ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ၊ စာရေးဆရာ၊ ဥပဒေပညာရှင် ဦးအောင်စိုးဦးရဲ့ ဈာပန စက်တင်ဘာ ၁၀ ရက်နေ့ ပြုလုပ်မယ်

စက်တင်ဘာ ၉ – ၂၀၂၆
SN (VOM)
ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ၊ စာရေးဆရာ၊ နိုတြီပဗ္ဗလစ် တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်စိုး (အောင်စိုးဦး၊ ကိုအလင်္ကာ) ရဲ့ ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၀ ရက်နေ့၊ မနက် ၁၀ နာရီမှာ ရေဝေးသုသာန်မှာ ပြုလုပ်မယ်လို့ မိသားစုဝင်တွေက အသိပေးထားပါတယ်။
သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ညွန်းအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ၊ နော်ရင်မွှေးဇာတ်ကား ဖန်တီးသူ ဆရာဦးအောင်စိုးဦးဟာ မနေ့ စက်တင်ဘာ ၈ ရက်၊ ည ၇ နာရီ ၂၃ မိနစ်က နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီလို့ သိရပါတယ်။
ဆရာကြီး ကွယ်လွန်တာနဲ့ပတ်သက်လို့ သရုပ်ဆောင် ဝေဋ္ဌုကျော်က “ဆရာ ဘဝတပါးကို ကူးပြောင်းသွားကြောင်း သိရတဲ့အတွက် ကျန်ရစ်သူ မိသားစုနဲ့ အတူ ဝမ်းနည်း ကြေကွဲရပါတယ်။ ကောင်းရာဘုံဘဝကို ကူးပြောင်းရောက်ရှိ စံစားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဆရာ” လို့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဆရာကြီးဟာ မြန်မာစာချစ်အသင်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို မြန်မာနိုင်ငံရဲ့ တရားရေးနဲ့ ဥပဒေအရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း ထင်ရှားကာ မြန်မာမီဒီယာရှေ့နေများကွန်ရက်ရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒါအပြင် ထင်ရှားတဲ့ စာရေးဆရာတဦးဖြစ်တဲ့ ဆရာပါရဂူ ရေးသားခဲ့တဲ့ စာပေတွေကို တရားမဝင်စီးပွားဖြစ် ခိုးယူ ထုတ်ဝေခြင်းမှ ကာကွယ်ဖို့အတွက် မူပိုင်ခွင့်နဲ့ပတ်သက်ပြီး ဖွဲ့စည်းခဲ့တဲ့ အဖွဲ့မှာလည်း တရားလွှတ်တော်ရှေ့နေအဖြစ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဆရာကြီး မကွယ်လွန်မီ ရက်ပိုင်းအလို စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်း၊ ဝန်ကြီးများရုံးရှိ The Lantern House မှာ ပြုလုပ်ခဲ့တဲ့ မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ အသက် (၉၀) ပြည့် မွေးနေ့ အမှတ်တရအဖြစ် ထုတ်ဝေတဲ့ “ဂုဏ်ထူးစာစောင်” စာအုပ်ကို ဦးဆောင်စီစဉ်ခဲ့ပြီး အဲဒီ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကိုလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကွယ်လွန်သူကို ရည်စူးတဲ့ ရက်လည်ဆွမ်းကျွေး တရားနာခြင်းကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၇) ရပ်ကွက်၊ သလ္လာဝတီလမ်း၊ (၇) မိုင်ကွန်ဒို၊ (၉) လွှာ၊ အခန်း (၉၀၉) မှာ စက်တင်ဘာ ၁၄ ရက်နေ့၊ မနက် ၇ နာရီကနေ ၉ နာရီအထိ ပြုလုပ်မယ်လို့ သိရပါတယ်။
Photo – CJ

Related posts

VOM News

FREE
VIEW