မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ရှစ်ယောက် သေဆုံး

ဩဂုတ် ၃၁ – ၂၀၂၆
SS (VOM)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မနေ့ ဩဂုတ် ၃၀ ရက်၊ ညနေ ၅ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်ခံရပြီး ရှစ်ယောက် သေဆုံးကာ ၁၂ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ‌ကူညီပေးနေသူတွေက ပြောပါတယ်။
မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂)၊ ဝှမ်းခမ်ကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ခဲ့ပြီး လူသေဆုံး၊ ဒဏ်ရာရမှုတွေအပြင် နေအိမ် အလုံး ၂၀ ဝန်းကျင်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ပျမ်းမျှ နေအိမ် အလုံး ၂၀ လောက် ထိခိုက်တယ်။ တချို့အိမ်တွေကတော့ လုံးဝကို ပျက်စီးသွားတာ။ ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်အဆင့်တွေလည်း ပါတယ်။ သေဆုံးက လောလောဆယ် ရှစ်ယောက်ပေမယ့် နောက်တိုး ရှိလာနိုင်တယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
ချင်းပြည်နယ်အတွင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အစိုးရတပ်က မေလလယ်လောက်ကစပြီး အင်အား‌ အများအပြား အသုံးပြုကာ မြေပြင်ကနေ ထိုးစစ်ဆင်နေသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း မကြာခဏ ပြုလုပ်နေပြီး တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းတပ်တွေက တန်ပြန် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်နေ့ကလည်း AA ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးပြီး ခြောက်ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပလက်ဝမြို့နယ်မှာပဲ ဩဂုတ် ၂၅ ရက်နေ့ကလည်း ရွှေလိုက်ဝကျေးရွာရှိ စစ်သင်တန်းကျောင်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး ချင်းရဲဘော် ငါးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဩဂုတ် ၂၄ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ငါးယောက် သေဆုံးပြီး ၁၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW