ဩဂုတ် ၈ – ၂၀၂၆
SS (VOM)
ရေကြီးမှုတွေ ဖြစ်ပြီးနောက် အစားအသောက်တွေမှာ မိလ္လာ၊ အညစ်အကြေး၊ ဆီနဲ့ တခြား ဓာတုပစ္စည်းတွေ ရောနှော ပါဝင်နိုင်တဲ့အတွက် စနစ်တကျ စစ်ဆေးပြီးမှ စားသုံးကြဖို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထားပါတယ်။
ရေဘေးသင့်ဒေသက ပြည်သူတွေအနေနဲ့ ရေကြီးမှုအတွင်း မသန့်ရှင်းတဲ့ရေနဲ့ ထိထားတဲ့ ချက်ပြုတ်ပြီးနဲ့ မချက်ရသေးတဲ့ အစားအသောက်တွေ၊ အရောင်၊ အနံ့ မကောင်းတဲ့ သောက်သုံးရေတွေနဲ့ အဖုံးမလုံတဲ့ သောက်ရေသန့်ဘူးတွေ၊ အနံ့၊ အရောင်၊ အနေအထားမကောင်းတဲ့ အစားအသောက်တွေ၊ စက္ကူပုံးတွေလို ရေစိုမခံတဲ့ ထုပ်ပိုးပစ္စည်းတွေနဲ့ ထုပ်ပိုးစာတွေ၊ မသန့်တဲ့ရေနဲ့ ထိတွေ့ထားတဲ့ ပေါက်ပြဲ၊ ဖောင်းပွ၊ သံချေးတက် ၊ ယိုစိမ့်ထွက်၊ ပျက်စီး၊ ဘေးမကင်းဘူးလို့ သံသယရှိတဲ့ အစားအသောက်တွေနဲ့ စည်သွပ်ဘူးတွေကို ရှောင်ကျဉ်ရမယ်လို့ ဆိုပါတယ်။
ဒါအပြင် လျှပ်စစ်မီး ပြတ်တောက်ချိန်အတွင်း ရေခဲသေတ္တာ၊ Freezer ထဲ သိမ်းဆည်းထားတဲ့ အစားအသောက်တွေဟာလည်း ရေခဲသေတ္တာ အအေးဓာတ် မထိန်းနိုင်တော့ပါက အခန်းအပူချိန်အတွင်း ၄ နာရီကြာသွားတဲ့အခါ စားသုံးဖို့မသင့်သလို ချက်ပြုတ်ပြီးနဲ့ ချက်ပြုတ်ဖို့ ပြင်ဆင်ထားတဲ့ အစားအသောက်တွေဟာလည်း အခန်းအပူချိန်အတွင်း ၄ နာရီကြာသွားတဲ့အခါ စားသုံးဖို့မသင့်ဘူးလို့ သိရပါတယ်။
“အဲဒီ စားသုံးဖို့မသင့်တဲ့ အစားအသောက်တွေကို ကောင်းမွန်တဲ့ အစားအစာတွေနဲ့ သီးခြားခွဲထားရမှာပါ။ မကောင်းတဲ့ အစားအသောက်တွေကို စွန့်ပစ်ရာမှာလည်း စနစ်တကျ စွန့်ပစ်ရမယ်။ အစာမစားမီအချိန်မှာလည်း လက်ကို ရေ၊ ဆပ်ပြာနဲ့ စနစ်တကျဆေးကြောရမယ်” လို့ FDA က အသိပေးထားပါတယ်။
ရေကို ကျိုချက်ပြီးမှ သောက်သုံးတာ အကောင်းဆုံးဖြစ်ပြီး သောက်ရေသန့်ဘူးကို သောက်သုံးမယ်ဆိုပါကလည်း အဖုံးပိတ်၊ လုံးဝမဖွင့်ရသေးတဲ့၊ ယိုစိမ့်မှုမရှိတဲ့ သောက်ရေသန့်ဘူးတွေကိုသာ အသုံးပြုရမှာဖြစ်ကာ ရေသန့်ဆေးပြား (Water Tablet) ခတ်ပြီးလည်း သုံးစွဲနိုင်တယ်လို့ ဆိုပါတယ်။
ရေဘေးသင့် ပြည်သူတွေအနေနဲ့ ရေဘေးကာလနဲ့ ရေကျပြီး ကာလတွေမှ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားနဲ့ အရေပြားရောဂါတွေ မဖြစ်စေဖို့ အဓိက ဂရုစိုက်ရမှာဖြစ်ပြီး ဆေးဝါး လက်လှမ်းမမီတဲ့ ဒေသတွေမှာ သောက်ရေကို ကျိုချက်သောက်ခြင်း၊ တကိုယ်ရေသန့်ရှင်းမှု ဂရုစိုက်ခြင်းနဲ့ အိမ်တွင်းဆေးဖက်ဝင် နည်းလမ်းတွေကို အသုံးပြုကာ ကျန်းမာရေးကို ကာကွယ်သင့်တယ်လို့ ကျန်းမာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။
“ရေကြီးနေတဲ့အချိန် အညစ်အကြေးတွေကို စနစ်တကျ စွန့်ပစ်ဖို့လည်းလိုတယ်။ ရေတွင်း၊ ရေကန်ထဲကို အလေးသွားတာမျိုး ရှောင်ရမယ်။ တကယ်လို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာခဲ့ရင် ဆေးဝါး လက်လှမ်းမမီခဲ့ဘူးဆို သောက်ရေသန့်မှာ ဆားနဲ့ သကြားခတ်ပြီး၊ အိမ်လုပ် ဓာတ်ဆားရည်လုပ်ပြီး ဝမ်းပျက်နေတဲ့သူကို များများတိုက်ရမယ်။ ရေကြီးနေတဲ့ရေ၊ မသန့်တဲ့ရေတွေနဲ့ ထိတွေ့မိလို့ အရေပြားရောဂါတွေ ဖြစ်ခဲ့ရင်လည်း ကိုယ်လက်သန့်စင်ပြီး ခြောက်သွေ့အောင်ထားရမယ်။ သန့်စင်တဲ့ရေနဲ့ ဆေးကြောရမယ်။ ပြီးတော့ ရေကျတဲ့အချိန်ဆို ခြင်တွေလည်း ပေါက်ဖွားလာနိုင်တယ်။ ဒါကြောင့် အိပ်တဲ့အခါ ခြင်ထောင်ကို မဖြစ်မနေ အသုံးပြုရမယ်” လို့ သူက ပြောပါတယ်။
ဖျားနာပါကလည်း သောက်သုံးရန်ဆေးဝါး မရှိပါက ကိုယ်ပူချိန်ကြီးရင် ရေနွေးစိမ်ထားတဲ့ အဝတ်စနဲ့ တကိုယ်လုံး ပတ်တိုက်ပေးရမှာဖြစ်ပြီး ဓာတ်ဆားရည် (အိုအာအက်စ် – ORS) မရှိပါက ဆားနဲ့ သကြား ရောစပ်ထားတဲ့ရေကို မကြာခဏ တိုက်ပေးခြင်းတို့နဲ့ ပြုစုနိုင်တယ်လို့ သူက ပြောပါတယ်။
“ဖျားနာလာတဲ့အခါ အလွယ်တကူရနိုင်တဲ့ တိုင်းရင်းဆေးဝါးကို သောက်လို့ရတယ်။ ဘာမှမရှိရင်တော့ ရေနွေးကြမ်းကို အသုံးပြုရမယ်။ နောက်တခုက အရေပြားရောဂါ၊ အရေပြားမှိုတက်တာတွေ၊ အနာတွေ ဖြစ်မလာအောင်လည်း အစာမစားမီနဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောရမယ်။ ညစ်ပတ်တဲ့ ရေတွေနဲ့ အချိန်ကြာကြာ မထိတွေ့စေဖို့လည်း ဂရုစိုက်ရမယ်။ သန့်စင်တဲ့ရေနဲ့ သေချာ ပြန်ဆေးကြောပြီး ခြောက်သွေ့အောင် ထားရမယ်” လို့ သူက ပြောပါတယ်။
အဖျားသုံးရက်ထက် ပိုဆိုးလာခြင်း၊ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားသံသယရှိခြင်း အသက်ရှူကျပ်ခြင်း၊ ပြင်းထန်စွာ ဝမ်းသွားခြင်းတို့ ရှိလာပါက နီးစပ်ရာ ဆေးတပ်ဖွဲ့ (ဒါမှမဟုတ်) ပရဟိတအသင်းတွေကို အကြောင်းကြားရမယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့က ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး တချို့နေရာတွေမှာတော့ ရေအနည်းငယ် ပြန်လည် ကျဆင်းမှုရှိပေမယ့် ရေဘေးအခြေအနေ ဆိုးရွားတဲ့ ဒေသတွေလည်း တိုးလာနေပါတယ်။
ဒါအပြင် ရန်ကုန်မြို့မှာလည်း လာမယ့် ဩဂုတ် ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ရန်ကုန်မြစ်ရဲ့ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၂၇ ပေမှ ၂၁ ဒသမ ၁၆ ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေ မြင့်တက်နိုင်လို့ မြစ်ကမ်းနား နေထိုင်သူတွေအနေနဲ့ ဘေးကင်းရာကို ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ကြဖို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က မနေ့ ဩဂုတ် ၇ ရက်က သတိပေးထားပါတယ်။
“သတိပေးချက်တွေ ရှိနေပေမယ့် တချို့သော ပြည်သူတွေကတော့ လိုက်နာမှု အင်မတန် အားနည်းနေတာမျိုး တွေ့ရတယ်။ မဖြစ်နိုင်ပါဘူး၊ အရင်ကလည်း တခါမှမဖြစ်ဖူးဘူး ဆိုပြီး ပေါ့ပေါ့ဆဆ နေကြသူကများတယ်။ တချို့ကတော့ အိမ်ကိုစိတ်မချတာပေါ့။ ဒါပေမယ့် သဘာဝဘေးဆိုတာက မဖြစ်ခဲ့ရင် ကောင်းပါတယ်။ အကယ်၍ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဘာမှ ယူလိုက်ချိန် မရလိုက်ဘဲနဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ စာရွက်စာတမ်းတွေ ဆုံးရှုံးတတ်တယ်။ ဘာပဲဖြစ်ဖြစ် ကြိုတင် ပြင်ဆင်ထားတာသည်သာ အကောင်းဆုံးပါ။ ဒါမှသာ ပျက်စီး ဆုံးရှုံးနိုင်ခြေ၊ ထိခိုက်နိုင်ခြေကို လျှော့ချနိုင်မှာပါ” လို့ လူမှုကူညီရေး လုပ်ဆောင်နေသူက ပြောပါတယ်။
မြစ်ကမ်း၊ ချောင်းနား နေတဲ့သူတွေ၊ ရေဝင်ရောက်နိုင်တဲ့ မြေနိမ့်ပိုင်း နေအိမ်တွေအနေနဲ့ သဲအိတ်လိုမျိုး ရေကာတာ လုပ်နိုင်မယ့်အရာတွေ အသင့်ပြင်ထားသင့်ပြီး အရေးကြီးပစ္စည်းတွေနဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ပလက်စတစ်အိတ်နဲ့ လုံခြုံစွာထုပ်ပိုးထားဖို့လိုသလို တကိုယ်ရည်သုံး ပစ္စည်းတွေကိုလည်း ကျောပိုးအိတ်နဲ့ တနိုင်တပိုင် ထုပ်ပိုး အသင့်ပြင်ထားစေလိုတယ်လို့ သူက ပြောပါတယ်။
“အခု ရန်ကုန်မှာ ဒီနေ့ဆို မိုးကလည်း ကောင်းနေတယ်။ မနက်ကတည်းက ရွာနေတာ။ ဘယ်အထိ ဆက်ကောင်းနေမယ် တပ်အပ်တော့ မပြောနိုင်ဘူးပေါ့။ ဒါပေမယ့် နောက်ပိုင်း ဒီရေတက်လာချိန် မိုးကောင်းနေဦးမယ်ဆို အပေါ်ကကျလာတဲ့ရေနဲ့ အောက်ရေနဲ့ ဆုံရင် ရေလျှံတာတွေ ဖြစ်လာနိုင်တယ်။ ရန်ကုန်က ရေစီးရေလာလည်း မကောင်းတာကြာပြီ။ ဒါကြောင့် ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာကို ခဏထားပြီး ကြိုတင်ပြင်ထားတာသည် မမှားဘူးလို့ ပြောချင်တယ်။ သတိဆိုတာ ပိုတယ်မရှိပါဘူး” လို့ သူက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တုန်းက ရန်ကုန်မြစ် အခြေခံရေစစ်မျဉ်းထက် ၂၂ ပေလောက်အထိ မြင့်တက်ခဲ့ဖူးတာကြောင့် အခုတက်နိုင်တဲ့ ဒီရေဟာ စိုးရိမ်ရာမရှိပေမယ့် ရေအမြင့် ပေ ၂၀ ကျော်လွန်ပါက မြစ်ကမ်းနားအနီး နေထိုင်သူတွေ ဘေးကင်းရာကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုတင် ပြင်ဆင်ထားသင့်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးထားပါတယ်။
Photo – CJ
