အောက်တိုဘာ ၁၈-၂၀၂၆
KG(VOM)
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာရှိတဲ့ ဘုရားဆင်းတုတော်တွေ အကြိမ်ကြိမ် ဖျက်ဆီးခံရမှုကို ဥပဒေအရ ထိန်းကျောင်းရန် လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လဟယ်မြို့ရှိ သမိုင်းဝင် ဘုရားစေတီကုန်းပေါ်မှာရှိတဲ့စေတီတော်ဟာ ဖဆပလအစိုးရ ဝန်ကြီးချုပ် ဦးနုလက်ထက်ကတည်းက တည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင် စေတီတော်တဆူ ဖြစ်ပါတယ်။ အဲဒီ ဘုရားဝင်းအတွင်း ဖျက်ဆီးခံရတဲ့ ဆင်းတုတော်တွေကို ဒေသခံ ဗုဒ္ဓဘာသာဝင်တွေနဲ့ တာဝန်ရှိသူတွေက ပြန်လည်ပြုပြင် မွမ်းမံတည်ထားခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းကလည်း ယခုလို ရည်ရွယ်ချက်ရှိရှိ အကြိမ်ကြိမ် ထပ်မံဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတာမို့ သက်ဆိုင်ရာက ဂရုစိုက်ပေးဖို့ လိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” နာဂဒေသတွင်း မတူညီတဲ့ ဘာသာရေးနဲ့ လူမျိုးရေး အသိုင်းအဝိုင်းကြား မလိုလားအပ်တဲ့ ထိခိုက်မှုတွေမဖြစ်ပေါ်ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးဟာ အရေးကြီးတာမို့ ထိန်းသိမ်းဖို လိုတယ်” လို့ ဒေသခံကုန်သည်တယောက်က ပြောပါတယ်။
သမိုင်းဝင် သာသနိက အဆောက်အအုံတွေနဲ့ ဘာသာရေး အမွေအနှစ်တွေကို စနစ်တကျ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်သလို၊ ခုလို ဥပဒေမဲ့ ဖျက်ဆီးမှု ပြုလုပ်သူတွေကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ထိန်းကျောင်းပေးဖို့ ဒေသခံတွေက လိုလားနေပါတယ်။
