ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲတွေမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်နိုင်ဖို့ ဆောင်ရွက်မယ်

အောက်တိုဘာ ၁ – ၂၀၂၆
SS (VOM)
မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ၊ သာမန်အခင်းအကျင်းနဲ့ ကိုက်ညီမယ့် သက်ဆိုင်သူတွေအားလုံး တဆင့်ပြီးတဆင့် ပါဝင်လာနိုင်တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေ ရှေ့ဆက် ဖြစ်ပေါ်လာနိုင်ဖို့ NSPNC နဲ့ သဘောထား စုစည်းချက်တွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ (7 EAO Alliance) တို့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေအတွက် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနရုံးခွဲမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ အရင်ဆွေးနွေးပွဲတွေရဲ့ ရလဒ်ကို ပြန်လည် သုံးသပ်ကြတာဖြစ်ပြီး အဓိက ခေါင်းစဉ်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုကို ဖော်ထုတ်ဖို့ဖြစ်ကာ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက ပြီးခဲ့တဲ့ ပထမအကြိမ် တွေ့ဆုံပွဲကတည်းက အပြန်အလှန် ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အရင်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းဖြစ်ပေမယ့် ဒီအချိန်မှာ NCA ကို အကောင်အထည်ဖော်ဖို့ ဆိုတာကတော့ လုပ်ငန်းတွေ ရပ်တန့်နေတဲ့ အနေအထားဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
“ဒီအချိန်မှာ ကျွန်တော်နိုင်ငံရဲ့ ပကတိအခြေအနေကလည်း အရင်ကနဲ့ ဘာမှမဆိုင်ဘူး။ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်တဲ့စစ်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်တယ်။ ဆက်လက်ပြီးလည်း ဖြစ်ပေါ်ဖို့ အရိပ်အယောင်ရှိတဲ့ အပေါ်မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကလည်း မလုပ်နိုင်တာကြာပြီ။ စစ်ပွဲတွေ အကုန်လုံးပြီးမှဆိုလည်း မသေချာမရေရာတဲ့ လုပ်ငန်းတခု ဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုး တိုက်ပွဲတွေရှိတဲ့ကြားကပဲ ကျွန်တော်တို့က လက်ရှိနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုကို ဖော်ထုတ်နိုင်ဖို့ တွေ့ဆုံ ဆွေးနွေးတာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
အခုတွေ့ဆုံပွဲမှာ ပထမအကြိမ်၊ ဒုတိယအကြိမ် ဆွေးနွေးပွဲတွေမှာ ပြောကြားခဲ့တဲ့အတိုင်း NCA ရဲ့ အနှစ်သာရကို အခြေခံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်ပေါ်နိုင်ဖို့ 7 EAO Alliance (NCA-S EAO) ဘက်က ထပ်မံ အဆိုပြုခဲ့တယ်လို့ သူက ပြောပါတယ်။
NCA ရဲ့ အနှစ်သာရ ဆိုတာကို အချက် သုံးချက် သတ်မှတ်ထားပြီး အဲဒီအချက်တွေကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာရေး၊ သက်ဆိုင်သူတွေအားလုံး ပါဝင်လာနိုင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်‌လာရေး၊ အရပ်သားတွေကို အကာအကွယ်ပေးနိုင်ရေးတို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
NSPNC ဘက်ကလည်း NCA စာချုပ်ကို အခြေခံကာ အကောင်အထည်ဖော်မယ့် “NCA Plus” ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အဆိုပြု တင်ပြခဲ့တယ်လို့သိရပြီး NCA Plus ဆိုတာဟာ NCA မူဘောင်ကို အခြေခံထားပေမယ့် လက်ရှိ ပေါ်ပေါက်နေတဲ့ နိုင်ငံရေးနဲ့ နယ်မြေဒေသ အခြေအနေအသစ်တွေနဲ့အညီ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်မယ့် လမ်းကြောင်းဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိ ကျွန်တော်တို့ပြောနေတဲ့ ငြိမ်းချမ်းရေး ဆိုတာကလည်း ဒေသတခုရဲ့ ငြိမ်းချမ်းရေး၊ လူမျိုး တမျိုးရဲ့ ငြိမ်းချမ်းရေးကို ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ ရယူခံစားနိုင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ပြောတာဖြစ်တဲ့အတွက် ဒီ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ မရှိမဖြစ် ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ပါဝင်လာဖို့ ကြိုးပမ်း ဆောင်ရွက်နေတာရှိတယ်။ အဲဒီလို ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေက ဘယ်သူတွေလဲ၊ ဘယ်လောက်ရှိမလဲ ဆိုတာတွေကတော့ ကျွန်တော်တို့ နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှု၊ သဘောတူညီမှု အပေါ်မှာပဲ ဆက်လက် ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်လုပ်မယ့် ဆွေးနွေးပွဲတွေအပေါ်မှာ အများကြီး မူတည်ပါတယ်” လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
ဒါကြောင့် သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံနွေးပွဲ ဖြစ်မြောက်ရေးအတွက်၊ နိုင်ငံရဲ့ အခက်အခဲ အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုပဲဖြစ်ဖြစ်၊ ဒီမိုကရေစီလို့ ပြောလိုက်မယ်ဆိုရင်ပဲ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ ပါဝင်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ဖက်ဒရယ်လို့ ပြောမယ်ဆိုပါကလည်း တိုင်းရင်းသားအားလုံးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင် ဆွေးနွေးမယ့် အခင်းအကျင်းတခုကို မလွဲမသွေ ဖော်ဆောင်ဖို့လိုအပ်တယ် သူက ပြောပါတယ်။
“NCA နဲ့ ပတ်သက်လို့ ကောင်းခြင်း၊ မကောင်းခြင်း၊ ရှိခြင်း၊ မရှိခြင်း ဆိုတာ ကျွန်တော်တို့ ငြင်းခုန်နေတာထက် ပကတိအခြေအနေကတော့ NCA က အခု ရပ်တန့်နေတယ်။ အဲဒီမှာရှိတဲ့ ယန္တရားတွေ၊ သဘောတူညီချက်တွေ ကျွန်တော်တို့ မလုပ်ဆောင်နိုင်တာ ငါးနှစ်ကျော်ကြာခဲ့ပြီ” လို့ သူက ပြောပါတယ်။
လက်ရှိ နိုင်ငံရဲ့ ပကတိ အခြေအနေဟာလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေ နောက်ထပ် အသစ်တွေအများကြီး ပေါ်ပေါက်လာတာတွေလည်း ရှိပြီး ဒါတွေကလည်း နိုင်ငံရေးပြဿနာကို ဖြေရှင်းဆောင်ရွက်တဲ့ နေရာမှာ ပစ်ပယ်လို့မရဘူး ဆိုတာကို နားလည်ထားတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် သက်ဆိုင်သူတွေအားလုံး ပါဝင်လာနိုင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတရပ် ဖြစ်မြောက်လာဖို့အတွက် လတ်တလော အခြေအနေအရ NCA ယန္တရားအတိုင်း သွားနိုင်ဖို့ဆိုတာ အင်မတန်မှခက်ခဲပြီး ဒါကို အားလုံးကလည်း သဘောတူ၊ နားလည်ထားတယ်လို့ သူက ပြောပါတယ်။
“ဒါကြောင့် ကျွန်တော်တို့ဘက်ကတော့ NCA အတိုင်း မဟုတ်ဘူး၊ ဒီ NCA ရဲ့ အနှစ်သာရကို အခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်တယ်။ ထို့နည်းတူ NSPNC ဘက်ကလည်း အဲဒီသဘောမျိုးဆောင်တဲ့ NCA Plus လုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေ ရှိပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပေမယ့် တကယ့်မြေပြင်မှာတော့ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်တဲ့ စစ်ရေးဘောင်က အရမ်းကို ကြီးမား ကျယ်ပြန့်နေတယ်လို့ သူက ပြောပါတယ်။
ဒီလိုအချိန် ကာလမှာ တိုင်းသားတွေနဲ့ ပြည်သူလူထုတွေကြား အမြင်မတူတာတွေ၊ သဘောထား တိုက်ဆိုင်မှုမရှိတာတွေနဲ့ နားလည်မှု မတူညီတာတွေကတော့ ရှိမြဲ၊ ရှိနေခဲ့တာဖြစ်ပြီး ဒါက ဘယ်လိုမျှ လွန်ဆန်လို့မရတဲ့ အရှိတရားဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း ငြိမ်းချမ်းရေး ဆိုတာကို မလိုချင်တဲ့သူတွေကတော့ ရှိမှာမဟုတ်တဲ့အတွက် အခုလို အခက်အခဲ အမျိုးမျိုးကြားကနေ အားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ ငြိမ်းချမ်းရေးရရှိဖို့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာဖို့အတွက် တတ်နိုင်တဲ့ဘက်က ကြိုးပမ်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
Photo – 7 EAO Alliance

Related posts

✕
VOM News

FREE
VIEW