ (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။
ပဲခူးငလျင် လှုပ်ရှားခဲ့စဉ်က ပဲခူးသာမက ရန်ကုန်မြို့မှာပါ ထိခိုက်မှုတွေ ရှိခဲ့တာဖြစ်ပြီး အဲဒီငလျင် လှုပ်ရှားခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်အချိန်နဲ့ လက်ရှိအချိန်နဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုပါကလည်း ပဲခူးရော၊ ရန်ကုန်မှာပါ လူနေထိုင်မှု ပိုမို များပြားလာပြီး အဓိကအားဖြင့် ရန်ကုန်မြို့မှာ အထပ်မြင့် အဆောက်အအုံတွေ ပိုပြီ တိုးပွားလာနေတာ ဖြစ်တယ်လို့ ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။
ဒါအပြင် ရန်ကုန်မြို့ဟာ မြစ်ဝကျွန်းပေါ် ဒေသတခုဖြစ်ပြီး နုံးတင်မြေနုလည်း ရှိနေတာဖြစ်တဲ့အတွက် ငလျင်လှုပ်ခတ်ပါက အင်အားသေးငယ်တဲ့ ငလျင်ဖြစ်နေရင်တောင် သိသိသာသာ ခံစားနေရတာဖြစ်တဲ့အတွက် ရန်ကုန်အနေနဲ့ အတိတ်ကဖြစ်ခဲ့တဲ့ ငလျင်ဖြစ်စဉ်တွေနဲ့ ၁၉၃၀ ပြည့်နှစ် ပဲခူးငလျင်ကိုပါ သတိပြုရန်ရှိသလို၊ ၁၉၂၇ ခုနှစ်တုန်းကလည်း ဒီလို ငလျင် လှုပ်ခတ်ခဲ့တာမျိုး ရှိတဲ့အတွက်ကြောင့် ဒီလိုမျိုး အတိတ်က ငလျင်ဖြစ်စဉ်တွေကိုလည်း သတိပြုဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အဓိက သက်ရှင်ပြတ်ရွေ့ကြီးဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့ပေါ့၊ ဒီပြတ်ရွေ့ရဲ့ အနောက်ဘက်မှာလည်း နီးကပ်စွာတည်ရှိနေတဲ့ ပဲခူး၊ တွံတေး ပြတ်ရွေ့တို့၊ တိုက်ကြီးပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့၊ ဒီလိုမျိုး ပြတ်ရွေ့လေးတွေလည်း ရှိတာဖြစ်တဲ့အတွက် ရန်ကုန်နေ ပြည်သူတွေအနေနဲ့ကတော့ ကလျင်ဘေးနဲ့ပတ်သက်လို့ တွေးပြီး ကြောက်လန့်နေတာထက် တကယ်လို့ ရင်ဆိုင် ကြုံတွေ့ခဲ့ရမယ်ဆိုရင် ဘယ်လိုမျိုး ဖြေရှင်းရမလဲ၊ ဘယ်လို တုံ့ပြန် ပြုမူဆောင်ရွက်ရမလဲ ဆိုတာမျိုးတွေကို သိရှိ နားလည်ထားဖို့လိုတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ပြည်သူတွေအနေနဲ့ ကိုယ်နေထိုင်ရာ အဆောက်အအုံရဲ့ ကြံ့ခိုင်မှုတွေကို တတ်ကျွမ်းနားလည်တဲ့ အင်ဂျင်နီယာတွေနဲ့ စစ်ဆေးပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဆောင်ရွက်ထားရမှာ ဖြစ်သလို မိသားစုထဲမှာလည်း ငလျင်နဲ့ပတ်သက်တဲ့ အသိပညာတွေကို မျှဝေထားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ငလျင်နဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင်မှုသည်သာ အကောင်းဆုံးဖြစ်တာကြောင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေအနေနဲ့လည်း ငလျင်နဲ့ ပတ်သက်တဲ့ အသိပညာပေး ဟောပြောမှုတွေကို မကြာခဏ ပြုလုပ်ဖို့လိုသလို ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုတွေကိုလည်း ဆောင်ရွက်ထားသင့်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ ၁၉၈၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အတွင်း တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေဟာ ငလျင်ဒဏ်ခံနိုင်ရည်ရှိမှုကို ထည့်သွင်းတွက်ချက် တည်ဆောက်ထားခြင်း မရှိဘူးလို့ သိရပြီး ရန်ကုန်မှာ အင်အားပြင်းငလျင် လှုပ်ခတ်ပါက ဒဂုံမြို့သစ် လေးမြို့နယ်နဲ့ လှိုင်သာယာ၊ ရွှေပြည်သာ အစရှိတဲ့ မြေနုကျွန်းပေါ်ဒေသတွေ၊ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူထားတဲ့ နေရာတွေ အများဆုံး ထိခိုက်ပျက်စီးနိုင်ခြေရှိတယ်လို့ ဘူမိဗေဒနဲ့ ငလျင်ပညာရှင်တွေက သုံးသပ်ထားပါတယ်။
ဒါအပြင် ငလျင်ဒဏ်ခံနိုင်ရည်မရှိတဲ့ အဆောက်အအုံဟောင်းတွေ၊ စံချိန်စံညွှန်း မပြည့်မီတဲ့ အထပ်မြင့် အဆောက်အအုံတွေလည်း ပျက်စီးဆုံးရှုံးနိုင်ခြေ ရှိနေပြီး အထူးသဖြင့် တာမွေ၊ ဗဟန်း၊ ကျောက်တံတား၊ ပန်းဘဲတန်း စတဲ့ မြို့နယ်တွေရှိ စံချိန်စံညွှန်းမပြည့်မီတဲ့ အထပ်မြင့် တိုက်ခန်းတွေနဲ့ အဆောက်အအုံဟောင်းတွေဟာ ငလျင်ရဲ့ တုန်ခါမှုလှိုင်း (Siesmic Waves) ကို ပိုမိုခံစားရတာကြောင့် အန္တရာယ်ကြီးမားနိုင်တယ်လို့ သိရပါတယ်။
Photo – MEC

Related posts

Leave a Comment

VOM News

FREE
VIEW