စက်တင်ဘာ ၁၃ – ၂၀၂၆
SN (VOM)
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၃ ရက်၊ မနက် ၂ နာရီဝန်းကျင်က ကားမိုင်းပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့ ရေပူမီးပွိုင့်လမ်းဆုံ ယာဉ်ထိန်းရုံးအနီးမှာ တကြိမ်၊ အမှတ် (၅) ရပ်ကွက်၊ ဦးအောင်ဇေယျလမ်းမရှိ စောသီရိ စာရေးကိရိယာလမ်းဆုံနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှေ့မှာ တကြိမ် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။
“မော်တော်ပီကယ်ရုံးနားက ကားတစီးရယ်၊ ပြန်/ဆက်ရုံးရှေ့က ကားတစီးရယ် ပေါက်ကွဲမှု ဖြစ်ခဲ့တာ။ ပေါက်ကွဲသံက သုံးကြိမ် ထွက်လာတယ်။ အသံတော်တော်ကျယ်တယ်။ လူထိတာတော့ မရှိဘူး။ မော်တော်ပီကယ်ရုံးနဲ့ ပြန်/ဆက်ရုံးတွေကတော့ အပျက်အစီးရှိတယ်။ အမှတ် (၂) တံတားဘက်က မွေးမြူရေးဇုန်ဘက်လို့ သိရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အစိုးရတပ် စစ်ရေး သတင်းရင်းမြစ်တွေကတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ PDF အဖွဲ့တွေက ကားမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ အသိပေးထားပြီး တဖက်အဖွဲ့ကတော့ ဒါကို ငြင်းဆိုထားပါတယ်။
ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကို လက်ရှိအချိန်အထိ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အခင်းဖြစ်နေရာတွေကို သွားရောက် စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း မြဝတီမြို့၊ ရေပူရပ်ကွက်ရှိ BGF/KNA ရဲ့ ရော်ဘာခြံစစ်ဆေးရေးဂိတ် နေရာဟောင်းအနီး ပြင်းထန်တဲ့ ကားမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး KNA တပ်ဖွဲ့ဝင် ခုနစ်ယောက် သေဆုံးကာ ကိုးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ မြဝတီမြို့ (တောင်ဘက်ခြမ်း) ရှိ မင်းလက်ပံနဲ့ ဖလူးဒေသကို ထိန်းချုပ်နိုင်ဖို့ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာကြောင့် လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
Photo – Myat Ko/CJ
