မုဒုံမှာ ဘောလုံးကန်နေစဥ် မိုးကြိုးပစ်ခံရလို့ ကစားသမားတယောက်သေဆုံး

စက်တင်ဘာ ၂၃ ၊ ၂၀၂၆
GG (VOM)
မွန်ပြည်နယ် ၊ မုဒုံမြို့ ၊ မြို့မ ၁ ရပ်ကွက်ရှိ မီတာ ၄၀၀ အားကစားကွင်းထဲမှာ ဘောလုံးကန်နေတဲ့ ကစားသမားတယောက် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ ၊ ညနေ ၅ နာရီ မိနစ် ၄၀ လောက်မှာ မော်လမြိုင်မြို့က Lion City ဘောလုံးအသင်းနဲ့ မုဒုံမြို့ တောင်ပေါ်သားကလပ်ဘောလုံးအသင်းတို့ ဆီမီးဖိုင်နယ်ပွဲ ကစားနေစဥ် Lion City ဘော်လုံးအသင်းရဲ့ ကစားသမား နံပါတ် ၉ သန်းတိုးအောင်မှာ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
” အသက် ၂၉ ပဲရှိသေးတယ်။ မိုးတွေကလည်းရွာနေတာ ။အဲဒီမှာ ရုတ်တရက် လျှပ်စီးတွေလက်ပြီး မိုးကြိုးပစ်လိုက်တာမှာ သူက လဲကျသွားတာ။ အဲဒီတော့မှ ကြက်ခြေနီတွေက သွားကြတာ ။ကြက်ခြေနီအဖွဲ့ကလည်း ကုတယ် သတိမရဘူး။ နောက်တော့ ဆေးရုံကို ပို့လိုက်တယ်။ဆေးရုံရောက်တော့လည်း တာဝန်ကျဆရာတွေက ကုသပေမယ့် ဆုံးသွားတယ် ။ လဲကျသွားကတည်းက အသက်ပါသွားတယ်လို့ထင်တယ်။ စိတ်မကောင်းဘူး ။ ” လို့ ဖြစ်စဥ် သိသူဒေသခံက ပြောပါတယ်။
သေဆုံးသူအမျိုးသားဟာ.မော်လမြိုင်မြို့ ၊ စံပြအေးရပ်ကွက်မှာ နေထိုင်သူဖြစ်ကြောင်းသိရပြီး အလောင်းကို မော်လမြိုင်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၃၀ ရက်နေ့ ၊ ညနေ ၆ နာရီ လောက်ကလည်း ရန်ကုန်တိုင်း ၊ သုံးခွမြို့နယ် ၊ စီကြီးကုန်းရွာ နဲ့ ရေပေါ်ကန်ကျေးရွာ အကြားမှာ မိုးကြိုးပစ်ခံရပြီး G6 ကျောင်းသူ အပါအဝင် အမျိုးသမီးနှစ်ယောက် သေဆုံးကာ အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဇွန် ၁ ရက်နေ့ ၊နေ့လယ်ပိုင်းကလည်း ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်(၅)ရပ်ကွက်၊ ဓမ္မသုခလမ်းရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှာ မိုးကြိုးပစ်ခံရပြီး ကျောင်းဆရာမ နဲ့ ကျောင်းသားလေး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါတယ် ။
မြန်မာနိုင်ငံမှာ မိုးကြိုးအများဆုံးပစ်တဲ့ အချိန်ဟာ မိုးကြိုကာလဖြစ်တဲ့ ဧပြီလနဲ့ မေလ၊ မိုးနှောင်းကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတို့ဖြစ်ပြီး တနေ့တာအတွင်း မွန်းတည့်ချိန်မှစလို့ ညနေ ၆ နာရီခန့်အထိ မိုးကြိုးအပစ်များလေ့ရှိ တယ်လို့ သိရပါတယ်။
မိုးကြိုးပစ်ခံရတဲ့ အခြေအနေတွေက အဆောက်အအုံရဲ့ ပြင်ပမှာ မိုးကြိုးပစ်ခံရမှု ၉၉ ရာခိုင်နှုန်းဖြစ်ပြီး အဆောက်အအုံအတွင်းမှာ မိုးကြိုးပစ်ခံရနိုင်ခြေက တရာခိုင်နှုန်းသာရှိတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။
ကွင်းပြင်အနေအထားမှာ မိုးကြိုးပစ်ခံရနိုင်ခြေအများဆုံးဖြစ်ပြီး ၄၅ ရာခိုင်နှုန်း ရှိပြီး သစ်ပင်အောက်မှာရှိနေပါက ဒုတိယအများဆုံးနဲ့ ၂၃ ရာခိုင်နှုန်း၊ ရေကန်နဲ့ မြစ်ချောင်း ၊အင်းအိုင်စတဲ့ ရေနဲ့ထိစပ်မှုရှိတဲ့နေရာမှာ ရှိနေချိန်က တတိယအများဆုံး မိုးကြိုးပစ်ခံရနိုင်ခြေရှိပြီး ၃ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

VOM News

FREE
VIEW